Chapter 155

1.2K 97 0
                                    

Chapter 155 : ဘဝ၌ အဓိကဖြစ်ရပ်

ပိုင်ယွီအန်း၏ အမူအယာက တောင့်တင်းသွားပြီး သူသည် ထိတ်လန့်နေသော အခြေအနေထဲ၌ ပိတ်မိနေကာ စကားပြန်မပြောနိုင်ပေ။

"ဒါဆို မင်းပြောနေတာ တကယ်ပေါ့"

ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်သည်။

ပိုင်ယွီအန်းက စိတ်လွတ်သွားသကဲ့သို့ ခံစားနေရသည်။ သူသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်တောင် မြို့တော်မှ သူ၏ အိမ်အတွက် ငွေအပြည့်ချေရန်အတွက်ပင် မရှာနိုင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းကမူ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးပေမယ့် ယွမ်သုံးသန်းကို အမှန်တကယ်ပင် အလွယ်တကူ ထုတ်ပေးနိုင်သည်လား။

ကျင်းယွင်ကျောင်းက ယခုအချိန်၌ သူ့အား အသိအမှတ်ပြုနေခြင်း ဖြစ်နိုင်သော်လည်း ကလေးတစ်ယောက်ဟုသာ တွေးထားသူဆီမှ အသိအမှတ်ပြုခံရသော ခံစားချက်က အနည်းငယ် ထူးဆန်းနေ၏။

ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို မင်းက ဘယ်လိုစီးပွားရေးမျိုးကို စချင်တာလဲ"

ပိုင်ယွီအန်းက စိုးရိမ်ကြောင့်ကြနေ၏။ သူ့အား ဆွဲသွင်းသူမှာ ကျင်းယွင်ကျောင်းဖြစ်ကြောင်း အသိအသာပင် ဖြစ်သော်လည်း အဘယ့်ကြောင့် သူက မိန်းကလေးငယ်လေးတစ်ယောက်အား လှည့်စားမိသကဲ့သို့ အပြစ်မကင်း ခံစားနေရသနည်း။

"အခုတော့ ကျွန်မ အရက်လောကထဲ ဝင်ချင်တယ်။ ကျွန်မမှာ အရက်ချက်ဖို့အတွက် ချက်နည်းအချို့ ကျွန်မဆီမှာ ရှိတယ်၊ ပြီးတော့ ကုန်ကြမ်းတွေလည်း ထောက်ပံ့ပေးနိုင်တယ်။ အခြားအရာအားလုံးကို ပြင်ဆင်ပေးဖို့အတွက်ပဲ ကျွန်မ ရှင့်ရဲ့အကူအညီကို လိုအပ်တာ"

ကျင်းယွင်ကျောင်းက ရှင်းပြလိုက်၏။

သူမ၌ ဘယ်နယ်ပယ်က ပို၍အကျိုးအမြတ်ရနိုင်သည်ဆိုတာနှင့် ပတ်သတ်၍ အိုင်ဒီယာများစွာ ရှိသော်လည်း ပို၍ ဂရုတစိုက်စဥ်းစားပြီးနောက် အရက်ချက်စက်ရုံကသာ အသင့်တော်ဆုံးဟု ခံစားနေရဆဲပင်။ ကုန်ကြမ်းများကိုလည်း သူမ၏နေရာလွတ်နယ်မြေထဲမှ ခေတ္တရယူနိုင်ပြီး အနာဂတ်ကျ ပို၍ ကျယ်ပြန့်လာပါက ကုန်ကြမ်းများကို စိုက်ပျိုးရန်အတွက် နေရာတစ်ခုကို သူမ ဖန်တီးနိုင်သည်။ သူမ စုပ်ယူနေသည့် တတိယကျောက်စိမ်းအပိုင်းတွင် အခြေခံ အရက်ချက်နည်းအချို့လည်း ပါရှိ၏။ ၎င်းမှာ မများသော်လည်း ယခုအတွက်မူ လုံလောက်သည်။ ထို့အပြင် အထဲ၌ အရက်အမျိုးအစားပေါင်းများစွာ၏ မှတ်တမ်းများလည်း ရှိ၏။ ထိုအရာများမှာ ဘိုးဘေးများ၏ ရတနာများဖြစ်ပုံရကာ အရသာကလည်း သာမန်မဟုတ်မည်မှာ အသေအချာပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now