Chapter 146 : တစ်ကိုယ်တည်း နေသားကျခြင်း
အမှန်တကယ်ပင် လီရှောက်ယွင်၌ ဟွားနင်ခရိုင်အတွင် သိကျွမ်းသောသူများရှိသော်လည်း တုလင်းကလွဲလျှင် ကျန်သူများမှာ ဤဒေသမှ ကုန်သည်များဖြစ်ကြ၍ လီမိသားစု၏ ပေါင်ကို ဖက်ချင်စိတ်တစ်ခုတည်းသာ ရှိကြသူများ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လီရှောက်ယွင် ဟွားနင်ခရိုင်သို့ တစ်ကိုယ်တည်း လာခဲ့ရစဥ် သူသည် ထိုလူများ၏ လောဘတရားများကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်၏။ ထိုအချိန်မှစ၍ လီရှောက်ယွင်သည် တတ်နိုင်သမျှ သိုသိုသိပ်သိပ်သာ နေခဲ့သည်။
ဤသည်က အပေါ်ယံတွင် လီရှောက်ယွင်၏ လက်ရှိ လူမှုဆက်ဆံရေးကင်းမဲ့မှုကို ဦးတည်စေခဲ့၏။
ထို့ကြောင့် တုလင်းက လီရှောက်ယွင်အား သနားစရာကောင်းသော လူတစ်ယောက်အဖြစ် သရုပ်ဖော်ပြောဆိုနေစဥ် သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားသော်လည်း သူ၏ အမူအရာနှင့် လှုပ်ရှာမှုများက ပြောင်းလဲခြင်း မရှိပေ။
ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်၍ သူမ၏ မျက်လုံးများ၌ မကျေနပ်မှုများ ဖြတ်ပြေးသွားသည်။ သူကဲ့သို့ လူရည်လည်သောသူတစ်ယောက်က မွန်းကြပ်၍ ပျင်းရိသောကြောင့် ရူးသွားနိုင်လို့လား။
သူမသည် ကလေးတစ်ယောက် မဟုတ်တော့ရာ တုလင်း၏ စကားများမှာ သုံးပိုင်းက အမှန်ဖြစ်၍ ခုနစ်ပိုင်းက မုသားဖြစ်ကြောင်း သိနိုင်၏။ သို့ရာတွင် အေးစက်၍ ဟာလာဟင်းလင်းဖြစ်နေသော အခန်းကို ကြည့်လိုက်ရာ လက်ရှိအချိန်တွင် ဤနေရာသို့ တုလင်းမှလွဲ၍ မည်သူမှ မလာရသေးကြောင်း သူမ အတည်ပြုလိုက်နိုင်သည်။
"ဒါကို ကျွန်မတို့ ဘယ်လိုလုပ်မှာလဲ။ ဒီအချိန်လောက် အတောအတွင်းမှာတော့ ကျွန်မ နေ့ခင်းဘက်ကို လာခဲ့မယ်။ ကျန်တဲ့အချိန်တွေက ကျွန်မ အတန်းတက်ဖို့ ရှိသေးတယ်"
ကျင်းယွင်ကျောင်းက ခဏမျှ စဥ်းစားဆုံးဖြတ်ပြီးနောက် အကြံပြုလိုက်၏။
"ဒါဆို ကောင်းလိုက်တာ"
တုလင်းက ချက်ချင်းပင် ဝမ်းသာရွှင်မြူးသွားသည်။ နေ့လည်ခင်းပိုင်းပဲ ဖြစ်လျှင်တောင်မှ ၎င်းက အတော်လေး လုံလောက်နေပြီဖြစ်၏။ လီရှောက်ယွင်အား ပြုစုရသည်က မည်မျှခက်ခဲကြောင်းကို ကောင်းကင်ဘုံသာ သိလိမ့်မည်။ ခဏလောက် ပုန်းနေရသည်ကလည်း ခဏအလျှောက် သက်သာသည်ပင်။