အခန်း ၂၄၇ - ကျွန်း​ဝေလငါး

334 33 0
                                    

အခန်း ၂၄၇ - ကျွန်း​ဝေလငါး

လင်းယွမ်က ဖုန်းပြန်ဖြေ​နေချိန် ဝမ်ယွီသည် သူ့အမူအရာကို အာရုံစိုက်နေသည်။ ဖုန်းချသွားသည်ကိုမြင်တော့ ​လော​လောလတ်လတ်ဖျော်ထား​​သော လက်ဖက်ရည်တစ်ခွက်ကို ယူလာပြီး ​ပြောသည်။ "သခင်​လေး၊ ဖုန်းဆက်ပြီး​တော့ ပိုပျော်လာတယ်လို့ ကျွန်မခံစားရတယ်။"

လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောပြီး ပြန်​ဖြေသည်။ “ငါ စိတ်ပူ​နေရတဲ့ ကိစ္စက နောက်ဆုံးတော့ ​ပြေလည်သွားပြီ​​လေ။”

သူ့ခွန်အားကို မြှင့်တင်ခြင်းအပြင် သူ့စိတ်ထဲ၌ အရေးကြီးဆုံးမှာ အန်တီကျန်းနဲ့ အန်ကယ်လီပင်။ ချူချီအတွက် လ​အေး​သော်တာသည် ဖူးသစ်နီမြို့သို့ ရောက်ရှိ​နေသောကြောင့် သူမကို​တော့ သူစိတ်မပူပါ​ပေ။

ဤအ​တောအတွင်း လင်းယွမ်သည် သူမအား ဖုန်းခေါ်ဆိုခြင်းမှ ချူချီ၏လေ့ကျင့်​ရေး မည်မျှခက်ခဲသည်ကို ခံစားနိုင်သည်။ ဂုဏ်ယူမိခြင်းအပြင် အနည်းငယ်လည်း ​ကြေကွဲဝမ်းနည်းရသည်။

သို့​သော် တခြားအရာတွေထက် အံ့သြဖို့​ကောင်း​သော ညီမ​လေးတစ်ယောက်ကို လမ်းမှားရောက်အောင် ပျိုး​ထောင်ထားမိသကဲ့သို့ ခံစား​နေရပြီး သူ့ကိုယ်သူ အပြစ်တင်မိသည်။

လင်းယွမ်သည် ကြယ်ကွန်ယက်တွင် သူ၏သတင်းများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သော်ငြား ချူချီ၏သတင်းကို​တော့ အလွန်အာရုံစိုက်​လေ့ရှိသည်။

သိပ်မကြာခင်က ချူချီသည် ကြယ်ကွန်ယက်တိုက်ပွဲကို စတင်ခဲ့သည်။ သူမ၏ကြောက်စရာကောင်းသောပါရမီနှင့် သူမ၏ ​ကြေး/ဆန်းပြားမျိုးသန့်ဖန်​ကျောက်သံထည်နွားရိုင်းသည် လူအများ၏အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။ ကြယ်ကွန်ယက်၏ ဆောင်းပါးရှင်အချို့သည် သူမအကြောင်း ဆောင်းပါးများပင် ရေးသားနေကြသည်။

အခြားအရာအားလုံးမှာ အဆင်ပြေသော်လည်း ချူချီသည် ကြယ်ကွန်ယက်တွင် အလွန်အစွမ်းထက်ပြီး ခြယ်လှယ်လွန်း​သော ဂုဏ်ပုဒ်တစ်ခုကို အံ့အားသင့်ဖွယ်​ကောင်းစွာ ရရှိနိုင်ခဲ့သည်—နွားရိုင်းသူရဲ​ကောင်းဟုပင်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now