အခန်း (၁၃၁ - က)

201 32 0
                                    

Unicode - မတော်တဆဖြစ်ရပ်

“ဟာသဆိုတာ ရယ်စရာတစ်ခု သက်သက်လို့ပဲ မတွေးလိုက်နဲ့။  ဟာသတိုင်းမှာ အမှန်တရားနည်းနည်းတော့ ပါတယ်။ စိတ်ကျဝေဒနာခံစားနေရတဲ့ လူနာတွေက သေချင်တဲ့အကြောင်း၊ လူတစ်ယောက်ကို သတ်ချင်တဲ့အကြောင်း၊ ကမ္ဘာကြီးကို အဆုံးသတ်သွားစေချင်တဲ့အကြောင်းတွေ ဟာသလုပ်ပြောလာပြီဆိုရင် အလေးအနက်ထားကိုထားရမဲ့ ကိစ္စတွေဖြစ်သွားပြီ။” 

အတန်း၏ပထမနေ့တွင် Cheng Xi သည် သူမအတန်းဖော်၏ဇနီးအကြောင်းကို လေ့လာရန်ဖြစ်ရပ်တစ်ခုအဖြစ် ပြောပြလိုက်သည်။ "မီးဖွားပြီးလို့ တစ်လကြာတဲ့အချိန်ဟာ လူနာအတွက်တော့ ပျော်စရာကောင်းတဲ့ကာလ ဖြစ်နေလိမ့်မယ်လို့ တွေးခဲ့တာက ခင်ပွန်းလုပ်သူရဲ့ ဖြစ်နိုင်ချေရှိတဲ့  အကြီးဆုံးအမှားတစ်ခုပဲ။ ဘာလို့လဲဆိုတော့ သူ့ဇနီးအတွက် စားဖို့သောက်ဖို့ကအစ ကိုယ်တိုင်လုပ်ပေးရတာဆိုတော့ သူ့စိတ်ထဲမှာ ဇနီးဖြစ်တဲ့သူက အိပ်ရာပေါ်မှာ အနားယူရင်း အသာလေးနေရုံပဲလို့ တွေးမိတာကိုး။

ဒါကြောင့် လူနာက စိတ်ဓာတ်ကျတယ်ဆိုတာက ခင်ပွန်းလုပ်တဲ့သူအတွက် အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခုလိုဖြစ်သွားတယ်။ ဒါပေမဲ့ လက်တွေ့ကျကျပြောရရင် မီးဖွားထားတဲ့မိခင်တွေဟာ နာကျင်မှုဒဏ်၊ စိတ်ပူပန်မှုတွေနဲ့အနီးကပ်မိသားစုဝင်တွေရဲ့ အာရုံအပြောင်းအလဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေခံစားကြရတယ်။ တစ်ခါတလေမှာ မွေးဖွားလာတဲ့ကလေးနဲ့ မိသားစုဝင်တွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် ဒီဖိအားတွေ လျော့နည်းသွားတတ်ပေမဲ့၊ ဒီလိုဖြစ်မလာခဲ့ရင် ပြင်းထန်မှုအဆင့်အပေါ်မူတည်ပြီး စိတ်ကျရောဂါတွေ ခံစားလာနိုင်တယ်။"

"ဒါကြောင့် လူကြီးလူကောင်းလေးတွေဖြစ်ကြတဲ့ တီချယ့်ကျောင်းသားတွေအနေနဲ့ ဖခင်ဖြစ်လာတဲ့အခါ ဇနီးသည်အပေါ်မှာ နားလည်ပေးပြီး ဂရုစိုက်ကြင်နာလိမ့်မယ်လို့ တီချယ်မျှော်လင့်တယ်။ သူတို့ခံစားရတဲ့ နာကျင်မှုဝေဒနာကို မင်းတို့သက်သာအောင် မလုပ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ သူ့တို့ကိုချစ်ကြောင်းပြသတာ၊ အားပေးတာတွေ မင်းတို့လုပ်နိုင်တယ်။ ဒီလိုဖိအားနဲ့ရင်ဆိုင်နေရတဲ့ကာလမှာ မေမေသစ်တွေအတွက် သူတို့ရဲ့အရင်းနှီးဆုံး အိမ်ထောင်ဖက်ဆီက နားလည်သည်းခံပေးမှု၊ မြတ်နိုးယုယမှုတွေဟာ ကယ်တင်ရာကောက်ရိုးတစ်မျှင် ဖြစ်လာနိုင်တယ်။ ပြီးတော့ ဆရာဝန်ဖြစ်ကြတဲ့ မင်းတို့အနေနဲ့ သေချာနားထောင်ပေးတတ်တဲ့ သူတွေဖြစ်ဖို့ လိုတယ်ဆိုတာကိုလည်း မေ့လို့မဖြစ်ဘူး။ မယုံသင်္ကာသလိုလုပ်ပြမိတဲ့ အရာအားလုံးဟာ ကိုယ့်ဇနီးသည်ကို ချောက်ထဲတွန်းပို့နေသလို ဖြစ်သွားမှာပဲ။" 

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Onde as histórias ganham vida. Descobre agora