အခန်း (၈၅)

543 88 0
                                    

Unicode - နင်ကြိုက်တဲ့သူက ငါရော ဟုတ်ရဲ့လား။

Cheng Xi အိမ်ပြန်ရောက်သည့်အခါ ညဉ့်သန်းခေါင်မထိုးသေး၍ အတန်ငယ်စောနေသေးသည်။ စိတ်ညစ်စရာများကို ဘေးချိတ်ထားပြီး ယောဂလေ့ကျင့်ရန် ဆုံးဖြတ်ချလိုက်သည်။

ယောဂလုပ်ခြင်းက ကိုယ်လက်အပန်းပြေစေပြီး စိတ်ကိုတည်ငြိမ်သွားစေနိုင်စွမ်းရှိသည်။

လေ့ကျင့်ခန်းလုပ်ပြီး၍ သူမ၏နှလုံးခုန်နှုန်းတို့က ပုံမှန်အတိုင်း ပြန်ဖြစ်လာသည့်အချိန်တွင် Cheng Xi ဖုန်းယူကာ လှန်လှောကြည့်လိုက်သည်။ News Feed တစ်ခုလုံးတွင် ရုတ်တရက်ပစ်လွှတ်လိုက်သည့် မီးရှုးမီးပန်း သရုပ်ပြပွဲနှင့် ထိုညမှ အံ့မခန်းကြေညာချက်၏ ဓာတ်ပုံများဖြင့် ပလူပျံနေလေသည်။ မရေမတွက်နိုင်သည့် ရှုထောင့်မျိုးစုံမှနေ၍ မတူညီသည့် မြင်ကွင်းပေါင်းစုံကို ရိုက်ယူထားကြခြင်းဖြစ်သည်။ သို့သော် ထိုဓာတ်ပုံများနှင့်အတူ တွဲတင်ထားကြသည့် စာသားများက အဓိပ္ပာယ်ဆင်တူပင်ဖြစ်သည် - 'XX နှစ်အဆုံးပိုင်းမှာ သူဌေးပေါက်စလေးတစ်ယောက်က သူ့အချစ် ဖော်ကျူးတဲ့ပုံကို ငါတွေ့လိုက်ရတယ်!

ထို့ပြင် ဤကဲ့သို့ အတိအလင်းရေးထားသည့် မက်ဆေ့ချ်များကိုပါ လက်ခံရရှိလေသည်။ 'ဟိဟိဟိဟိ၊ နင့်ရဲ့မျိုးရိုးနာမည်ကလည်း Cheng၊ ပြီးတော့ နင်က ဆရာဝန်တစ်ယောက်လည်း ဖြစ်သေးတယ်။ ဆိုတော့ကား နင်က ဒီစာသားကို လက်ခံရတဲ့သူပေါ့။'

Cheng Xi တစ်ယောက် သူမ နားထင်ကြောလေးများကို နှိပ်ရင်း မျက်မှောင်ကြုတ်သွားရသည်။ စိတ်ပျက်လက်ပျက်နှင့် ဖုန်းကိုပစ်ချလိုက်ကာ တစ်ညလုံး လျစ်လျူရှုထားလေတော့သည်။ အတင်းအဖျင်းသတင်းဟူသည်မှာ အလွန်ထူးဆန်းဖွယ်ကောင်းသည့် ဖြစ်ရပ်တစ်ခုပင် - အတင်းချချင်စရာကောင်းသည့် ကိစ္စတစ်ခုမှာ အချိန်တိုတွင်း လူများကြားတွင် ရေပန်းစားလာနိုင်သော်လည်း နောက်ဆက်တွဲသတင်းများမရှိလျှင် ထိုစကားတို့က လျင်မြန်စွာပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

ဘာကိစ္စမှ မဖြစ်သကဲ့သို့ သဘောထား၍ ရေချိုးပြီး အိပ်စက်အနားယူရန် သူမ ပြင်လိုက်သည်။ သို့သော် အဝတ်စားလဲဝတ်ရန် အင်္ကျီသစ်တို့ထုတ်နေစဉ်၌ လူခေါ်ခေါင်းလောင်းသံမြည်လာသည်။ အိမ်ရှေ့တံခါး၌ တပ်ဆင်ထားသည့် ကင်မရာမှတစ်ဆင့် Lin Fan ၏မျက်နှာက သူမအား တည်ငြိမ်စွာကြည့်နေသည်ကို တွေ့ရလေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now