အပိုင်း (၁၀) သူမ ရူးသွားတာလား

951 86 0
                                    

ရှန်ယွဲ့သည် သူမ၏တစ်ဘဝလုံးကို ဂုဏ်ယူခဲ့ရလေသည်။ သူမသည် သည်လိုလူတစု၏ လှောင်ပြောင်ခြင်းကို တခါမှ မခံခဲ့ရဖူးချေ။

သူမသည် ကမ္ဘာ့နံပတ် ၁ လူသတ်သမား လင်ယွဲ့ဖြစ်စေ ဝက်မလေး ရှန်ယွဲ့ဖြစ်စေ ထိုလူများသည် သူမထံတွင် အညံ့ခံကာ သူမကို မော့ကြည့်ရပြီး သူမ၏ဖိနပ်ကိုသာ လျက်ပေးရပေလိမ့်မည်။

ရှန်ယွဲ့သည် အလွန်ယုံကြည်မှုရှိကာ သူရဲကောင်းမလေးပုံ ဖြစ်နေသည်ကို မြင်လိုက်ပြီးနောက် ရှန်ချန်သည် အခိုက်တန့် အားတက်သွားတော့သည်။ သူသည် ရှန်ယွဲ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီး လေ့ကျင့်ခန်းစာအုပ်တစ်အုပ်လုံးကို ထုတ်လိုက်လေသည်။ သူသည် မျက်နှာချိုသွေးကာ မေးလိုက်၏။

" အမ ငါ့မှာ မဖြေရသေးတဲ့ မေးခွန်းနည်းနည်းရှိသေးတယ်၊ ငါ့ကို သင်ပေးပါလား"

" ရတယ်လေ"

ရှန်ယွဲ့သည် စိတ်ကောင်းဝင်နေရာ သဘောတူလိုက်လေသည်။

ဆွန်းလင် သည် ရှန်ချန်၏အခန်းထဲသို့ အသီးပန်းကန် ယူလာကာ စာလုပ်ပြီးလျှင်နားဖို့ ပြောမည်ပြုလိုက်စဥ် သူမသည် သည်မြင်ကွင်းကို မြင်သွားတော့သည်။

ပိန်ပိန်ပါးပါး ရှန်ချန်သည် နွားသိုးတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ထွားသည့်မိန်းခလေး ရှန်ယွဲ့ဘေးတွင် ထိုင်နေသည်ကို မြင်လိုက်ရတော့သည်။ သူ့ခေါင်းကို ရှေ့သို့ညွတ်ထားပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် ပြောနေဟန် ရှိသည်။ အမြဲလိုလို တုံးအသည့်ရှန်ယွဲ့သည်လည်း အာရုံစိုက်ကာ နားထောင်နေလေသည်။

ဆွန်းလင်သည် အနားသို့ လျှောက်သွားလိုက်ရာ ရှန်ချန်၏ အသံကို ကြားလိုက်ရလေသည်။

" ဒါဆို ပြောချင်တာက မသိကိန်းကို ရှာမယ့်အဆင့်ကို ကျော်ပြီး ညီမျှခြင်းမှာ ပုံသေနည်းကို အစားထိုးပြီးမှ ဒါကို ရှင်းရမယ်လို့ ပြောတာမလား"

ရှန်ယွဲ့ ပြန်မဖြေလိုက်ခင်မှာပင် ဆွန်းလင်သည် ပေါက်ကွဲတော့သည်။

" ရှန်ယွဲ့ နင်ဘာလုပ်နေတာလဲ၊ ရှန်ချန်က အဲလောက်ကြိုးစားပြီး စာလုပ်နေတာကို နင်က သူ့အချိန်တွေကို ဖြုန်းပြီး နင့်အတွက် မေးခွန်းတွေကို ရှင်းပြခိုင်းနေတာလား"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now