Chapter 98 : အပြာရောင်မှ ဆင်းသက်လာသော အစိမ်းရောင်
ကောင်းရှင်းက ပြုံးလိုက်ပြီး ချောင်ဟုန်ယဲ့အား သရော်ကြည့် ကြည့်လိုက်၏။ သူသည် သူမဆီမှ ဘယ်လို ဇာတ်လမ်းမျိုး ထွက်လာမည်ဆိုသည်အား အမှန်တကယ်ပင် သိချင်နေ၏။
"အနည်းဆုံးတော့ ကျွန်မ ဘာလို့ အိမ်မပြန်ဘဲ ဒီတည်းခိုခန်းမှာ တည်းနေတာလဲဆိုတာကို ရှင် နည်းနည်းလောက် မသိချင်ဘူးလား။ တကယ်တော့ ဒါတွေအားလုံးက ကျင်းယွင်ကျောင်းကြောင့်ပဲ။ သူက တောင်ပေါ်ကနေပြီး ဂျင်ဆင်းအရိုင်းအမြစ်နှစ်ခုကို တူးလာခဲ့တယ်တဲ့၊ ကျွန်မအဖေက သူကိုယ်တိုင် မျက်လုံးနဲ့မြင်ခဲ့တာလို့ ပြောတယ်။ အဲဒါက အနည်းဆုံး သန်းနဲ့ချီပြီး တန်တယ်တဲ့။ ကျင်းယွင်ကျောင်းကလည်း မြို့ထဲမှာ ခရားအကွဲတစ်လုံးကို ဝယ်ဖို့ ယွမ်နှစ်သိန်းတောင် သုံးခဲ့တာ။ ရှင် မြို့ထဲမှာ မေးကြည့်ရင် သိလာလိမ့်မယ်။ အခု ကျွန်မရဲ့အဖေက သူ ဘယ်မှာနေတာလဲဆိုတာ အတိအကျ သိချင်နေတယ်။ အဖေက ပိုက်ဆံတွေကို ပြန်လုချင်နေတာ သေချာသလောက်ပဲ"
ချောင်ဟုန်ယဲ့က ပျာယီးပျာယာဖြင့် ရှင်းပြလိုက်သည်။ ကောင်းရှင်းသည် ဤသွေးဆောင်မှုကို တောင့်မခံနိုင်ကြောင်း သူမ သိ၏။
မျှော်လင့်ထားသည့် အတိုင်းပင် ထိုသတင်းကို ကြားပြီးနောက် ကောင်းရှင်းသည် အံ့သြထိတ်လန့်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူသည် လောဘစိတ်ကို ထုတ်ဖော်မပြဘဲ မနေနိုင်ခဲ့။
"ဒီ ကျင်းယွင်ကျောင်းက တကယ်ပဲ ဒီလို သောက်ကျိုးနည်း ကံကောင်းမှုအကြီးကြီး ရှိနေတာလား"
ဂျင်ဆင်းက ဘယ်အချိန်တုန်းကများ ဒီလောက် တူးရလွယ်သွားတာလဲ။ နင်းရှန်မြို့တွင် စားဝတ်နေရေးအတွက် တောင်များကို မှီခိုနေရသူ များစွာရှိ၍ ဤကဲ့သို့ ရတနာသိုက်ကို ရှာတွေ့သူတစ်ယောက်မှ မရှိသည်ကတော့ အမှန်ပင်။
"ကျွန်မ သိပါတယ်၊ ဟုတ်တယ်မဟုတ်လား။ ကောင်းကော ရှင်က အခု ပိုက်ဆံပြတ်နေပြီးတော့ ကျွန်မအဖေက ကျွန်မကို ကျင်းယွင်ကျောင်းရဲ့အကြောင်း စုံစမ်းဖို့ တာဝန်ပေးထားတယ်။ ဒါကြောင့် ကျွန်မတို့ အတူ အလုပ်လုပ်သင့်တယ်"