Chapter 109 : နတ်ဘုရားမ ပုံရိပ်ပျက်ဆီးခြင်း
ချောင်ဝေ့မင်သည် ထိုအကြောင်းကို တွေးလေလေ၊ ဒေါသထွက်လေလေပင်။ သို့သော် သူသည် ကျင်းယွင်ကျောင်းနေသော နေရာကိုလည်း မသိသည်ဖြစ်ရာ ဒယ်ပြားပူပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နေမရထိုင်မရ ဖြစ်နေလေ၏။ သူနောက်တစ်ကြိမ် ကျင်းယွင်ကျောင်းအား တွေ့သောအခါ ဂျင်ဆင်း မရှိတော့မည်အား သေလုအောင် ကြောက်ရွံ့နေသည်။
ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်အား အကြောင်းအရာမှန်များကို ဖုံးကွယ်ခြင်း အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီးနောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူမက တိုးတိုးပြောလိုက်သည်။
"အဖေ၊ ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး"
သူမ၏ ပိုက်ဆံများအားလုံးကို မနေ့က ယောက်ျားက ယူသွားပြီဖြစ်သည်။ သူမ၌ နောက်အပတ် နေထိုင်စရိတ်မှ လွဲ၍ ဘာမှ မကျန်တော့ပေ။
"ပိုက်ဆံမရှိတော့ဘူး ဟုတ်လား။ နင် အပြင်မှာ ဘာသောက်ပစ္စည်းတွေ ဝယ်လိုက်တာလဲ။ ငါ နင့်ကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ပိုက်ဆံပေးထားတာ မဟုတ်လား"
ချောင်ဝေ့မင်သည် သူ၏ ဤသမီးဖြစ်သူအား ပို၍ ပို၍ပင် မကျေမနပ်ဖြစ်လာသည်။ သူသည် သူ၏ ရှေ့ရှိ တစ်ယောက်အပေါ် စိတ်ထိန်းနေရပြီး ယခင်က သူမ အပေါ်တွင်ထားရှိခဲ့သော ထင်မြင်ချက်မျသည်လည်း လုံးဝကွာခြားသွားပြီဖြစ်၏။
ယဲ့ချင် ကွယ်လွန်သွားချိန်မှစ၍ သူတို့၏ မိသားစုသည် သူ၏ ဆန္ဒနှင့် ကိုက်ညီမှုများ နည်းသထက် နည်းပါးလာသည်။ သူ့အတွက် အေးအေးချမ်းချမ်းနေရသည့် ရက်ဟူ၍ တစ်ရက်မှ မရှိချေ။ အမှန်တကယ်ပင် အိမ်ရှင်မ, မရှိ၍ အိမ်ထောင်မှုကို မထိန်းသိမ်းနိုင်တော့သည်နှင့် တူနေ၏။
ချောင်ဟုန်ယဲ့က သူမ၏ ခေါင်းကို ငုံ့ထားသည်။
"ကျွန်မ...ကျွန်မ ပိုက်ဆံပျောက်သွားတာ"
သူမသည် အမှန်အတိုင်း မပြောရဲချေ။ အကယ်၍ သူမ ပြောလိုက်မိပြီး သူမ၏ အဖေဖြစ်သူက ပြဿနာထရှာပါက သိက္ခာကျမည့်သူမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။