အခန်း (၁၁၂)

524 67 0
                                    

Unicode - ငါမင်းအကြောင်း တွေးနေမိလို့

Cheng Yang ၏တုံ့ပြန်မှုသည် ဤမျှအထိ ပြင်းထန်လွန်ကဲလိမ့်မည်ဟု Cheng Xi မမျှော်လင့်ထားသဖြင့် သူမလက်ထဲမှ ဖုန်းလုသွားသည်ကို တားဆီးလိုက်နိုင်ခြင်းမရှိပေ။

"မဟုတ်သေးပါဘူး၊ ဘာဖြစ်နေတာလဲ။" အချိန်အတန်ကြာပြီးနောက်တွင် သူမ သတိပြန်ဝင်လာပြီး Cheng Yang အား ခေါင်းကိုက်စရာ အရှုပ်ထုပ်သဖွယ် ကြည့်နေမိသည်။ "နင်က တခြားလူတစ်ယောက်ကို လိမ်ဖို့လုပ်နေတဲ့၊ လှေနံနှစ်ဖက်နင်းတဲ့ လူယုတ်မာလား။"

Cheng Yang ကမူ သူ့ဖုန်းအား အပူတပြင်းစစ်ဆေးကြည့်နေခြင်းဖြစ်ပြီး မက်ဆေ့ချ်ပို့ထားသူ၏ အမည်ကို ဖုန်းထဲ၌ ၀၀၁ ဟူ၍သာ မှတ်ထားခြင်းဖြစ်ကြောင်းကို အတည်ပြုလိုက်နိုင်ပြီးမှသာ စိတ်သက်သာမှုရသွားသည်။

ထို့နောက် အစ်မဖြစ်သူ၏စကားကို ကြားချိန်၌မူ သွေးအန်လုမတတ်ပင် ဖြစ်သွားရသည်။ "နင့်စိတ်ထဲမှာ ငါ့က အဲဒီလိုလူစားမျိုးလား။"

Cheng Xi လည်း ခပ်ချဉ်ချဉ်ပင်ပြန်ဖြေသည်။ "ဘယ်သူသိမှာလဲ၊ ဟုတ်ချင်လည်း ဟုတ်မှာပေါ့! သူ့မက်ဆေချ့်ကြီးက စိတ်ထဲမှာ မတင်မကျဖြစ်စရာကောင်းနေတာကိုး။ 'သူကတော့ နင့်ကို နေ့ခင်းမှာ ပေါ်ပေါ်ထင်ထင် တွေ့ခွင့်ရှိပေမဲ့ ငါကတော့ ကွယ်ရာကနေပဲ ကြည့်ခွင့်ရတယ်။' လို့ သူပို့တာက ဘာအဓိပ္ပာယ်ကြီးလဲ။ မသိရင် ဇာတ်နာစရာကောင်းလွန်းတဲ့ ဒရာမာထဲက စာသားတွေကျနေတာပဲ! အခုအတိုင်းဆိုရင် နင်ကလေ - နင့်မှာ ရည်းစားရှိတာကို သိပြီးနေတာတောင် လမ်းမခွဲရက်လို့ ဆက်တွယ်ကပ်နေတဲ့ ရိုးသားဖြူစင်ပြီး အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်ကို လှည့်စားနေတဲ့ လူလိမ်လူညာကြီးနဲ့ တူနေပြီ။ အဲဒီမိန်းကလေးက ရင်နာနာနဲ့ပဲ နင်တို့ကြားမှာ တတိယလူဖြစ်သွားရတယ်။ ပြီးတော့ နင်ပေါ်တင်တွဲနေတဲ့ ချစ်သူမိန်းကလေးနဲ့ အပြင်သွားတာကို မြင်တဲ့အခါတိုင်းမှာ သူကတော့ မနာလိုသဝန်တိုစိတ်၊ နာကျင်ဝမ်းနည်းစိတ်တွေ့ တပွေ့တပိုက်နဲ့ ကွယ်ရာကနေပဲ နင့်ကိုငေးကြည့်နေရတဲ့အဖြစ်လေ။"

ထိုသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို သူမခေါင်းထဲ၌ ဆက်လက်တွေးတောမှု လုပ်နေရင်းဖြင့်ပင် ကိုယ်ပြောလိုက်သည့် စကားများကို ပို၍ယုံလာသည့်စိတ်များ ဖြစ်သွားသည်။ "နင့်ဘက်က - သူငယ်ချင်းတစ်ယောက်နဲ့ ကတ်ဂိမ်းသွားကစားမယ်လို့ ပြောတာဆိုပေမဲ့ နင် တကယ် ဘာလုပ်ခဲ့တယ်ဆိုတာကို ဘယ်သူသိမှာလဲ။ ပြီးတော့ နင့်ဖုန်းကရော ဘာကိစ္စ ဒီနေရာရောက်နေတာလဲ။ နင်က သူတို့နှစ်ယောက်နဲ့ တစ်ချိန်တည်းမှာ ဒိတ်လုပ်ဖို့ ချိန်းခံရတာပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ နှစ်ယောက်လုံးနဲ့ သွားတွေ့ဖို့မဖြစ်နိုင်လို့ ရွေးချယ်စရာမရှိတဲ့အဆုံးကျတော့ နင့်ဖုန်းကို ပစ်ချထားခဲ့တော့တာပေါ့!"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now