အခန်း (၉၄)

528 86 0
                                    

Unicode – Lu ကတော်

Cheng Xi တစ်ယောက် ဌာနမှူးရုံးခန်းသို့ နောက်တစ်ကြိမ် အပင့်ဖိတ်ခံရပြန်သည်။

သူနာပြုဆရာမကြီးက Cheng Xi ကိုလာခေါ်ချိန်၌ သူမက Chen Jiaman နှင့် အတူရှိနေခြင်းဖြစ်သည်။ အဆုံး၌မူ Cheng Xi က Lu Chenzhou ၏ ထိတ်ထိတ်ကြဲရှေ့နေကို အကူညီတောင်းဆိုခြင်း မပြုတော့ပေ။ ထို့အစား သူမ၏ရှေ့နေမိတ်ဆွေများမှတစ်ဆင့် အခြားတစ်ယောက်ကိုသာ ဆက်သွယ်လိုက်သည်။ သူမ တတ်နိုင်သည့် အရာများအားလုံး လုပ်ပြီးသွားသည့်အခါ ရလဒ်သတင်းကိုသာ တည်ငြိမ်စွာဖြင့် စောင့်နေခြင်းဖြစ်သည်။

Chen Jiaman က နောက်ထပ်ပုံပြင်သစ်တစ်ပုဒ် နားထောင်ပြီးသည့်အခါ သူ့ကိုယ်သူ စောင့်ဖြင့်ပြန်ခြုံကာလိုက်သည်၊ သို့သော် ဤတစ်ကြိမ်၌မူ ခေါင်းမြီးခြုံကွယ်ထားလိုက်ခြင်းမျိုး မဟုတ်ပေ။ ကိုယ်ပေါ်မှခြုံထားသည့်စောင်ကို အနည်းငယ်ဖွင့်ဟထားပြီး ထိုအပေါက်ငယ်လေးထဲမှ Cheng Xi ကို 'တိတ်တခိုး' ကြည့်နေလေသည်။

သူ၏အပြုအမူကို Cheng Xi တွေ့သည့်အခါ ပြုံးမိသွားသည်။ Cai Yi တစ်ခါပြောခဲ့ဖူးသည်မှာ သူမသည် စိတ်ရောဂါအထူးကု တစ်ယောက်ဖြစ်ရန်အတွက် အလွန်သင့်တော်သူဖြစ်သည်၊ သူမသည် ရုပ်ရည်ချောမောသူဖြစ်ကာ ပရောပရီလုပ်တတ်သည့် အမူအကျင့်မရှိ၊ ရိုးရိုးအေးအေး နေတတ်သော်လည်း တုံးတုံးတိတိနှင့် တဲ့တိုးပြောချတတ်သူ မဟုတ်ပြန်၊ ထို့ပြင် သူမ၏စကားသံက နားဝင်ချိုသာပြီး စိတ်အလှုပ်အရှား ဖြစ်လာစေနိုင်စွမ်းရှိသည်။

ယခုချိန်၌ Cheng Xi က သူမ၏အားသာချက်များကို အပြည့်အဝအသုံးချကာ ကိုယ်ကိုကိုင်းလိုက်ပြီး ခုတင်ပေါ်တွင် ဝင်လှဲလိုက်သည်။ ထို့နောက် Chen Jiaman ခပ်ဟဟဖွင့်ထားသည့် အပေါက်ငယ်လေးကိုကြည့်၍ ပြောလိုက်သည်က "မင်းသိလား၊ ငါငယ်ငယ်တုန်းက မင်းလိုပဲ။ မင်းကို အဖေဘက်ကအဘွား စောင့်ရှောက်ပေးခဲ့တာဖြစ်ပြီး ငါ့ကိုတော့ အမေဘက်ကအဘွား ပြုစုပျိုးထောင်ပေးခဲ့တာ။ သူဆိုရင် ငါ့ကို ပုံပြင် အမြဲပြောပြလေ့ရှိတယ်၊

အများစုက ကျေးလက်ဒေသမှာ လူသိများတဲ့ ကြောက်စရာပုံပြင်တွေလေ။ ငါ အဲ့ဒါတွေနားထောင်ရတာ ကြိုက်ပေမဲ့ နောက်ပိုင်းကျရင် အရမ်းကြောက်လာတော့တာ။ သူပုံပြင်ပြောပြီးလို့ ငါအိပ်ဖို့ကြိုးစားတဲ့အချိန်တိုင်း ပြတင်းပေါက်ကနေ သရဲတစ်ကောင် ပျံဝင်လာမှာ၊ အောက်ကနေ အကောင်တစ်ကောင်လောက် ငါ့ခုတင်ပေါ်တက်လာမှာကို ကြောက်နေတာပေါ့။ ဒါကြောင့် ငါ့တစ်ကိုယ်လုံးကို အမြဲစောင်နဲ့ခြုံလိုက်တယ်၊ ဒါဆိုရင် သရဲတွေပေါ်လာရင်တောင်မှ ငါ့ကို တွေ့မှာမဟုတ်တော့ဘူးလို့ တွေးတာကိုး။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now