Chapter 86 : အခြားသူများ၏ ချမ်းသာမည့်လမ်းကြောင်းကို ခိုးယူခြင်း
ကျင်းယွင်ကျောင်းသည် အတိတ်ဘဝ၌ ထိုအလုပ်သမားနှင့် ပတ်သတ်သည့် အကြောင်းများစွာကို ချောင်ဝေ့မင်ထံမှ ကြားခဲ့ဖူးသည်။ သူ၏ အဆိုအရ ထိုအလုပ်သမားသည် ကြွေထည်ပစ္စည်းကို ရောင်းပြီးနောက် တစ်စုံတစ်ယောက်က မေး၍ သူ့အား လာရှာခဲ့၏။ ထိုအချိန်၌ အလုပ်သမားသည် အလွန်အမင်း နောင်တရသွားခဲ့သော်လည်း ကံဆိုးစွာပင် ပစ္စည်းပြန်ယူရန်အတွက် ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူအား သူ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ဒေါသများအား ရင်ထဲတွင်သာ မျိုသိပ်ထားရုံပင်။
သူသည် ထိုသို့ရောင်းမိသည်အား နောင်တရခြင်း မဟုတ်၊ ၎င်းကို ရောင်းချခဲ့စဥ်က အရေးပေါ်ငွေလိုနေသောကြောင့်သာ။ ထိုအချိန်က ရောင်းစျေးသည် ယွမ်နှစ်သိန်းဖြစ်သော်လည်း လူတိုင်းက သူ့အား အရူးဟု ခေါ်ခဲ့ကြသည်။ နောက်ပိုင်း၌ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ရောက်လာသောအခါ ထိုသူက သူ၏ ပစ္စည်းအား အတုဟုပင် ပြောခဲ့၏။
ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူသည် အာသွက်လျှာသွက်နှင့် စကားပြောကောင်းသူဖြစ်သည်။ မည်သူမှ နားမလည်သည့် အကြောင်းအရာတစ်ပုံတစ်ပင်ကို ပြောဆိုပြီးနောက် အလုပ်သမားအား သူ၏ လက်ထဲတွင်ရှိသော ပစ္စည်းသည် အမှန်တကယ်ပင် အတုတစ်ခုဟု ထင်သွားစေခဲ့၏။ သူ စိတ်အခြေအနေဆိုးဝါးနေသော အခိုက်တွင် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက ကရုဏာသက်နေသော အမူအယာဖြင့် ၎င်းကြွေခရားကို ယွမ်တစ်ထောင်ဖြင့် လိမ်လည်ဝယ်ယူသွားခဲ့သည်။
သူသည် ထိုတရုတ်ကြွေထည်အား ရှေးဟောင်းပစ္စည်းရောင်းဝယ်သူထံသို့ ရောင်းချခဲ့ပြီးသောအခါ အလုပ်သမားသည် သူ့အား အနည်းငယ် ကျေးဇူးတင်သလိုပင် ခံစားခဲ့ရသေး၏။ တစ်လပင် မပြည့်သေးသောအချိန်မှာပင် တစ်စုံတစ်ယောက်က ထိုပစ္စည်းအား မြင်သွားခဲ့၍ ယွမ်နှစ်သန်းကျော်ဖြင့်ပင် ဝယ်သွားလိမ့်မည်ဟု မည်သူက သိမည်နည်း။
ထိုအလုပ်သမားသည် လူရိုးတစ်ယောက်ဖြစ်သည်။ သူသည် ထို မိုးထိမြင့်နေသော စျေးနှုန်းအား လိုချင်တပ်မက်မှုမရှိဘဲ သူ၏ ကိုယ်ပိုင် ယွမ်နှစ်သိန်းကိုသာ တမ်းတဝမ်းနည်းနေခြင်းဖြစ်၏။