အခန်း (၁၀၉)

441 58 0
                                    

Unicode – အံ့ဩထိတ်လန့်ခြင်း

Fu Mingyi သည် ဘာလုပ်လုပ် သူ့မိသားစု၏ ထောက်ခံမှုကိုရရှိထားပြီး အပျော်အပါးမက်သည့်သားတစ်ယောက်၊ အပြင်လူများအား ရွံ့ရှာစက်ဆုပ်ဖွယ်ရာ ခံစားချက်များ ဖန်တီးပေးနေသူဖြစ်သည့်တိုင်အောင် ကိုယ်တိုင်ကမူ သူ၏လုပ်ရပ်များကို မေတ္တာတရား စာနာစိတ်ထားရှိသည်ဟု အထင်ရောက်နေကာ ဤတစ်ချိန်လုံးတွင် Shen Wei သည် သူ့အားချစ်နေဆဲဟူ၍ပင် တွေးနေခဲ့ခြင်းဖြစ်သည်။

Cheng Xi သူနှင့် အဆက်အသွယ် သိပ်မရှိသဖြင့် သူ့အကြောင်းနှင့်ပတ်သက်လာလျှင် အပေါ်ယံ၊ အနည်းအကျဉ်းမျှသာ သိသည်။ သို့သော်လည်း သူက ဤမျှအထိ အမှန်ပင် အရှက်မဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ Fu Mingyi က သူမ၏အကြံပြုချက်ကို ခေါင်းထဲထည့်ခြင်း မရှိသဖြင့် Cheng Xi လည်း ပြတ်သားစွာပင် ဖုန်းချပစ်လိုက်သည်။

အချို့သောလူများက ၎င်းတို့ကိုယ်တိုင် အမှန်တကယ် ဘေးဆိုးကြီးတစ်ခု မကြုံရသေးချိန်ထိ သင်ခန်းစာ ယူနိုင်လိမ့်မည်မဟုတ်ပေ။

အခြားတစ်ဖက်တွင် Shen Wei ၏အခြေအနေ တဖြည်းဖြည်း တိုးတက်လာသည်။ ယနေ့မနက်ခင်းမှ သူ၏အပြုအမူ တစ်ခုတည်းကိုကြည့်၍ သူသည် စိတ်ညစ်စရာ ခံစားချက်များအားလုံးကို ဖယ်ထုတ်ပစ်လိုက်ပြီး ကျန်းမာလန်းဆန်ကာ တက်တက်ကြွကြွ ပြန်ဖြစ်သွားပြီဟု အားလုံးထင်လိုက်ကြသည်။ ထို့ကြောင့်ပင် သူတို့နှစ်ယောက် ပြန်လည်ပေါင်းဖက်နိုင်ကြလိမ့်မည်ဟူ၍ Fu Mingyi က ခံစားနေခြင်းဖြစ်သည်။ Shen Wei က သူ့အား ရိုက်ပုတ် ဆူပူပြစ်တင်ခြင်းများ လုပ်ခဲ့ပြီဖြစ်၍ သူမ ခွင့်လွှတ်လိုက်သင့်သည်ဟု သူ့စိတ်ထဲတွင် တွေးထားလေသည်။

သို့သော် လက်တွေ့၌မူ Shen Wei ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ အိပ်ပျော်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေပြီးနောက်တွင် သန်းခေါင်ယံချိန်၌ သူ၏ ရင်တွင်းခံစားချက်များကြောင့် လန့်နိုးသွားခဲ့သည်။ ထို့နောက်တွင် မိုးလင်းသည်အထိ အိပ်မရတော့။

ထိုညက Cheng Xi သူ့ကို "နင် ဘာတွေတွေးနေတာလဲ။" ဟု မေးခဲ့သည်။

Shen Wei က ခနဲ့တဲ့တဲ့ဟန်ဖြင့် ဖြေလာသည်မှာ "လူတွေကို သတ်တဲ့အကြောင်းလေ။" ထို့နောက် တစ်စက္ကန့်အကြာ၌မူ " နောက်တာပါဟာ။ တကယ်တော့ ဘာမှမတွေးပါဘူး၊ ငါအိပ်မရလို့ပါ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now