အခန်း (၇၂)

592 100 8
                                    

Unicode - ငါ့မှာ ခံစားတတ်တဲ့နှလုံးသား မရှိဘူး

Cheng Xi ဒူးထောက်ထိုင်ချလိုက်သည်။ ပထမဆုံး စားပွဲအောက်၌ကျနေသည့် အသံဖမ်းစက်ကိုကောက်ကာ အသံလျှော့ပြီးနောက်တွင် ထမင်းချိုင့်ဖွင့်လိုက်သည်။

Lu Chenzhou ၏အဘိုးအဘွားတို့က သူ့အား အလွန်ပင်ချစ်ကြောင်းကို မြေးဖြစ်သူအတွက် ပြင်ဆင်ထည့်ယူလာသည့် အစားအသောက်မှတစ်ဆင့် သိသာထင်ရှားစွာ တွေ့နိုင်သည်။ ချိုင့်ထဲမှစားစရာများကို သေချာရွေးချယ်ကာ လိုလေသေးမရှိအောင် စေ့စပ်စုံလင်စွာ လုပ်ထားခြင်းဖြစ်သည်။

ထို့ပြင် Lu Chenzhou ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့ကိုပါ ထည့်တွက်၍ ချက်ပြုတ်ထားခြင်းဖြစ်ကာ ဟင်းပွဲအများစုက ကိုယ်ခန္ဓာအတွက် အင်အားဖြစ်စေပြီး အစာချေဖျက်ရလွယ်ကူသည့် အစားအသောက်များပင် ဖြစ်သည်။

ဟင်းပွဲတိုင်းကို ပမာဏအတော်အသင့် ထည့်ပေးထားသည့်အပြင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် အရသာရှိမည့်ပုံလည်း ပေါ်သည်။

Cheng Xi သူ့အကြည့်ကို မမြင်ဟန်ဆောင်ကာ မျောက်ဥနှင့်ဆန်ပြုတ်အချို ထည့်ထားသည့်ချိုင့်ကို ထုတ်လိုက်သည်။ ဖုံးထားသည့်အကာကို ဖွင့်ဖယ်လိုက်သည်နှင့်ချက်ချင်း သင်းပျံ့မွှေးကြိုင်သည့်ရနံ့တို့က အခန်းတစ်ခုလုံး ပြည့်လျှံသွားသည်။

ယနေ့ည၌ ပေါင်မုန့်နှစ်လုံးသာ Cheng Xi စားရသေးသဖြင့် စားချင်စဖွယ်ရနံ့တို့က သူမဆီသို့ ရောက်လာသည့်အခါ ဆာလာမှုတို့က ပို၍ပင်အားကောင်းလာသည်။ အစာစားချင်နေပြီဖြစ်သည့် လိုအင်ဆန္ဒတို့မှာ ပြင်းပြလွန်းသဖြင့် အူ၊ အသည်း၊ ကလီစာတို့ပင်လျှင် နာကျင်လာပြီဖြစ်သည်။

ဆန်ပြုတ်ပန်းကန်ကို စားပွဲရှေ့၌ချကာ အသာအယာမွှေလိုက်သည်၊ "အင်း… အနံ့လေးက တော်တော်မွှေးနေတာပဲ။ ရှင် စားဦးမလား။"

Lu Chenzhou က တုတ်တုတ်မျှမလှုပ်ဘဲ သူမကိုသာ အေးစက်စက်အမူအရာနှင့် ကြည့်နေသည်။

သူ့ဘက်က ဘာတုံ့ပြန်မှမပြုသည်ကို Cheng Xi လျစ်လျူရှုကာ ကြမ်းပြင်ပေါ်ကျနေသည့် ခေါင်းအုံးတစ်လုံးကိုယူ၍ ထိုအပေါ်၌ထိုင်ပြီး ဆန်ပြုတ်ကို မြိန်ရေယှက်ရေ စားလေတော့သည်။ ထမင်းချိုင့်ထဲမှ စားစရာများမှာ အခြားသူများနှင့် ဝေမျှစားသောက်နိုင်သည်အထိ အလျှံအပယ်ဖြစ်နေသည့်အပြင် Lu Chenzhou တစ်ယောက်တည်းကုန်အောင် စားနိုင်မည်မဟုတ်သဖြင့် သူမ ယူစားလိုက်ပါကလည်း ဘာပြဿနာမှမရှိပေ။ 

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now