အခန်း (၇၁)

573 85 0
                                    

Unicode - သူမသည် ပိုးမွှားတစ်ကောင်

Cheng Xi ကိုယ်တိုင်ပင်လျှင် သူမ၏အတွေးများကြောင့် အတန်ငယ်လန့်ဖျပ်သွားမိသည်။ တိတ်တခိုးချောင်းဟန့်သံပြုရင်း အသာအယာမေးလိုက်သည်က "ရှင် နေလို့ကောင်းရဲ့လား။ ဘာဆေးတွေ သောက်ထားပြီးပြီလဲ။" ထို့နောက် လက်ထဲမှပစ္စည်းများကို ချကာ ဆက်ပြောပြန်သည်။ "ကျွန်မရှင့်ကို စမ်းသပ်ကြည့်မယ်နော်၊ ဟုတ်ပြီလား။"

Lu Chenzhou က သူ့ရှေ့၌ရပ်နေသူသည် အစစ်အမှန်ဟုတ်၊ မဟုတ်ကို အတည်ပြုနိုင်ရန် ကြိုးစားနေပုံဖြင့် သူမကိုကြည့်နေဆဲ ဖြစ်သည်။ အချိန်အတန်ကြာပြီးသည့်နောက်မှသာ သူပြန်ဖြေလာသည်က "အိမ်ရှေ့တံခါးက သော့ပိတ်ထားတာ။"

Cheng Xi ချွေးပြန်ချင်လာသော်လည်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "တံခါးပိတ်ထားပေမဲ့ ကျွန်မဆီမှာ တံခါးဖွင့်တဲ့ ကုတ်နံပါတ်ရှိတယ်။"

Lu Chenzhou လှည့်ကြည့်ရင်း သူ့နဖူးကြောများ အနည်းငယ်ရှုံ့တွသွားရပြီး သူမ နှင့် မျက်နှာချင်းဆိုင်ရန် ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ ထိုအခါ သူ့တစ်ကိုယ်လုံးမှာ အလွန်ပင် အားနည်းနေကြောင်းကို Cheng Xi သတိပြုမိသွားသည်၊ သာမန်ရိုးရှင်းသည့် လှုပ်ရှားမှုလေးတစ်ခုကပင် သူ၏အသက်ရှုသံများကို ပြင်းထန်လာစေတော့သည်။

Cheng Xi သူ့ကို အကူအညီပေးရန်အတွက် လက်ဆန့်လိုက်သော်လည်း သူက နာကျင်မှုဒဏ်ကိုအံကြိတ်ကာ ငြင်းဆန်သည့်သဘောဖြင့် သူမလက်ကို ပုတ်ထုတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ထားရင်းနှင့် ဆိုဖာကိုကျောမှီ၍ အချိန်အတန်ကြာအောင် အမောဖြေပြီးအားယူပြီးမှသာ ပင်ပန်းနွမ်းလျနေသည့်လေသံဖြင့် မေးလာသည်။ "မင်းဘာလို့ ဒီရောက်နေတာလဲ။"

"ရှင်နေမကောင်းဘူးဆိုတဲ့ သတင်းကြားလို့ ရှင့်ကိုကြည့်ဖို့ ဒီရောက်လာတာ။"

"မင်း ငါ့ကိုတွေ့ပြီးပြီဆိုတော့ အခု ပြန်တော့။"

"Mr. Lu..."

Lu Chenzhou မျက်လုံးများပွင့်လာပြီး ဤအခြေအနေ၌ပင် လုံးဝရှင်းလင်းကြည်လင် နေသည်။ သူ့မျက်ဝန်းများထဲ၌ ရင်းနှီးနေသည့် မနှစ်မြို့မှုတို့ရှိနေပြီး သူမတို့ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူ၏အသွင်ကို ပြန်အမှတ်ရသွားစေသည်၊ အေးတိအေးစက်ဆန်ဆန်ဖြင့် အကဲခတ်သုံးသပ်နေသည့် သူ၏အကြည့်အောက်၌ မိမိကိုယ်ကိုမိမိ အသုံးမကျသူတစ်ယောက်ဟူ၍ ခံစားသွားရလိမ့်မည်သာ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now