♥️ အပိုင်း 64 ♥️

6.8K 444 10
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 64 ♥️

သူမ ၀င်ပြောလိုက်တော့မှ စက်ရဲ့ ဒေါသက အရှိန်သတ်သွားလေသည်။ ထို့နောက် သူမကို သေချာစိုက်ကြည့်လာသည့် စက်ကို ရှင်မွေ့  မသိမသာ ခေါင်းခါပြလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် Result က ထွက်ပြီးခဲ့ပြီမို့ အခုချိန်မှ ပြန်ပြောင်းမယ်ဆိုရင် သူမတစ်ယောက်ထဲ အတွက်နဲ့ ကျန်တဲ့သူတွေပါ နစ်နာကုန်မှာကို ရှင်မွေ့ မလိုလားပေ။ ပြီးတော့ စက်နဲ့ ဒီနေ့ရဲ့ ဒိုင်လူကြီးတွေကြားမှာလဲ ဘယ်လိုကတောက်ကဆမျိုးမှ ရှင်မွေ့ မရှိစေချင်။

သူမလိုချင်တဲ့ Project ကို မရခဲ့ပေမယ့် ရလာတဲ့ project ကို အကောင်းဆုံးကြိုးစားခွင့်တော့ သူမမှာရှိသေးသည်။

ထို့ကြောင့် အခုကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရအောင်ဟု စက်ကို ရှင်မွေ့  အကြည့်တွေကနေတစ်ဆင့် တောင်းဆိုလိုက်မိသည်။

အမှန်တိုင်းပြောရရင် ရှင်မွေ့က ကလေးအမေဖြစ်နေလို့ အကောင်းဆုံး Project နဲ့ လွဲချော်သွားရတဲ့ ကိစ္စကို စက် လုံး၀ မကျေနပ်ပေ။ ဒါပေမဲ့လဲ သူ့ကိုတောင်းဆိုတဲ့ မျက်၀န်းတွေနဲ့ ကြည့်နေသည့် ရှင်မွေ့ကြောင့် စိတ်ကို လျှော့လိုက်ရသည်။

၀န်ထမ်းပေါင်းများစွာနဲ့ ရာထူး အထက်အောက် အဆင့်ဆင့် လည်ပတ်နေရတဲ့ သူ့ရဲ့ စီးပွားရေးမှာ အရာရာတိုင်းက ခြောက်ပြစ်ကင်း သဲလဲစင်နေဖို့ဆိုတာ မဖြစ်နိုင်မှန်း စက် သိသည်။

ဒါပေမဲ့ အခုကိစ္စကတော့ ရုပ်ပေါက်လွန်းသည်။ အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာတစ်ခုအတွက်နဲ့ အရည်အချင်းရှိတဲ့သူတစ်ယောက်ကို ငြင်းပယ်ပစ်လိုက်တာကို စက် ဘယ်လိုမှ လက်မခံနိုင်ပေ။

ပြောရရင် စီအီးအိုတစ်ယောက်အနေနဲ့ အခုလို အသေးအမွှားကိစ္စမျိုးတွေကို စက် အာရုံမစိုက်နိုင်ပေ။ ဒီနေ့က ရှင်မွေ့ ကြောင့်မို့လို့သာ သူ ဒီနေရာကို ရောက်လာခဲ့တာဖြစ်သည်။ အဲ့တော့မှပဲ အခုလို ကိစ္စမျိုးတွေကို သူ သိခွင့်ရခဲ့တာဖြစ်သည်။ ရှင်မွေ့ မတိုင်ခင်မှာရော အရည်အချင်းရှိတဲ့သူတွေ ဘယ်နှယောက်လောက်တောင် အခုလိုမျိုးတွေ ကြုံခဲ့ရပြီးပြီလဲဆိုတာ စက် တကယ် မခန့်မှန်းနိုင်။

♥️ Extraordinary Marriage ♥️Where stories live. Discover now