အခန်း (၉၂)

524 92 0
                                    

Unicode - ကျွန်မကို ပိုးပန်းပါ

(T/N : ဒီဝတ္ထုထဲက Lu ဘိုးဘိုးနဲ့ဘွားဘွားက သူဌေးသူကြွယ်တွေဆိုပေမဲ့ ဟိတ်ဟန်ကြီးတာမျိုးတွေမရှိကြဘူး - ဒါက တခြားဝတ္ထုတွေနဲ့ မတူတဲ့ဇာတ်ကွက်တစ်ခုပေါ့။💕

မြေးအတွက် နောက်ကနေရော၊ ရှေ့ကနေပါ လိုက်လုပ်ပေးရတာ သနားဖို့တောင်ကောင်းတယ်။ ဒီအခန်းမှာဆိုရင်လည်း အနာဂတ်မြေးချွေးမိလေးကိုတောင် ကြောက်နေရပုံပေါ်တယ်😅။

ဖတ်ကြည့်ကြပါဦးနော်💕။)

Cheng Xi ကိုယ်ခန္ဓာက သွေးသွေးသွယ်သွယ်နှင့် ပိန်ပိန်ပါးပါး ဖြစ်နေပုံပေါ်သော်လည်း သူမ အချိန်ရတိုင်း ယောဂကစားလေ့ရှိသဖြင့် အားနည်းပျော့ညံ့သူမဟုတ်ပေ။ ထို့ပြင် Lu Chenzhou ကလည်း ဖျားနေသေးဆဲဖြစ်၍ သူ့လက်ထဲမှ ရုန်းထွက်နိုင်သွားသည်။

ထို့နောက် သူမ ခြေနှစ်လှမ်းပြန်ဆုတ်ကာ သူ့ကိုကြည့်လိုက်သည်။ Lu Chenzhou ၏မျက်ဝန်းတို့က တောက်ပစူးရှလွန်းနေသဖြင့် ထိုအထဲမှ မီးတောက်ပန်းပွားစများက အချိန်မရွေး ထွက်လာတော့မယောင် ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် သူမနှုတ်ခမ်းလေးမှာ အကိုက်လိုက်ရသည့်ဒဏ်ကြောင့် နီရဲနေပြီး ဖူးဖူးယောင်ယောင်လေး ဖြစ်နေ၍ အနည်းငယ်ဖျစ်ညှစ်ခံထားရသည့် မှည့်မှည့်ဝင်းဝင်း သစ်တော်သီးလေးနှင့် တူနေကာ အမြင်တစ်မျိုးလေး စွဲဆောင်မှုရှိနေပြန်သည်။

Lu Chenzhou ၏လက်ချောင်းများ နေရာရွေ့သွားချိန်၌ လက်ဖမိုးပေါ်တွင်ရှိနေသည့် အကြောဆေးသွင်းပိုက်က ခပ်တင်းတင်းလေးဖြစ်သွားကာ နာကျင်မှုဒဏ်ကို ဆစ်ခနဲခံစားလိုက်ရသည်။ သူအသိပြန်ဝင်လာသည့်အခါ အပ်က အပြင်သို့ထွက်လာပြီး တိုးလို့တန်းလန်းလေးဖြစ်နေသည်။ ယခုမူ ပိုက်ထဲ၌ ဆေးရည်နှင့်သွေးတို့ ရောနှောသွားပြီဖြစ်ကာ ထိုအရည်တို့က ခုတင်နံဘေး၌ ဖြည်းဖြည်းချင်း စီးကျလာတော့သည်။

ထိုနောက်တွင် ဆေးသွင်းပိုက်ကို ဆွဲဖြုတ်ရန် သူဆုံးဖြတ်ချက်ချကာ ဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်ပြီး သွေးထွက်နေသည့်နေရာကို ကျန်လက်တစ်ဖက်ဖြင့် ခပ်တင်းတင်းဖိထားလိုက်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Dove le storie prendono vita. Scoprilo ora