Dark Blue & Brown Kinght

28.6K 1.9K 28
                                    

Check Unicode Version Below ⬇️

#Zawgyi

' အချစ် ' တဲ့ စကားလုံးတွေက ရှင်းရှင်းလေးပါ ။ ရှုပ်ထွေးတာက ရင်ရဲ့ဘယ်ဖက်ခြမ်းမှာ ။ သူက May ဘယ်တော့မှသင်ယူတတ်မြောက်နားလည်သွားမှာ မဟုတ်တဲ့ ဘာသာရပ်တစ်ခုပဲ ။

May သူ့ကို ငြင်းနိုင်ခဲ့တယ်ထင်လား ? မငြင်းနိုင်ခဲ့ ၊ မတွန်းလှန်နိုင်ခဲ့ပါ ။ သူ့ရဲ့ လျှပ်တပျက်အနမ်းတွေက May.ကိုအကြိမ်တိုင်း ခြုံခိုတိုက်ခိုက်စဲ ... အကြိမ်တိုင်းလဲ ရှုံးနိမ့်နေစဲပါ ။

သူမေးခဲ့တယ် ' ဘာကြောင့်သူနဲ့မဖြစ်နိုင်တာလဲ 'တဲ့လေ ။ May ပြန်ဖြေဖို့ကြောက်ခဲ့တယ် ... သူထွက်သွားမှာစိုးလို့လေ ။

May သိပ်ကိုမိုက်မဲလွန်းခဲ့သည် ။

May စစ်ရှုံးခဲ့တာအခုဆိုရင် တစ်ပတ်ကျော်သွားပြီဖြစ်သည် ။ အောင်နိုင်သူက သူ ပေါ့ ။ စာရှင်းပြီးလို့ ရေခဲမုန့်စားပြီးတိုင်း May.ကို သူအနမ်းတွေပေးတတ်သည် ။ မပျက်မကွက်ပါပဲ ။ မတိမ်းရှောင်တော့ပဲ လက်ခံပေးမိတာက May ကိုယ်တိုင်ပဲမို့ သူ့ကိုလဲ အပြစ်မဆိုနိုင်ပါ ။

May တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ 
မရေရာတဲ့ သမီးရည်းစားဘဝထက်ပိုပြီးယိုင်နဲ့သည် ။ သူနဲ့ချစ်သူတွေဖြစ်ချင်သလားဆိုတော့လဲ မပြောတတ် ။ ‘ ချစ်သူ ‘ တွေဆိုတာက ‘ ချစ် ‘ ကြတာလေ။ May တို့က အနမ်းခြွေရုံလေးပဲ ... ။

နှုတ်ခမ်းတွေကို လက်ဖြားဖြင့်တို့ထိကာ အတွေးတွေလွင့်မျောရာပါနေမိ၏ ။စာမေးပွဲလဲနီးလာပြီဖြစ်၍ စာရှင်းတာကိုမနေ့တည်းက အပြတ်ဖျက်ခဲ့သည် ။ May နဲ့သူ တွေ့စရာအကြောင်းမရှိတော့ပေ ။ ဒါပေမယ့် သူလာလေမလား ? လာပါစေ... ဟင့်အင်း မလာပါစေနဲ့ ။ ဒွိဟစိတ်ဖြင့် မျော်ငေးနေမိတာက ပြိုင်ကားအနက်လေးတစ်ဆင်းကို... ။

ထိုစဉ် ဖုန်းမြည်သံထွက်ပေါ်လာသောကြောင့် May ဖုန်းကိုပြေးကိုင်လိုက်မိ၏ ။ ခေါ်သူနေရာမှစာတန်းက ‘ ဘောစ့် ‘ တဲ့... သူမဟုတ်နေ ။ May လဲပင့်သက်ဖြေးညှင်းစွာချကာ လက်ခံပြောလိုက်၏ ။

