Chapter 89 : ကျေးဇူးကြွေး
ချောင်ဝေ့မင်က သူသည် အခက်အခဲများစွာကို ရင်ဆိုင်၍ ကျင်းယွင်ကျောင်းအား မြေတောင်မြှောက်ပေးခဲ့ရသကဲ့သို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသောဟန်ပန်ကို ထိန်းသိမ်းထားကာ အံ့သြထိတ်လန့်နေဟန်ဖြင့် သူ၏ မျက်နှာပေါ်တွင်လည်း ရိုးသားသော ပုံဖမ်းထားသေးသည်။
"ကျွန်မရဲ့ကျောင်းစရိတ်တွေကို ပေးခဲ့တယ်လို့ ရှင်ပြောလိုက်တာလား။ ကောင်းပြီလေ၊ ဒါဆိုလည်း ကြည့်ကြတာပေါ့။ ရှင် ကျွန်မရဲ့ကျောင်းစရိတ်ကို ဘယ်နှစ်က နောက်ဆုံးပေးခဲ့လဲဆိုတာ ကျွန်မ သိပါရစေလား။ လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်တုန်းကလို့တော့ မပြောနဲ့နော်"
ကျင်းယွင်ကျောင်း၏ မျက်လုံးများက ရယ်မြူးရိပ်များဖြင့် တောက်ပနေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ဖြင့် မေးလိုက်၏။
ချောင်ဝေ့မင်သည် မတ်တပ်ရပ်နေရင်း ကြောင်အ,သွားသည်။ သူသည် သူမ၏ စောဒကတက်မှုကို ငြင်းပယ်လိုက်ချင်သော်လည်း ကျင်းယွင်ကျောင်း မူလတန်းစတက်ပြီး သုံးနှစ်ကြာသည်အထိ သူမ၏ ကျောင်းစရိတ်အတွက် ပိုက်ဆံအနည်းငယ် ကုန်ကျခဲ့ဖူးသည်ကိုသာ ရုတ်တရက် သတိရသွား၏။ ထို့နောက်မှစ၍ သူသည် သူမနှင့်ပတ်သတ်၍ တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။
"အဲဒါကို ထည့်မတွက်ရင်တောင် ငါ နင့်ကို ကျွေးမွေးပျိုးထောင်ပေးခဲ့တာပဲ"
ချောင်ဝေ့မင်က သူမှားနေသည်ဟု မတွေးမိသေးဘဲ ဆက်ငြင်းလိုက်၏။
"ရေတစ်စက်ပဲဖြစ်ဖြစ်၊ ဆန်တစ်စေ့ပဲဖြစ်ဖြစ်၊ ဒါလည်း ကြင်နာမှုပဲ မဟုတ်လား"
"ဒါဆိုရင် ဒါကိုရော ကြင်နာမှုကို ယူဆနိုင်သေးတာလား"
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက သွေးကြီးသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူမ၏ မျက်ဝန်းထောင့်စွန်းလေးက အဓိပ္ပါယ်မဖော်နိုင်သော ဆိုလိုရင်းတစ်ခုကို သယ်ဆောင်လာ၏။
"ဒီကိစ္စမှာ ၊ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... ...ကျွန်မ မှတ်မိတာသာ အမှန်ဆိုရင် ကျွန်မ စာကို ဘယ်လိုရေးရမလဲ မသင်ရသေးခင်မှာတောင် မီးဖိုချောင် ဘယ်လိုဝင်ရမလဲနဲ့ အဝတ်တွေ ဘယ်လိုလျှော်ဖွပ်ရမလဲဆိုတာကိုတော့ သင်ပြီးသွားပြီ။ အဲဒီအချိန်ကစပြီး ကျွန်မ ချောင်မိသားစုကနေ ထွက်သွားတဲ့အချိန်အထိ ဒီနှစ်တွေ အားလုံးမှာ ကျွန်မရဲ့အလုပ်တွေကို ကောင်းကောင်းမပြီးတာနဲ့ အပြစ်ပေးခံရတယ်။ အလုပ်တွေ ကောင်းကောင်းပြီးတဲ့အခါမှာလည်း ခွင့်ပြုချက်ယူရတယ်။ မှတ်မှတ်ရရ တစ်နှစ်က၊ ကျွန်မ အဝတ်လျှော်ရင်းနဲ့ မတော်တဆ ချောင်ဟုန်ယဲ့ အကြိုက်ဆုံး ပန်းပွင့်ဂါဝန်လေး ပျက်ဆီးသွားတယ်။ ရှင်က ကျွန်မကို တစ်ညလုံး လေသာဆောင်မှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးခဲ့တယ်။ ကျွန်မ အဖျားတက်ပြီး မေ့လဲသွားတော့ ရှင်က ကျွန်မကို ရေအေးတစ်ပုံးနဲ့ ပက်ပြီး နှိုးခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မ တစ်ပတ်လောက် ဖျားခဲ့တယ်။ တကယ်လို့ အိမ်နီးချင်းတွေကသာ ကျွန်မကို ဆေးတွေ တိတ်တိတ်လေးခိုးပြီး မပေးခဲ့ရင် ဒီနေ့ ကျွန်မ အသက်ရှင်ရက် ရှိနေဖို့တောင် မသေချာဘူး"