Chapter 174 : ကလိမ်ကကျစ်
အဖွားအိုက သူ၏ နောက်ကွယ်၌ အယားပျောက်လိမ်းဆေးကို တိတ်တဆိတ်သုံးနေပြီး သူ၏ဆေးညွှန်းအား ကောင်းကောင်းမွန်မွန် လေးစားသမှု မထားသည်ကို ကြားလိုက်ရသောအခါ အဖိုးကန်က ဒေါသထွက်သွားသည်။
အဖွားအိုက သူ၏ အကြံဥာဏ်ကို နားမထောင်ခြင်း သို့မဟုတ် သူ ညွှန်းသော ဆေးများကို သဘောမကျခြင်းဆိုပါက သူ ၎င်းကို လွှတ်ထားပေးနိုင်သော်လည်း သူမက အလွန်အတင့်ရဲပြီး သူ၏ကျွမ်းကျင်မှုများကို မယုံကြည်ခြင်းဖြစ်၏။
သူက မည်မျှပင် သဘောကောင်းကောင်း၊ ၎င်းကို မြိုသိပ်ထား၍ သူတို့၏ သမားတော်-လူနာ ဆက်ဆံရေးကို ရှေ့မဆက်နိုင်ပေ။ ကျင်းယွင်ကျောင်း ပြောသကဲ့သို့ပင်၊ သူ ကန်စုန့်ပိုင်သည် ဟွားနင်ခရိုင်ပင် မဆိုထားနှင့်၊ နင်းမြို့တော်တစ်ခုလုံး၌ပင် အကျော်ကြားဆုံး သမားတော်ဖြစ်၏။ သူနှင့်ပြချင်သော လူနာများက မရေမတွက်နိုင်အောင်ပင်။ အဖွားကြီး၏ တစီစီဆူညံနေခြင်းဖြင့် အချိန်ကုန်နေခြင်းက သူ့ ကိုယ်ပိုင်ပုံစံ မဟုတ်ပေ။
အဖိုးအိုက မျက်မှောင်ကြုံ့လိုက်ပြီး ရှန်းကျင်အား တစ်ချက်ကြည့်၍ ပြောလိုက်၏။
"သူ့ကို ကူညီပေးဖို့ ငါငြင်းတာ မဟုတ်ပေမယ့် မင်းရဲ့ယောက္ခမက ခေါင်းမာလွန်းတယ်"
"သမားတော်ကန်၊ စိတ်မဆိုးပါနဲ့ရှင်။ ကျွန်မရဲ့ ယောက္ခမက ရှင့်ရဲ့ဆေးပညာကျွမ်းကျင်မှုကို မယုံတာ မဟုတ်ပါဘူး။ သူက ကျွန်မကို အရှက်ရအောင် ကြိုးစားရုံ...ကြိုးစားနေရုံပါပဲ"
ရှန်းကျင်က ထိတ်ထိတ်ပျာပျာဖြင့် ဖြေလိုက်သည်။
သူမ၏ ယောက္ခမက ဆေးရုံသို့ မသွားချင်ကြောင်း အမြဲတမ်းပြောနေခဲ့၏။ အကြောင်းမှာ သူမသည် အသက်ကြီးနေသောကြောင့် သူမ ဆေးရုံထဲသို့ ခြေလှမ်းချလိုက်ရုံနှင့် သူမ၌ ကံဆိုးမှုများ ရရှိလာမည်ဖြစ်သောကြောင့်ဟု ဆိုသည်။ အကယ်၍ သူတို့သာ သူမကို ဆေးရုံသို့ခေါ်သွားပါက သူတို့က သူမကို သေစေချင်နေသည့် အဓိပ္ပါယ်ဖြစ်၏။ မတ်တပ်ရပ်လျှက် ဝင်သွားသော်လည်း ပက်လက် ပြန်ထွက်လာခြင်းဟု ဆိုသည်။ ထို့ကြောင့် ရှန်းကျင်သည် ရွေးစရာမရှိတော့ဘဲ သူမအတွက် သမားတော်တစ်ယောက်ကို အပြင်၌ ရှာဖွေရတော့၏။