♥️ အပိုင်း 56 ♥️

7.7K 456 23
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 56 ♥️

"ရေးးးး ရေလွှာကမ္ဘာကိုရောက်ပြီ!! လျှောအကြီးကြီးတွေ စီးရတော့မယ်..... ဒယ်ဒီ သားသားတို့တွေ ဘောကွင်းအကြီးကြီးနဲ့စီးရတဲ့ ရေလွှာလျှောကြီး စီးမယ်နော်....."

"သားကတော့ တစ်ယောက်ထဲ စီးရတဲ့လျှောကို စီးချင်တယ် ဒယ်ဒီ ....."

"ဟို ရေလွှာလျှောကြီးက မိုက်လိုက်တာ..... သူက 12 နှစ်ကျော်ရင် စီးလို့ရပြီထင်တယ်..... သားက အဲ့တာစီးမယ်နော် ဒယ်ဒီ.... "

"ဒါ ဒါ ဒါ ဒါး ...."

အစ်ကိုတွေ ပြောသလိုမျိုး သူလေးကပါ ကြားဖြတ်၀င်ပြောလာသည့် သမီးကြောင့်
ရှင်မွေ့ရော စက်ရော ပြိုင်တူရယ်လိုက်မိကြသည်။

ရေလွှာကမ္ဘာထဲ၀င်ဖို့အတွက် တစ်မိသားစုလုံးစာ လက်မှတ်၀ယ်ပြီးနောက်မှာတော့ အထဲကို ၀င်ကာ အ၀တ်အစားလဲဖို့အတွက် လုပ်ရသည်။

ယောကျာ်းလေးအ၀တ်လဲခန်း၊ မိန်းကလေးအ၀တ်လဲခန်းဆိုပြီး ရှိတာကြောင့် စက်တို့သားအဖတွေက ယောကျာ်းလေးအခန်းထဲ၀င်ကာ သူမနဲ့ သမီးကတော့ မိန်းကလေးအခန်းထဲကို ၀င်လာခဲ့လိုက်သည်။

စက်တို့သားအဖတွေအတွက် ရေကူး၀တ်စုံက ဒူးအတိရှိတဲ့ ရိုးရိုးရှင်းရှင်း ဘောင်းဘီတိုလေးတွေသာ ဖြစ်သည်။

သမီးကိုတော့ အိမ်မှာထဲက အ၀ါရောင်ပန်းပွင့်လေးတွေပါတဲ့ Swimsuit လေး ၀တ်ပေးလာတာမို့ အ၀တ်လဲခန်းထဲကိုရောက်တော့ အပေါ်မှာ၀တ်ထားတဲ့ Coat လိုမျိုး ဂါ၀န်အသေးလေးကို ချွတ်ပေးလိုက်ရုံပင်။ ထို့နောက် အိတ်ထဲမှ ခေါင်းစည်းပု၀ါလေးကို ခေါက်ပြီး စည်းပေးလိုက်တော့ သမီးက အရုပ်မလေးလို ချစ်ဖို့ကောင်းသွား၏။ ထို့အပြင် Swimsuit လေး၀တ်ထားတာကြောင့် ပေါင်သားလေးတွေ၊ လက်မောင်းသားလေးတွေက ကောက်ညှင်းထုပ်လေးလို တစ်တစ်ရစ်ရစ်ဖြစ်နေပြီး သမီးက တကယ်ကို အသည်းယားစရာလေးပင်။

အ၀တ်လဲခန်းထဲမှာရှိနေကြသည့် ကောင်မလေးတစ်ချို့ကလဲ သမီးကို မြင်မြင်ချင်း ချစ်သွားကြဟန်ဖြင့် သမီးအနားကိုရောက်လာကြသည်။ မမလှလှလေးတွေကို သမီးက ထုံးစံအတိုင်း သူ့ရဲ့ ပြုံးတုံ့တုံ့မျက်နှာလေးနဲ့ အသည်းယားအောင် လုပ်နေချိန် ရှင်မွေ့မှာ အမြန် အမြန်ဖြင့် သူမကိုယ်ပေါ်မှ အ၀တ်အစားတွေကို ချွတ်ရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now