Chapter 46 : ရက်စက်သော မိန်းကလေး
အတိတ်ဘဝ၌ ကျင်းယွင်ကျောင်းသည် ချောင်ဝေ့မင်ကို မတော်တဆ သတ်ခဲ့မိစဥ်က ချောင်ဟုန်ယဲ့ နှင့် ချောင်မိသားစုဝင်များ၏ ပုံစံများမှာလည်း ဤကဲ့သို့ပင်။ သူတို့သည်လည်း လူသတ်ရန် အသင့်ဖြစ်နေပုံဖြင့် ဒေါသတကြီး ဝင်လာကြသည်။
"အမေ၊ ပြောင်တိ (ဝမ်းကွဲညီလေး) ရဲ့ အခြေအနေ ဘယ်လိုလဲ"
သာ့ပြောင်ကောသည် သူ၏ မိသားစုကို မြင်သောအခါ ချက်ချင်း မေးလိုက်၍ အကြီးဆုံးအဒေါ်က သက်ပြင်းရှိုက်လိုက်၏။
"ငါတို့လည်း ခုထိ မသိသေးဘူး။ ဒါပေမယ့် ငါတို့လာတုန်းကတော့ ဆရာဝန်က တော်တော် အခြေအနေဆိုးတယ်လို့ပြောတယ်။ သွေးထွက်လွန်ထားတာမို့လို့ သူတို့လည်း သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူးတဲ့"
ထိုစကားကိုကြားပြီးနောက် သာ့ပြောင်ကောသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
ကျင်းယွင်ကျောင်းက သူ၏ အမူအယာကို အေးစက်စက် စောင့်ကြည့်နေပြီး သူမ၏ မျက်ဝန်းများက စက်ဆုပ်ရွံရှာမှုများနှင့် ပြည့်နေ၏။
သူတို့သည် ကောင်းမွန်သော မိသားစုဆက်ဆံရေးရှိသည်ဟု ဆိုသော်လည်း သူသည် သူ့ကိုယ်သူ ကယ်တင်ချင်သောကြောင့် အခြားသူအား သေစေချင်နေသည်။ နစ်နာသူ၏ သက်သေထွက်ဆိုချက်မရှိလျှင် သူသည် သူမအပေါ် အပြစ်ပုံချရန် ပို၍လွယ်ကူသွားမည်ပင်။ ဒီလိုလူတွေကများ သူမကို ရွံရှာစက်ဆုပ်ကြသတဲ့...
"ဒါတွေအားလုံး နင့်အပြစ်တွေပဲ၊ ကျင်းယွင်ကျောင်း။ နင့်ကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ စန်းပြောင်ကောလည်း ဒီလိုအခြေအနေနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး"
လုကျားသည် ယခင်က သူမ၏ စန်းပြောင်ကောက သူမအား ဂရုစိုက်ခဲ့သည်များကို သတိရသွား၍ အော်ဟစ်ပြောဆိုလာ၏။
ကျင်းယွင်ကျောင်းသည် ဘာကိုမှ ပြောဆိုလိုစိတ် မရှိသော်လည်း လုကျားက သူမအား လူရှေ့သူရှေ့တွင် ဤသို့ပြောလိုက်သည်ကို ကြားသောအခါ ဆက်၍ သည်းမခံနိုင်တော့ပေ။
"ငါ့ကြောင့် ဟုတ်လား။ ငါ့ကို ချောင်ပိတ်ပြီးတော့ တိုက်ခိုက်တာ နင်တို့အုပ်စုလေ။ နင်တို့လူကို ဒဏ်ရာရအောင်လုပ်တာလည်း နင်နဲ့ နင့်အုပ်စုလေ။ နင်က အခု ငါ့ကို အပြစ်ပုံချချင်နေတာလား။ ဒါ ဘယ်လို လော့ဂျစ်ကြီးလဲ"