အခန်း (၇၇)

525 76 0
                                    

  Unicode - အထာပေးမြှုဆွယ်ခြင်း

ဆေးရုံသို့ Cheng Xi အပြေးအလွှားရောက်သွားသည့်အခါ Lu ဘွားဘွားက ချဲ့ကားပြောလိုက်ခြင်းဖြစ်ကြောင်းကို သူမ နားလည်သွားရသည်။ Lu Chenzhou က ဆေးရုံမှပြန်ရန် လုပ်နေခြင်းမဟုတ်ပေ၊ သူ အိပ်ရာနိုးလာပြီဖြစ်ကာ အလွန်ပင် အလေးအနက်ထားဟန်ဖြင့် သူ၏ရောဂါအခြေအနေအကြောင်း ရှင်းပြနေသည်ကို ခုတင်ခေါင်းရင်း၌ထိုင်ရင်း  နားထောင်နေလေသည်။

သူ၏မျက်နှာမှာ မကြည်မသာဖြစ်နေသော်လည်း ဆေးရုံဆင်းလိုသည့်အတွက် "အော်ဟစ်ငိုနေသည့် အမူအရာမျိုး" တော့ သေချာပေါက်မဟုတ်ပေ။

အခန်းထဲ၌ Cai Yi လည်း ရှိနေကြောင်းကို မော်နီတာမှတစ်ဆင့် Cheng Xi တွေ့သည့်အခါ ချက်ချင်းစိတ်အေးသွားရသည်။ ထို့ကြောင့် အခန်းထဲသို့ အလျင်စလိုဝင်မသွားတော့ဘဲ ထိုမြင်ကွင်းပုံရိပ်တို့ကို အချိန်ခဏခန့်ကြာအောင် ငြိမ်သက်စွာစောင့်ကြည့်ပြီးမှသာ အပြင်သို့ပြန်ထွက်သွားသည်။

Lu ဘိုးဘိုး အိမ်ပြန်သွားပြီဖြစ်၍ အပြင်၌ကျန်ရှိသည့် တစ်ဦးတည်းသောမိသားစုဝင်မှာ  Lu ဘွားဘွားသာလျှင် ဖြစ်တော့သည်။ သူကိုယ်တိုင်လည်း ဘာမဟုတ်သည့် ကိစ္စလေးအတွက် Cheng Xi ကို ဖုန်းဆက်ခေါ်လိုက်မိသည့်အပေါ် အနည်းငယ် အားတုံ့အားနာဖြစ်နေမိပြီး ပြောလာသည်က "အခုနတုန်းကလေ သူက ဆေးရုံဆင်းမယ်ဆိုပြီး တကယ်အော်ပြောနေခဲ့တာ။ တော်သေးတာပေါ့၊ သမီးရဲ့ပါမောက္ခ ရောက်လာပြီး အိမ်မပြန်ဖို့ သူ့ကို ဖျောင်းဖျပေးတယ်လေ။" 

Cheng Xi ပြုံးလိုက်သည်။ Lu ဘွားဘွား၏စိုးရိမ်သောကကို နားလည်ပေးနိုင်သည်ဖြစ်၍ သူမ စိတ်မဆိုးအားဘဲ နွေးထွေးကြင်နာသည့် စကားတို့ဖြင့်သာ နှစ်သိမ့်ပေး​လိုက်သည်။ ထိုသို့ အားပေးစကားပြောခြင်းက သူမ ကျွမ်းကျင်သည့်အရာဖြစ်နေ၍ မကြာမီမှာပင် Lu ဘွားဘွားကို နားချလိုက်နိုင်ပြီး အမှန်ပင် စိတ်သက်သာရာ ရသွားလေတော့သည်။ 

ထို့ပြင် Lu ဘွားဘွား၏ ညိုးငယ်ချောင်ကျနေသည့် မျက်နှာလေးကို သတိပြုမိသည့်အခါ အိမ်ပြန်အနားယူရန် တိုက်တွန်းလိုသည့်ဆန္ဒများ ဖြစ်ပေါ်လာသည် - ဤနေရာ၌ Lu ဘွားဘွားရှိနေသော်လည်း ဘာမှမထူးသည်မှာ အမှန်တရားပင်ဖြစ်သည်။ Lu Chenzhou က ပိုးမွှာကင်းစင်သည့် လေထုပတ်ဝန်းကျင်၌ရှိနေပြီး တတ်ကျွမ်းနားလည်သည့် သူနာပြုများနှင့် ဆရာဝန်များ၏ စောင့်ရှောက်မှုအောက်တွင် အကောင်းဆုံးသော ဆေးဝါးကုသမှုကို ခံယူနေရခြင်းဖြစ်သည်။ မိသားစုဝင်များ မရှိလည်း ဘာကိစ္စမှရှိမည်မဟုတ်ပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now