Chapter 39 : အပေါက်ဆိုးသော အဖိုးအို
ထိုလူကြီး၏အသံက အနည်းငယ်ကြမ်းတမ်းနေသည်။ သူ၏ အရှိန်အဝါပုံပန်းသွင်ပြင်နှင့် ဘေးပတ်ဝန်းကျင်ကိုသာ ပေါင်းစပ်လိုက်ပါက အခြားသူသာဆိုလျှင် ကြောက်လန့်၍ ထွက်ပြေးသွားလောက်ပြီဖြစ်၏။
ကျင်းယွင်ကျောင်းကတော့ ထူးဆန်းနေမည့်အစား ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။
"ကျွန်မ ဆေးပင်တွေ ရောင်းဖို့ လာတာပါရှင်"
သူမက သူမ၏ရှေ့ရှိ ခြင်းတောင်းကို ညွှန်ပြလိုက်၏။
ထိုလူကြီးက ခြင်းတောင်းကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ပြန်လာသည်။
"အထဲ ဝင်ခဲ့"
သူသည် ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း၏ လက်ထဲမှ ခြင်းတောင်းကို အားဖြင့် ဆွဲယူလိုက်၏။
ကျင်ယွင်ကျောင်းသည် ခြံဝန်းထဲသို့ ဝင်လိုက်သောအခါ အံ့သြသွားသည်။ သူမသည် ဆေးပင်အထပ်လိုက်ပေါင်းများစွာ၊ ဆေးအိုးများနှင့် တခြားပစ္စည်းများကို တွေ့လိုက်ရသည်။ သို့ရာတွင် ထိုအရာများမှာ စွန့်ပစ်ထားခြင်းမှန်း သိသာ၏။ ထို့အပြင် ထူးဆန်းသော အနံ့ပေါင်းမှာလည်း ဤခြံဝန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် အနံ့၏မူလရင်းမြစ်နှင့် နီးကပ်နေသော်လည်း သူမသည် ထိုသည်းမခံနိုင်စရာကောင်းသော အရာက မည်သည့်အရာဖြစ်သည်ကို ရှာမတွေ့သေးပေ။
"ရှစ်ဖူးက အခု အလုပ်ရှုပ်နေတော့ ဒီပစ္စည်းတွေကို ငါပဲ သူ့အစား လက်ခံထားလိုက်မယ်။ မင်းရဲ့ဒီသန်ရှင်းမြစ်တွေက အရည်အသွေး အတော်ကောင်းတယ်။ ငါ မင်းကို တစ်ကျင်းကို ယွမ်သုံးဆယ်ပေးမယ်။ မင်းလက်ခံနိုင်ရင် ငါ မင်းအတွက် ပိုက်ဆံသွားယူပေးမယ်။ လက်မခံနိုင်ရင်တော့ မင်း ဒီပစ္စည်းတွေ ယူပြီး ထွက်သွားတော့။ ဘယ်တော့မှ ထပ်မလာခဲ့နဲ့"
ထိုလူကြီးက ဆက်တိုက်ပြောသွား၏။ သူ၏ အမူအယာမှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှသည်။
သန်ရှင်းမြစ်အား သတ်မှတ်ပေးသော စျေးနှုန်းမှာ သင့်လျော်၏။ ကျင်းယွင်ကျောင်းသည်လည်း လောဘမကြီးသူဖြစ်ရာ ခေါင်းညိတ်၍ သဘောတူလိုက်သည်။