အခန်း (၅၃)

763 129 0
                                    

Unicode - ကိုယ်မင်းကိုချစ်တယ်

Badly နှင့် Lu Chenzhou တို့မှာ Cheng Xi အကြောင်းကို ဆွေးနွေးနေကြချိန်၌ Cheng Xi ကလည်း သူတို့အကြောင်း တွေးနေခြင်းဖြစ်သည်။

သူမအိမ်မှ Lu Chenzhou ထထွက်သွားစဉ်က တွေ့လိုက်ရသည့် သူ၏မျက်နှာအမူအရာကြောင့် သူမရင်ထဲ၌ မတင်မကျဖြစ်သွားရသဖြင့် သူ့ကို ဖုန်းဆက်ခေါ်သော်လည်း ဖုန်းမကိုင်ပေ။ ထို့ကြောင့် သူမ မက်ဆေချ့်တစ်စောင် လှမ်းပို့လိုက်သော်လည်း သူက ဖွင့်မဖတ်ကြည့်။ ထက်မြတ်သည့် စိတ်ရောဂါကု ဆရာဝန်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် မည်သည့်အတွက်ကြောင့် Lu Chenzhou ရုတ်တရက်ထပြန်သွားရသည်ကို Cheng Xi မသိပေ။

ထိုအကြောင်းကို သူမ သေသေချာချာ တွေးကြည့်ပါသော်လည်း အကြောင်းရင်းကို နားမလည်နိုင်ဘဲဖြစ်နေမိသဖြင့် နောက်ဆုံး၌ Cheng Xi လက်လျှော့လိုက်ရပြီး စားပွဲသိမ်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။ အားလုံးပြီးသွားသည့်အချိန်၌မူ ဆေးရုံ၌ အစည်းအဝေးလုပ်မည့်အချိန်ပင် ရောက်လုနီးပြီဖြစ်သည်။ Lin Fan မှာ အိပ်နေသေးဆဲပင်ဖြစ်၍ သူ့အတွက် စာတိုလေးတစ်စောင်ရေးထားခဲ့ကာ အိမ်မှထွက်လာခဲ့လိုက်တော့သည်။

အစည်းအဝေးပြီးဆုံးသွားသည့်အခါ ဆယ်နာရီထိုးလုနီးပင် ရှိနေပြီဖြစ်ပြီး ဖုန်းထဲ၌ မဖတ်ရသေးသည့် မက်ဆေချ့်အချို့လည်း ရောက်နေသည်။ မက်ဆေချ့်အများစုမှာ မိဘများထံမှဖြစ်ပြီး စောစောကမြင်တွေ့ခဲ့ရသည်တို့ကို ဖြေသိမ့်လက်ခံနိုင်ခြင်း မရှိသေးပုံပေါ်သည်။ သူမမိခင် ပြောလာသည်မှာ ထိုကြောင်တောင်တောင်အကောင်နှင့် ဇာတ်လမ်းဖြတ်ပစ်ရမည်ဖြစ်သည့်အပြင် သူမတို့မိသားစုမှ ထိုသို့သောလူမျိုးကို သားမက်အဖြစ် လက်သင့်ခံမည်မဟုတ်ဟူ၍ ဖြစ်သည်။ ထိုအချိန်၌ Cheng Xi ဖခင်ကမူ သူမသည် အမြဲစကားနားထောင် လိမ္မာသူဖြစ်သည့်အတွက် ဤကိစ္စနှင့်ပတ်သက်၍ မိဘများစိတ်မပူရလေအောင် သေချာချိန်ထိုးစဉ်းစားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း အပျော့ဆွဲလေးဖြင့် ဖျောင်းဖျရန်ကြိုးစားလာသည်။

သူတို့နှစ်ယောက်လုံး၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ -  ဣန္ဒြေရှိပါ၊ မိမိကိုယ်ကိုယ် အနည်းငယ်ဖြစ်ဖြစ် တန်ဖိုးထားလေးစားပါ၊ ထို့ပြင် အရေးကြီးဆုံးက ချစ်သူရွေးချယ်ရာတွင် အထူးသတိထားပါဟူ၍ ဖြစ်သတည်း!

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now