အခန်း (၁၂၁ - ခ)

255 38 4
                                    

Unicode

အလုပ် အတော်များများ ပြီးသွားသည့်အခါ စားပွဲသန့်ရှင်းရေးလုပ်၍ Cheng Xi အိမ်ပြန်သွားသည်။ ထို့နောက် နေ့လည်စာကို ကြုံရာတစ်ခုခုစားပြီး ရေချိုးကာ တရေးအိပ်လိုက်သည်။ ညနေ ၃နာရီထိုးသည့်အခါ အိပ်ရာမှထ၍ ယောဂလေ့ကျင့်ခန်း မိနစ်သုံးဆယ်လုပ်ပြီးနောက် အေးအေးလူလူပင် အဝတ်စားလဲကာ အပြင်ထွက်ရန် ပြင်ဆင်လေတော့သည်။

အပြင်သွားမည့် အဝတ်အစားဝတ်ကြည့်နေချိန်တွင် သူမ၏ ဖက်ရှင်ဒီဇိုင်းအမြင်နှင့်ပတ်သက်၍ မိခင်ဖြစ်သူပြောခဲ့သည့်စကားများကို ပြန်အမှတ်ရမိသဖြင့် မှန်ထဲမှ ကိုယ့်ရုပ်ကို ပြန်ကြည့်လိုက်သည်။ သူမသည် များသောအားဖြင့် သက်သောင့်သက်ရှိသည့် ပွပွယောင်းယောင်းပုံစံများသာ ဝတ်လေ့ရှိသဖြင့် ဤရာသီအချိန်၌ ပုံမှန်အားဖြင့် သူမ ဝတ်သမျှတို့မှာ ရှပ်အင်္ကျီနှင့် ဆွယ်တာတို့သာ ဖြစ်နေသည်။ အကယ်၍ အပြင်၌အနည်းငယ် အချမ်းပိုနေလျှင် အပေါ်မှအင်္ကျီအနည်းငယ် ထပ်ဝတ်လိုက်မည်ဖြစ်ပြီး ရာသီဥတု ပူနွေးနေပါက အပေါ်ရုံ၊ သို့မဟုတ် ဂျာကင်အင်္ကျီတစ်ခုသာ ဝတ်လေ့ရှိသည်။

ယနေ့ Date သွားလုပ်မည်ဖြစ်၍ သူမ၏ ဝတ်စားဆင်ယင်ပုံကို အနည်းငယ် ဂရုစိုက်ရွေးချယ်မှု ပြုသင့်သည်။ သေချာစဉ်းစားကြည့်ပြီးနောက်တွင် အနက်ရောင်ဂါဝန်နှင့် အနီရောင်တောက်တောက် သိုးမွေးဝတ်ရုံကို အပေါ်မှထပ်ဝတ်လိုက်သည်။ သူမမိခင်ပြောသည့်အတိုင်း Cheng Xi သည် အရောင်တောက်တောက်ဝတ်စုံများကို တော်ရုံတန်ရုံဝတ်လေ့မရှိ။ ထိုအင်္ကျီပင်လျှင် မနှစ်က Cheng Yang လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မဝတ်ဖြစ်ဘဲ သူမဗီရိုထဲ၌သာ တစ်နှစ်ပတ်လုံးရှိနေခဲ့ခြင်းဖြစ်သည်။

ဝတ်ကြည့်လိုက်သည့်အခါ အဆင်ပြေလိုက်ဖက်သည်ဟု သူမ ခံစားရပြီး ထိုအင်္ကျီသည် အပြင်ဘက်၌ နှစ်သစ်ကိုကြိုဆိုနေသည့် အပြင်အဆင်တို့နှင့်လည်း အတော်လေးပနံသင့်နေသည်။ နောက်ဆုံးရလဒ်ကို သူမ ဘဝင်ကျသွားသဖြင့် ထိုဝတ်စုံဝတ်ရန် ဆုံးဖြတ်လိုက်လေသည်။

ဤကဲ့သို့ အဝတ်အစားအပြင်အဆင်ကို သူမ အထူးတလည် ရွေးချယ်ထားခြင်းဖြစ်သည့်အတွက် ဆံပင်ကိုပါ ရိုးရိုးရှင်းရှင်းနှင့် လုပ်ရကိုင်ရသိပ်မခက်သည့် အထုံးပုံစံစည်းနှောင်၍ ပုံသွင်းလိုက်တော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Onde histórias criam vida. Descubra agora