♥️ အပိုင်း 65 ♥️

6.9K 496 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 65 ♥️

စက် ကုမ္ပဏီထဲကို ၀င်လာတော့ သူ့ကို ငဲ့ကြည့်ငဲ့ကြည့်နဲ့ တိုးတိုး တိုးတိုးပြောနေကြတဲ့ ၀န်ထမ်းတွေကို တွေ့လိုက်ရတာကြောင့် တစ်ခုခုတော့ ဖြစ်နေပြီဆိုတာကို သိလိုက်သည်။

ထို့ကြောင့် ရုံးခန်းထဲကိုရောက်တာနဲ့ ကုမ္ပဏီမှာ ဘာကိစ္စရှိလို့လဲဆိုတာကို ဇာနည်အား မေးကြည့်လိုက်သည်။

"ဇာနည်..... ငါ ကုမ္ပဏီထဲကို ၀င်လာထဲက ၀န်ထမ်းတွေ တိုးတိုးတိုးတိုးနဲ့ တစ်ခုခု ဖြစ်နေကြတဲ့ပုံပဲ .....  ကုမ္ပဏီမှာ ဘာကိစ္စရှိလို့လဲ ....."

"ဒါလေးကို တစ်ချက်လောက် ဖတ်ပေးပါ စီအီးအို....."

ဇာနည် ကမ်းပေးလာသည့် iPad လေးကို စက် လှမ်းယူပြီး ကြည့်လိုက်တော့ သူတို့ ရုံးတွင်းသုံး app ထဲမှာ တင်ထားတဲ့ post တစ်ခုဖြစ်နေ၏။ ခေါင်းစဥ်ကို ဖတ်ကြည့်လိုက်တဲ့ အချိန်မှာတော့ စက်ရဲ့ မျက်၀န်းတွေ မည်းမှောင်သွားရသည်။

App ထဲမှာ မနေ့က ဇာတ်ညွှန်းရေးပွဲကို Dream ရဲ့ စီအီးအိုဖြစ်တဲ့ သူကိုယ်တိုင်ရောက်သွားခဲ့ပြီး သူသဘောကျတဲ့ ဇာတ်ညွှန်းရေးဆရာက အကောင်းဆုံး project ကို မရခဲ့လို့ အပြစ်မရှိတဲ့ ဒိုင်တွေနဲ့ အကောင်းဆုံး project ကို ရသွားတဲ့ scriptwriter ကို ပြဿနာရှာပြီး ရလဒ်ကို ပြန်ပြောင်းပစ်ဖို့လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို စီကာပတ်ကုံး ရေးပြီးတင်ထားတာဖြစ်သည်။ ထို့အပြင် သူ သဘောကျတဲ့ scriptwriter က ကလေးအမေ ဖြစ်နေတာမို့ ကလေးအမေနဲ့ ဖောက်ပြန်နေတဲ့ ပုံစံမျိုးရောက်အောင်ပါ သူ့ကို ဆွဲရေးထားသေးသည်။

"ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ စီအီးအို..... မနေ့က ဇာတ်ညွှန်းရွေးပွဲမှာ ပါ၀င်ခဲ့တဲ့ Camellia ဆိုတဲ့ scriptwriter က တခြားသူ မဟုတ်ဘဲ စီအီးအိုရဲ့ ဇနီးပါဆိုတဲ့ အကြောင်းကို ကျွန်တော်ပြန်ပြီး ဖြေရှင်းလိုက်ရမလား......"

"နေဦး ဇာနည် ..... အဲ့လို မလုပ်နဲ့ "

"ဗျာ..... အဲ့လို မလုပ်ဘူးဆိုရင် အားလုံးက စီအီးအိုကို အထင်တွေလွဲကုန်ကြမှာပေါ့ စီအီးအိုရဲ့ ..... အခုတောင် ၀န်ထမ်းတွေကြားထဲမှာ စီအီးအိုက အိမ်ထောင်ရှိတဲ့ ကလေးအမေတစ်ယောက်နဲ့ ဖောက်ပြန်နေတာလားဆိုတဲ့ ကောလဟလတွေက အရမ်းကို ပျံ့နှံ့နေတာပါ...... အချိန်မီ မဖြေရှင်းဘူးဆိုရင် ၀န်ထမ်းတွေရော ကျန်တဲ့သူတွေပါ စီအီးအိုနဲ့ပတ်သက်ပြီး မဟုတ်တာကို အဟုတ်လို့ ထင်သွားနိုင်ပါတယ်......."

♥️ Extraordinary Marriage ♥️Where stories live. Discover now