Chapter 188 : အရူး
ယခုအခါတွင် ကျင်းယွင်ကျောင်း၏ ဤလူများအပေါ် သဘောထားသည် အလွန်အမင်း အထင်သေးစက်ဆုပ်ခြင်းနှင့် မုန်းတီးမှုများပြည့်နေ၏။
ဤလူများနှင့် မသက်ဆိုင်ပါက သူမသည် ကိစ္စကို လွှတ်ထားလိုက်မည်ဖြစ်သည်။ တကယ်တမ်း လူတိုင်း၌ အတင်းပြောချင်စိတ်ရှိ၍ အမှန်တရားကို သတိမထားမိဘဲ ဖြတ်သွားဖြတ်လာများကဲ့သို့ နေခြင်းက သူတို့အတွက် အမှား မဟုတ်ပေ။ သို့သော် အဖိုးကန်သည် ဤဆေးရုံ၌ ဆယ်စုနှစ်များပေါင်းများစွာ အလုပ်လုပ်လာခဲ့သည်ဖြစ်၍ သူ့ အကျင့်သီလဖြူစင်မှုကို သိသောသူတစ်ယောက်မှ မရှိနိုင်စရာ အကြောင်းမရှိဘူး မဟုတ်လား။
ဤလူအုပ်အတွင်း၌ သူ့ လူနာဖြစ်ခဲ့ဖူးသူ သို့မဟုတ် ဖြစ်ကြသူအချို့ ရှိသည်။ ဤနေရာ၌ သူ့ လမ်းညွှန်မှုကို တစ်ကြိမ်တစ်ခါ ခံယူဖူးသည့် နယ်ပယ်တူမှ လူများလည်း ရှိ၏။ ဒါတောင် သူလိုအပ်နေတဲ့အချိန်မှာ သူတို့က လက်ကလေးတစ်ဖက်တောင် ကမ်းမပေးနိုင်ဘူးလား။
အကယ်၍ သူ့အား ကယ်တင်မည့် အတွေးရှိသူအချို့ အမှန်တကယ် ရှိသည်ဆိုလျှင်တောင်မှ အဆုံးတွင်မူ ဘယ်သူကမှ မလှုပ်ကြပေ။
လူတစ်ယောက်သည် အသက်ကြီးလာသည်နှင့်အမျှ သူတို့ခန္ဓာကိုယ်သည် ဒဏ်ခံနိုင်စွမ်းနည်းလာ၍ ကိစ္စများအပေါ် သည်းခံနိုင်စွမ်းလည်း လျှော့နည်းလာသည်။ ဤသည်မှာ လူတိုင်းသိသည့် သာမန်ဗဟုသုတဖြစ်၏။ ဘာမှမလုပ်ပေးဘဲနေသော စက္ကန့်တိုင်းသည် အဖိုးကန်၏ ကျန်းမာရေးအား အန္တရာယ်တစ်ဆပိုတိုးလာခြင်းနှင့် ညီမျှသည်။ ဒါကို သူတို့ မသိဘူးလား။ ၎င်းက သူတို့သည် သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ ထည့်စဥ်းစား၍ ပြဿနာထဲ၌ ပါဝင်ပတ်သတ်မိမည်ကို ကြောက်၍ ဖြစ်ကြောင်းက ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားပေ။
ကျင်းယွင်ကျောင်း၏ စကားလုံးများက သမားတော်ကန်နှင့် ရင်းနှီးသူများ၏ မျက်နှာများအား နီရဲလာအောင် လှုံ့ဆော်ပေးနေ၍ သူတို့၏ နှလုံးသားများကလည်း မလုံမလဲ ခံစားနေရသည်။
ထိုအချိန်မှာပင် ဒါရိုက်တာလျို့သည် ဒေါသထွက်၍ မချင့်မရဲဖြစ်လာ၏။