Chapter 104 : အလိမ်အညာများ
စိတ်လိုက်မာန်ပါ ဖြစ်သွားသောအချိန်တွင် စူးချူသည် အခြေအနေမှန်အား ပြောမိသွား၏။ ကန်ကျင်းချန်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။ ကံကောင်းသည်မှာ ချောင်ဟုန်ယဲ့သည် ဤအကြောင်းကို အမှန်အတိုင်း သိသွားလျှင်တောင်မှ ဘာကိုမှ မလုပ်နိုင်ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်း စူးချူ၏ ပေါက်ကွဲသံစဥ်ပြီးဆုံးသည်နှင့် ချောင်ဟုန်ယဲ့သည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွား၏။
"နင်...နင်တို့ ရဲခေါ်ပြီးသွားပြီပေါ့"
ချောင်ဟုန်ယဲ့က ရေရွတ်လိုက်သည်။ ချက်ချင်းပင် သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာ၏။ သူမသည် ဘာလုပ်ရမှန်းမသိဘဲ သူမလုပ်နိုင်သမျှက စူးချူ၏ လက်မောင်းကိုသာ တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားရုံသာ ဖြစ်သည်။ သူမ၏ စိတ်သည် လုံးဝ ကစဥ့်ကလျားဖြစ်နေ၏။
ရဲခေါ်လိုက်ပြီလား။ ဒါကြောင့် စူးချူနဲ့ ကျန်တဲ့သူက သူမကို လာရှာတာလား။ သူတို့က သူမ လွတ်သွားမှာကို ကြောက်လို့လား၊ ဒါမှမဟုတ် သူမ ကောင်းရှင်းကို သတင်းပို့မှာကို ကြောက်လို့လား။
ဒါပေမယ့် သူတို့ ဘယ်လိုသိသွားတာလဲ...
ချောင်ဟုန်ယဲ့၏ စိတ်သည် ယနေ့ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်စဥ်းစားနေ၏။ သူမ၏ စိတ်က ဤမနက် ကျင်းယွင်ကျောင်း ထွက်သွားသည့် အကြောင်းအား အာရုံစိုက်မိသွားသောအခါ သူမ၏ မျက်နှာက ဖျော့တော့သွားသည်။ ကျင်းယွင်ကျောင်းက သူမကို မြင်သွားတာ ဖြစ်နိုင်မလား။ ဒါက သူမ ကျန်တဲ့သူတွေနဲ့အတူ တိုက်ခန်းကနေ ထွက်သွားရတဲ့ အကြောင်းရင်းလား။ ငါတို့ ထွက်လာအောင် ငါးစာချတာလား။
ထိုအချက်ကို တွေးလိုက်ရင်း ချောင်ဟုန်ယဲ့က သူမ၏ စိတ်ထဲမှ ထင်မြင်ယူဆချက်အား ချက်ချင်းပင် ပယ်ချလိုက်၏။
'မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလိုမဖြစ်နိုင်ဘူး။ တကယ် ဒီလိုဖြစ်တယ်ဆိုရင်တောင်မှ ငါက အရူးကွက်နင်းပြီးတော့ ကျင်းယွင်ကျောင်းဆီက အထင်လွဲခံရသလို လုပ်လို့ရတာပဲ'