အခန်း (၄၇)

721 124 3
                                    

Unicode - တိုက်ဆိုင်လွန်းခြင်း

Lin Fan ကမူ Cheng Xi ခံစားနေရသကဲ့သို့ ဖြစ်နေခြင်းမရှိပေ။ Cheng Xi အာရုံထွေပြားနေသည်ကို သတိပြုမိသည့်တိုင်အောင် သူမစိတ်ထဲ၌ သူတို့၏ဆက်ဆံရေးနှင့်ပတ်သက်၍ ပြန်လည်ဆန်းစစ်မှုများ လုပ်နေပြီဖြစ်ကြောင်းကိုတော့ သူတွေးမိကြည့်မည် မဟုတ်ပေ။

ယခုအကြိမ်မှာ Cheng Xi ၏အိမ်၊ သူမ တစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည့်အိမ်လေးသို့ ပထမဆုံးအကြိမ် လာခြင်းဖြစ်၍ သူအလွန်ပျော်ရွှင်နေသည်။ ဤသို့ခေါ်ဖိတ်ခြင်းမှာ ခင်မင်ရင်းနှီးကြောင်းကို ဖော်ပြသည့် အမူအရာတစ်မျိုးပင်ဖြစ်ကာ အမှန်လည်း ထိုသို့ပင် မှတ်ယူထားလိုက်၍ ရသည်။

Cheng Xi ချက်ပြုတ်နေသည်ကို သူ ကူညီလုပ်ကိုင်ပေးလိုသော်လည်း သူမက လက်မခံဘဲ မီးဖိုချောင်ထဲသို့တစ်ယောက်တည်းဝင်သွားကာ အလုပ်ရှုပ်နေတော့သည်။ Lin Fan က သူ့အတွက် သူမ ခပ်ပေးထားသည့် သောက်ရေခွက်ကိုကိုင်ရင်း Cheng Xi အငွေ့အသက်များနှင့် ပြည့်လျှံနေသည့် အိမ်ပတ်လည်တစ်ခွင်ကို ဖြည်းဖြည်းခြင်း လိုက်ကြည့်တော့သည်။

သူမအိမ်က သပ်သပ်ရပ်ရပ်နှင့် အလွန်သန့်ရှင်းသည်။ အိမ်၏ အတွင်းပိုင်းဒီဇိုင်းကို မေပဲလ်ရောင်ပရိဘောဂများနှင့် ဥရောပစတိုင် အရောင်ကွဲကျောက်များဖြင့် အလှဆင်ထားသည့်အတွက် အနည်းငယ်ကြောင်တောင်တောင်နိုင်လှသော်လည်း အိမ်ခန်းတစ်ခုလုံးတွင် ခပ်ဖျော့ဖျော့သစ်သီးရနံ့တို့ လွှမ်းထုံနေသည်ဖြစ်ရာ စိတ်လက်ပေါ့ပါးသွားစေသည်။ Lin Fan တစ်ယောက် သူမကို ကြိုက်လွန်းလှသည့်အတွက် ဤအိမ်ထဲ၌ အပြစ်ဟူ၍ ထောက်ပြစရာတစ်ကွက်မှရှိမနေဘဲ မြင်မြင်သမျှအရာအားလုံးတို့က စိတ်ကျေနပ်စရာကောင်းပြီး နွေးနွေးထွေးထွေး ရှိနေတော့သည်။

တစ်ပတ်လည်ပြည့်အောင် ကြည့်ပြီးသွားသည့်အခါ သူမ ထိုင်လေ့ရှိသည့် ဆိုဖာပေါ်၌ထိုင်ချရင်း သူမ ဖတ်သည့် စာအုပ်များကို ကြည့်လိုက်သည်။ အားလုံးမှာ ဆေးပညာဆိုင်ရာ စာအုပ်များသာဖြစ်ပြီး ခက်ခဲရှုပ်ထွေးကာ လျှို့ဝှက်နက်နဲလွန်းနေသည်။ သို့သော် ခဲတံဖြင့် သူမ ချရေးထားသည့် မှတ်စုလေးများက တရင်းတနှီးရှိလှပြီး လက်ရေးလက်သားလေးက သေးသေးသွယ်သွယ်နှင့် သေသပ်နေကာ ငယ်ဘဝနှစ်များဆီသို့ပင် သူ့ကို ဆွဲခေါ်သွားတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now