“ ဟယ်လို ဘောစ့် “

“ အေး Summer , ဆိုင်ကိုထပ်လာပေးဦး ။
ပွဲတစ်ခုလက်ခံထားရတယ် မြန်မြန် “

တစ်ဖက်က သူဌေးဖြစ်သူ၏အသံက
လောပြာနေ၏ ။ ကျောင်းပိတ်ရက်တွေ မနက်ဆိုင်းဆင်းပေးရတာကြောင့် ပုံမှန်ဆို May.ကိုပြန်မခေါ်တော့ ... ။ ယနေ့က တကယ်အရေးပေါ်ဖြစ်တာထင်ပါသည် ။

“ ဟုတ်ကဲ့ ဘောစ့် ခုထွက်လာပြီ “

May လဲဖုန်းကိုအမြန်ချကာ ချက်ချင်းပြေးထွက်ခဲ့တော့သည် ။ ခြေရာတွေနှင့်အတူ သူ့ကိုလွမ်းတဲ့ စိတ်ကလေးတွေက တစ်စတစ်စကျန်နေခဲ့တော့သည်။

အပြေးလေးနဲ့ ဆိုင်ကိုရောက်တော့ ဆိုင်ထဲ လူတွေအတော်များနေသည် ။ May.လိုအချိန်ပိုင်းအလုပ်သမားတွေအကုန်လုံးကို လဲခေါ်ထားကာ အလုပ်တွေရှုပ်နေကြသည် ။

May လဲချက်ချင်းအဝတ်လဲကာ ဝင်ကူရတော့သည် ။ စားသောက်ပွဲအပါအဝင်   အပြင်က သပ်သပ်လာသည့်ဧည့်သည်များကိုပါဂရုစိုက်နေရ၍ လူမှာလိမ့်ပတ်မလည်တော့ ။

“ Summer, ဟိုဖက်ဝိုင်းကို နည်းနည်းကြည့်ပေး “

“ ဟုတ်ကဲ့  “

သူဌေးလက်ညှိုးညွှန်တဲ့ဝိုင်းဆီ သွားကာ
May ကစောင့်ကြည့်ပေးရသည် ။ ဧည့်သည်များလိုအပ်လျှင် အရက်စပ်ပေးရသည် ။ မလိုအပ်လျှင်လဲ ဘေးမှာပဲရပ်နေရသည် ။  အဖျော်ဆရာဖြစ်ရ စားပွဲထိုးလဲဖြစ်ရနှင့်‌ May မှာအတော်ပင်ပန်းရပါသည် ။

“ ကောင်မလေး ဒီဖက်ကိုလာဦး “

May.ကိုစား‌သောက်ဝိုင်းမှ လူကြီးတစ်ယောက် လက်ယပ်ခေါ်တာဖြစ်သည် ။ May လဲအမြန်သွားလိုက်သည် ။

“ လာ ငှဲ့ပေးစမ်းပါ  “

May လဲအနားရောက်ရော May.လက်ကိုဆွဲကာ အရက်ခွက်ကိုငှဲ့ခိုင်းတော့သည် ။ May လဲ လက်ကိုအတင်းပြန်ရုန်းကာငြင်းသည် ။

“ ဧည့်သည်ရှင့် ကျွန်မတို့ဆိုင်ကအရက်မငှဲ့ပါဘူးရှင် “

May ချက်ချင်းခေါင်းကိုငုံ့ကာ အမှားမပါအောင်ရှင်းပြရသည် ။ ဒါပေမယ့် အရက်မူးနေသည့် မျက်နှာနီကြီးက
မျက်ခုံးတွန့်သွားကာ ...

