'Summer Karma-(1)'

14.8K 735 30
                                    

#Zawgyi

လေပြင်းတစ်ချက်ဝှေ့တိုက်သွားတိုင်း ဖုန်အလိန်းလိန်းထ‌‌နေ‌သောအဝင်လမ်းသည်ကွက်တိကွက်ကျားရေညှိစိမ်းများဖုံးနေသည့် အဆောက်အအုံတစ်ခုဆီဦးတည်နေသည် ။
လမ်း၏ဘေးနား၌ တမင်စိုက်ထားသော်ငှား မစိုက်ထားသော်ငှားမပြောနိုင်သည့် အရိုင်းပန်းပင်လေးများကျိုးတိုးကျဲတဲပေါက်ရောက်နေသည် ။
ခြေလှမ်းလိုက်တိုင်းနင်းမိသော‌မြေပြင်‌ပေါ်ကသစ်ရွက်ခြောက်များသည် တဂျွတ်ဂျွတ်မြည်လို့နေ၏ ။

မိဘမဲ့ဂေဟာတစ်ခု၏အဝင်လမ်းပေါ်၌ ခြေလှမ်းကျဲတွေဖြင့်မာန်ပါပါလျောက်နေသော ကျော့ကျော့မော့မော့အမျိုးသားတစ်ဦးနှင့် သူ၏နောက်မှ လက်ကိုတွဲကာ ယက်ကန်ယက်ကန်ပါလာသော ကလေးငယ်‌တစ်ဦး ။
လက်တစ်ဖက်မှ လက်ဆွဲသေတ္တာကြီးတစ်လုံးကို မနိုင်မနင်းဆွဲထားရသော ကောင်မလေး၏လက်နုနုကလေးတွေသည် သွေးချေဥမတတ်နီကာရဲနေ၏ ။
သို့သော် နှာခေါင်းထိပ်နီတာရဲနှင့် ခပ်မာမာမျက်နှာလေးမှာ မျက်ရည်ကြီးငယ်မကျရေး တင်းခံထားနေသည် ။
သူမအားတရွတ်တိုက်မဆွဲရုံတမယ် လက်ကောက်ဝတ်လေးတွေကို အားဖြင့်ညှစ်ထားသည့်အဖေဖြစ်သူ၏ကျောပြင်ကို အံကလေး ကြိတ်ကာ မော့ကြည့်ရင်းလိုက်ပါလာခဲ့သည် ။

" ကျွန်တော်မနေ့က ဖုန်းဆက်ထားတဲ့သူပါ . . . "

အဆောက်အအုံ၏ တံခါးမကြီးရှေ့၌ ရပ်နေသောအမျိုးသမီးကို အလောတကြီးလေသံနဲ့ပြောလိုက်တော့ အမျိုးသမီးကြီးမှာ နားလည်သွားဟန်ခေါင်းညိတ်ပြသည် ။
သူမ၏ရင်ဖက်၌ထိုးထားသော ရင်ထိုးတွင် ' မန်နေဂျာ ' ဟူသော ရာထူးတစ်ခုကိုဖော်ပြနေသည် ။
လူကြီးနှစ်ယောက်ရဲ့ ပြောစကားများတွင် ' စွန့်လွှတ်ခွင့် ' ၊ ' စောင့်ရှောက်ဖို့မတတ်နိုင် ' ၊ ' အကောင့်ထဲကိုငွေလွှဲပြီး ' စသော အသက်ဆယ့်နှစ်နှစ်ပြည့်ပြီးခါစ ကောင်မလေးတစ်ယောက်နားမလည်နိုင်သောခပ်ရှုပ်ရှုပ် စကားလုံးများပါဝင်၏ ။
ကောင်မလေးသည် လူကြီးနှစ်ယောက်ကိုမော့ကြည့်နေရင်း နာကျင်လှပြီဖြစ်သော လက်ကောက်ဝတ်ကလေးကို ဖြေးဖြေးရုန်းနေမိသည် ။ ပတ်ဝန်းကျင်ကို မျက်စိကစားမိရာ လှေကားထစ်၏လက်တန်းကိုမှီကာတွယ်ကာ စပ်စုသောမျက်လုံးကလေးများဖြင့် ခပ်နွမ်းနွမ်းကလေးလေးတွေကိုတွေ့ရသည် ။
အများစုမှာ ဆယ်နှစ်ဝန်းကျင်မတိမ်းမယိမ်းလေးများဖြစ်သော်လည်း ကောင်လေးတစ်‌ယောက်မှာ လွန်စွာမှသေးငယ်သောအနှီးထုတ်လေးကို ရင်ခွင်၌ပွေ့ချီထားတာကိုတွေ့ရ၏ ။
ကလေးငယ်များသည် တောက်ပြောင်သောဂါဝန်အနီကားကားလေးနဲ့ ချောမောလွန်းလှသော လူသစ်ကောင်မလေးကို မှုန်မှိုင်းသောမျက်လုံးလေးများဖြင့်ကြည့်လို့နေကြသည် ။
သူတို့လေးတွေ၏ မျက်ဝန်းမှသတင်းစကားသည် သူငယ်ချင်းအသစ်လေးအား ပူဆွေးဝမ်းနည်းစရာကောင်းသော ပုံပြင်များကိုပြောပြနေကြသည် ။
ကောင်မလေးသည် မည်မျှငယ်ရွယ်ပါသော်လည်း ထိုအဓိပ္ပါယ်များကို ဖြူစင်သောနှလုံးသားလေးဖြင့် အပြည့်အဝခံစားရ၍ စို့နင့်ကာဝမ်းနည်းလာတော့သည် ။

Tasting RED : Eros (Completed)Where stories live. Discover now