အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်

566 57 0
                                    

 အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်

ရှန်ရှင်းသည် ရှန်ယွဲ့၏လုပ်ရက်များကို သည်းမခံနိုင်တော့ဘဲ သူမက ဟန်လုပ်နေသည်ဟုသာ ထင်နေတော့သည်။ သူမသည် ရှန်ချန်ကို ပြစ်တင်လိုက်တော့သည်။

" ရှန်ချန် နင် ဘာလို့ ဒီလိုပုံစံဖြစ်လာတာလဲ၊ နင် အမေ့ကို တကယ်ပဲ အထင်သေးပြီး ဝေဖန်တတ်လာတာပဲ၊ အမေအခု ဘယ်လောက်ဝမ်းနည်းနေလဲဆိုတာ သိရဲ့လား"

ဆွန်းလင်သည် ဒေါသထွက်လာပြီး သူမ၏စကားများကလည်း ပိုပိုပြီး ယုတ္တိမဲ့လာတော့သည်။

" ရှန်ယွဲ့ အဲဒီအသဲနှလုံးမရှိတဲ့ဟာမ သူ ငွေတွေအဲလောက်ရှာထားတာတောင် ငါ့အတွက် ဘယ်တော့မှ မသုံးဘူး၊ ငါ့မှာတော့ သူငါ့အပေါ်သိတတ်ပါစေလေဆိုပြီး ဒီယွမ်၅၀,၀၀၀ကို ယူခဲ့လိုက်တာပါ၊ ပြီးတော့ ရှန်ချန် နင်လည်းလေ ရှန်ယွဲ့ ပြုစားတာ ခံစားထားရတာဖြစ်မယ်၊ နင် သူ့ဘက်ကနေကို မခွာဘူး၊ ငါတို့မိသားစုတော့ သွားပါပြီဟယ်၊ အဲဒီခွေးမ ရှန်ယွဲ့ကြောင့် ပျက်စီးရပါပြီ..."

ရှန်ချန်သည်လည်း မပျော်မရွှင်ဖြစ်သွားတော့သည်။

" အမေ မဟုတ်တာတွေ မပြောပါနဲ့"

မိသားစုက အငြင်းအခုံဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကိုယ်ပျောက်တစ်ယောက်လို ဆက်ဆံခံနေရသည့် ရှန်အန်းက ချောင်းဟန့်လိုက်ပြီး ခံစားချက်များစွာဖြင့် ဆွန်းလင်လက်ထဲက ငွေထုပ်ကို ကြည့်လိုက်လေသည်။

သူသည် ဆောက်လုပ်ရေးဆိုက်တွင် အလုပ်လုပ်ခဲ့ပြီး လတိုင်း မစို့မပို့လစာလေးတစ်ခုသာ ရလေသည်။ သူ အိမ်ပြန်လာသည်နှင့် ဆွန်းလင်က ချက်ချင်းသိမ်းသွားတော့သည်။ ထို့ကြောင့် သူသည် အလွန်များပြားလှသည့်ငွေကို တစ်ခါမှမမြင်ဖူးချေ။ သူသည် အနည်းငယ် မနာလိုဖြစ်မိသော်လည်း သူတို့သည် သည်ငွေကိုလက်မခံသင့်ကြောင်း ခံစားမိနေသေးသည်။ သို့သော် သူသည် ဆွန်းလင်ကို ခံမပြောရဲချေ။ ကိစ္စကို ပြေလည်သွားအောင်သာ လုပ်နိုင်တော့သည်။

" ကဲပါ ကဲပါ ချန်ချန် ကျောင်းမှာ မင်းအစ်မ ဘာဖြစ်ခဲ့လို့လဲ၊ ဒီကျောင်းကခေါင်းဆောင်တွေက ဘာလို့ ပိုက်ဆံတွေ ထပ်ယူလာတာလဲ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now