“ အဲဒါမလုပ်ရင် မင်းအလုပ်ကဘာလဲ ?
အရက်ဆိုင်မှာ မိန်းမတစ်ယောက်ကအရက်မငှဲ့ရင် ဘာအသုံးဝင်မလဲ ပြောစမ်း “

May.ကို လက်ညှိုးကြီးထိုးကာအော်ဟစ်ပြောတာမို့ တချို့လူတွေကကွက်ကြည့်ကွက်ကြည့် ။ May လဲ အံကိုကြိတ်ကာ လက်သီးတွေကို တင်းတင်းဆုပ်ထားလိုက်သည် ။

ဧည့်သည်ဖြစ်နေတာမို့ ဒေါသတွေကိုမြိုချရင်း သူဌေးမဟုတ် မန်နေဂျာအစ်မကိုရှာမိသည် ။ ကံဆိုးချင်တော့ ဘယ်သူမှမရှိနေ ။ ဆိုင်အနောက်ဖက်ထဲ ရောက်နေကြသည်ထင်သည် ။‌ May လဲ စိတ်ကိုတတ်နိုင်သမျှ အေးအောင်ထားပြီး ထိုလူကြီးကိုပြန်ကြည့်လိုက်သည် ။

“ တောင်းပန်ပါတယ်ရှင့် ။ ကျွန်မက အဲဒီလိုဝန်ဆောင်မှုမျိုးပေးတဲ့ ဝန်ထမ်းမဟုတ်ပါဘူးရှင့် “

ထိုအခါ May.ကိုခြေဆုံးခေါင်းဆုံးသွားရည်တမြားမြားမျက်လုံးတွေဖြင့်ကြည့်ကာ ထိုလူကြီး‌‌အော်ရယ်လေသည်။

“ ဟားဟား မင်းကအဲလိုမျိုးမလုပ်ဘူး ? ဘယ်လောက်ပေးရမလဲ ပြောလိုက်စမ်း ! မင်းတောင်းသလောက်ပေးမယ် ၊ ငါ့တို့ကို လာငှဲ့ပေး အခုချက်ချင်း “

May.ကို လက်ကိုအားကြီးနဲ့ဆတ်ခနဲဆွဲကာ ရွံ့စရာမျက်နှာကြီးနှင့်ပြောလာ၏ ။ May. သည် ထိုသူ၏လက်မှရုန်းလို့မနိုင် ။ ပါးကိုစိတ်ရှိသလောက် လွှဲရိုက်ချင်ပေမယ့်လဲ ပြဿနာကို ဒီထပ်ကြီးအောင်မလုပ်ချင်တာမို့ ... ။ မျက်လုံးကိုမှိတ်၊ အံကိုကြိတ်ကာ သည်းခံရန်ကြိုးစားမိသည် ။ တစ်ခွက်ပဲငှဲ့ပေးလိုက်ရင် ပြီးသွားမှာပါ ။

“ ဟွန်း ဟွန်း Bar ကမိန်းမကများ ... “

အဲ့ဒီမှတ်ချက်နောက်တွင် သည်းခံမှုတရားတွေ ထောင်းခနဲပြတ်တောက်သွားသလို ... May.ရဲ့လက်တစ်ဖက်လေထဲမြောက်ကာ အားနဲ့လွှဲပစ်လိုက်တော့သည် ။

“ ဟေး !  “

May. ရဲ့လက်ဖဝါးသည် ထိုလူကြီး၏ပါးပြင်ပေါ်အစား ယောကျာ်းတစ်ယောက်ရဲ့
လက်ထဲရောက်သွား၏ ။ မြှောက်နေတဲ့ May.ရဲ့လက်ဖဝါး‌ကို အနောက်ကဖမ်းဆွဲထားတာမို့ သမင်လည်ပြန်ကြည့်လိုက်တော့  မြင့်မားသောအရပ်အမောင်းနှင့် အမျိုးသားတစ်ဦးဖြစ်၏ ။ ထိုယောင်္ကျားက May.ကို ငုံ့ကြည့်နေရင်း ပြုံးကာခေါင်းညိတ်ပြသည် ။

