Chapter 71 : အနာမခံဘဲ အသာစံရန် စောင့်မျှော်ခြင်း
ကန်စုန့်ပိုင်သည် တာဝန်ယူမှုရှိသော သမားတော်တစ်ယောက် ဖြစ်သည်။ ဤတစ်ကြိမ် အခြေအနေသည် အရေးကြီးလွန်း၍သာ သူသည် သူမအား ချွင်းချက်တစ်ကြိမ် ပေးလိုက်ခြင်းဖြစ်သော်လည်း သူမ၌ အရည်အချင်းမပြည့်မီသေးသရွေ့ အနာဂတ်၌ သူမအား ဤကဲ့သို့ တစ်စုံတစ်ယောက်အား ကုသခွင့်ပေးလိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။ အကယ်၍ ကိစ္စများသာ လွဲချော်သွားပါက မည်သူကမှ တာဝန်ခံပေးနိုင်မည်မဟုတ်။ သူမ၏ ဘဝအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်၏။
ကျင်းယွင်ကျောင်းက သူမ၏ စိတ်ရင်းကို ရိုးရိုးသားသား ထုတ်ဖော်ပြလိုက်သည်ကို မြင်သောအခါ ကန်စုန့်ပိုင်းက စိတ်သက်သာရာရသွားပြီး သူမအား မဆူတော့ပေ။
သို့ရာတွင် သူတို့၏ ဘေး၌ ရပ်နေသော ကန်ကျင်းချန်ကမူ မယုံနိုင်သေးချေ။
"နင်က တကယ်ပဲ တစ်ယောက်ယောက်ကို ကယ်ခဲ့တာလား"
စူးချူနှင့် သူသည် ငယ်စဥ်ကတည်းက ဆေးပညာကို သဘောတူညီမှုဖြင့် သင်ယူလေ့လာခဲ့ရပြီး ယခုအချိန်ထိတိုင်အောင် သူတို့သည် လူနာများကို ကုသနိုင်ရန် အရည်အချင်း မပြည့်မီသေးပေ။ အများဆုံးအနေဖြင့် သူတို့သည် ဆေးပစ္စည်းအချို့ကို ရွေးခြယ်ခွဲထုတ်နိုင်ရုံသာဖြစ်ပြီး ဆေးဝါးများအကြောင်းကို အနည်းငယ် နားလည်ရုံသာ ဖြစ်သော်လည်း သူတို့သည် ထိုဆေးညွှန်းများနှင့် ကုသနည်းများကို တစ်ခါမှ မဆင်မခြင် အသုံးမပြုရဲပေ။ ဒါကို ကျင်းယွင်ကျောင်း၊ ဒီလုံးဝ အတွေ့အကြုံမရှိတဲ့ လူသစ်လေးက တကယ် လုပ်ရဲတာလား။
ကျင်းယွင်ကျောင်းသည် ကန်ကျင်းချန်၏ မလိုမုန်းထားသောစိတ်ကို မြင်နိုင်သည်။ အကယ်၍ အခြားသူသာ ဖြစ်ပါက သူမသည် သူတို့ကို လုံးဝ လျစ်လျူရှုထားမည်ဖြစ်သော်လည်း အဖိုးကန်က သူမအား အကြိမ်များစွာ အကူအညီပေးခဲ့သည်ကို ထောက်၍ ကျင်းယွင်ကျောင်းသည် သူ့ကို အနှောက်အယှက် မဖြစ်စေချင်ပေ။
"ဘာလို့ တကယ် မဟုတ်ရမှာလဲ"
ရှောင်ဟိုင်ချင်းက ဂုဏ်ယူနေသော အမူအယာဖြင့် ပြောလိုက်သည်။