“ မိန်းကလေးဖယ်နေ ၊ကိုယ်ရှင်းလိုက်မယ် “

May. ကိုယ်လေးကို သူအသာလေးတွန်းဖယ်လိုက်ပြီး May နဲ့ထိုလူကြီးကြား ကာဆီးရပ်လိုက်၏ ။ May သည် ထိုသူ၏အနောက်ရောက်သွားမှ သူ့အရပ်ကြီးကို ပိုသတိထားမိသွားသည် ။ အတော်ရှည်လျားသောအရပ်ကြီးပင် ၊ လူကိုအုပ်ကာမိုးနေ၏ ။ Killian ထပ်နည်းနည်းပိုရှည်နိုင်သည် ။ May.အား ကာထားပေးပုံဟာ  တံတိုင်းကြီးပမာတောင့်မတ်ကာ လူကိုလုံခြုံသွားစေသည် ။

“ မင်း... မင်းက ဘာဝင်ပါတာလဲ “

ဟိုလူကြီး ထိုယောကျာ်းကိုမြင်တော့စကားတွေထစ်ကာ တုန်တုန်ယင်ယင်ဖြစ်ကုန်၏ ။ ထိုယောကျာ်းက ခါးကိုကိုင်းကာ ထိုလူကြီး၏နားထဲ တစ်စုံတစ်ခုကပ်ပြောလိုက်သည်နှင့်၊ ထိုလူကြီးမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားပြီး ထိုင်ခုံပေါ်အရုပ်ကြိုးပျက်ထိုင်ချလိုက်တော့သည် ။ ပြီးနောက်ခေါင်းငုံ့သွားတာ ပြန်မဖော်လာတော့ ။

ဒီယောကျာ်း ဘယ်သူနည်း ?

ပြဿနာသည် သူဌေးရဲ့နားထဲရောက်တော့ ထိုလူကြီးနဲ့အဖွဲ့ကိုဆိုင်မှ နှင်ထုတ်လိုက်ကြသည် ။ Bar တစ်ခုဖြစ်တာကြောင့် သေချာပေါက် ဒီလိုအမူးအရူးတွေကို ထိန်းဖို့လူတွေရှိတာပေါ့ ။ ပြီးနောက် သူဌေးက May.ကို Bar ကောင်တာထောင့်တွင် အအေးတစ်ခွက်နှင့် စိတ်အေးသွားအောင်ထိုင်ခိုင်းထားလေသည် ။

“ မိန်းကလေးအဆင်ပြေရဲ့လား ? ကိုယ် မဆိုင်တာဝင်ပါမိသွားလား ? “

ကယ်တင်ရှင်ကိုယ်တော်လေးသည် May. ဘေးနားလာထိုင်ကာ မေးသည် ။ May.ကိုကြည့်သည့်မျက်လုံးသည် ရီဝေကာ
အညိုရောင်မျက်ဆန်ကြီးတွေနှင့် ။ မျက်တောင်တွေဟာ တစ်ချောင်းချင်းဂရုတစိုက်ရေးဆွဲထားသလို ကော့ညွတ်နေ၏ ။ အတော်စူးရှရိုက်ခတ်စေတဲ့မျက်လုံးတွေလို့ May မှတ်ချက်ချမိသည် ။

“ အဆင်ပြေပါတယ်ရှင် ။ ခုဏက အတွက် တကယ်ကျေးဇူးပါ “

May ကယဉ်ကျေးစွာပြန်ဖြေလိုက်တော့ ထိုသူခပ်ဖွဖွလေးပြုံးသွား၏ ။

“ ‘ ရှင် ‘ ဆိုတာကြီးကတမျိုးပဲ ၊ နားထောင်ရအခက်သား “

မပွင့်တပွင့်ပြုံးတာက နှုတ်ခမ်းပါးပါးတွေကို ပိုပြီးဆွဲဆောင်မှုရှိအောင်စွမ်းသည် ။ ထိုယောကျာ်းသည် အမူအရာ၊စကားပြောပုံကအစ လူကြီးလူကောင်းဆန်လှကာ ပညာတတ်တစ်ယောက်ဖြစ်ကြောင်းသိသာ၏ ။

ခဏကအရက်မူးသမားကြီးသည် သူချမ်းသာတစ်‌ယောက်ပဲဆိုပေမယ့် ဒီလူကိုကြောက်ရွံသွားခဲ့တာဖြစ်သည် ။ ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ဤယောကျာ်းသည် မြေအောက်လောကမှာကျင်လည်နေတဲ့ သူမျိုးလဲဖြစ်နေနိုင်သည် ။ ဒါမှမဟုတ် အဲ့ဒီထပ်ကြီးတဲ့ထဲကလဲ ဖြစ်နေနိုင်သည် ။ ဒါပေမယ့်ထူးခြားတာက ထိုလူဆီမှ Killian King လို အန္တာရာယ်အငွေ့အသက်မျိုးမရပေ ။ ကြင်နာတဲ့မျက်လုံးရိပ်တွေကြောင့် ရင်းနှီးသလိုခံစားရ‌စေသည် ။

“ ဒါက ဧည့်ကိုလေးစားသမှုနဲ့မို့ပါ “

May. ရဲ့ဖြေရှင်းချက်ကို နားလည်တဲ့သဘော သူခေါင်းညိတ်သည် ။

“ ဒါဆိုရင် ဧည့်သည်ဆိုတာခဏမေ့ပြီး
‘ ရှင် ‘ ဆိုတာကြီးဖြုတ်ပြောပါကွာ “

“ ဟုတ်ကဲ့ အဲလိုလုပ်ပါ့မယ် ။ May လဲအဆင်ပြေသွားပြီမို့ အစ်ကိုလုပ်စရာရှိရင်သွားလို့ရပါပြီ... ကျေးဇူးပါ “

May. ကိုစိတ်ပူနေပုံရတဲ့အတွက် May လဲအားနာနာနဲ့ပြောလိုက်ခြင်းသာဖြစ်၏ ။ သို့သော် သူ၏မျက်ဝန်းညိုကြီးများမှာ စိတ်မကောင်းဖြစ်သွားပုံပင် ။ ခပ်ဖွဖွပြုံးနေလျက်ပဲ ခေါင်းငုံ့သွားကာတစ်စုံတစ်ခုကိုတွေးနေ၏ ။

“ ‌မင်းနာမည်က May ဆိုတော့ Mayလမှာမွေးတာပေါ့ ... မွေးနေ့တောင်ကျော်သွားပြီပဲ “

သူ့စကားက မေးနေတာမဟုတ်နေ၊ မှတ်ယူချက်တစ်ခုလို တစ်လုံးချင်းရွတ်သည် ။ ထို့နောက် သူ့ဖာသာသူ ပြုံးနေပြန်၏ ။

ဒီလူတော်တော်ဆွဲဆောင်မှုရှိတဲ့လူပဲ... ။
ဒါက May. ရဲ့ဒုတိယမှတ်ချက် ။

“ ကိုယ့်ကိုက အစ်ကိုလို့မခေါ်ပါနဲ့ အလှမ်းဝေးသလိုပဲ ။ ကိုယ့်နာမည်က ... “ 

“ May ! “

ကျယ်လောင်သော ခေါ်သံနက်နက်တစ်ခု ... ။

May ရော ထိုယောင်္ကျားပါ အသံလာရာကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည် ။ May.ဆီ တန်းတန်းမတ်မတ်လျောက်လာနေသည်က နက်ပြာရောင်မီးလျှံတွေနဲ့ Killian King... ။ သူဘာတွေကို ဒေါသထွက်နေပြန်ပြီလဲ ? ဒီနေ့က May. အတွက်ပြဿဒါးနေမည် ။

Tasting RED : Eros (Completed)Where stories live. Discover now