အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်

905 88 0
                                    


သူမရှေ့ကလူကို အလွန်ရင်းနှီးနေ၏။ တခြား အကြောင်းကြောင့်မဟုတ်ချေ။ အကြောင်းမှာ သည်လူသည် ပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် အပြည့်နေရာယူထားသည့် အမျိုးသားဇာတ်ဆောင် သူမ၏ခွက်ရှ် - ယွီဟောက် ဖြစ်နေသောကြောင့်ပင်။

အရှိကိုအရှိအတိုင်း ပြောရလျှင် ယွီဟောက်သည် တော်တော် ချောပါသည်။ သူ့တွင် နှာတံမြင့်မြင့်ရှိပြီး၊ နက်မှောင်သပ်ရပ်သည့် မျက်ခုံးတစ်စုံရှိကာ ဆံပင်တိုတိုနှင့် ဖြစ်သည်။ သူသည် အမှန်ပင် အထက်တန်းကျောင်းသူများ သဘောကျသည့် ပုံစံမျိုးဖြစ်လေသည်။

သို့သော် သူသည် ရှန်ယွဲ့၏အကြိုက်နှင့်တော့ မကိုက်ချေ။ သူသည် ပိန်ပါးကာ ကြက်ပေါက်တစ်ကောင်နှင့် တူသည်ဟုသာ ရှန်ယွဲ့ခံစားမိသည်။ သူသည် သုန်မှုန်ပြီး အားနည်းကာ ယောက်ျားဆန်သည့်ပုံ မဟုတ်ပေ။ သူမသည် သူ့ကို တစ်ချက်မြန်မြန်ကြည့်လိုက်ပြီး ဆက်လျှောက်သွားလိုက်တော့သည်။

ရှန်ချန်သည် သူ့ညာဘက်ခြေထောက်မသန်တာကြောင့် အနည်းငယ်ထော့နဲ့နဲ့ဖြင့် လမ်းလျှောက်ရလေသည်။ ဒါသည်လည်း သူ၏သိမ်ငယ်ရသည့် စိတ်ခံစားချက်ရင်းမြစ် တစ်ခုပင်။ သည်တစ်ကြိမ်တွင် သူသည် ရှန်ယွဲ့ဘေးက လျှောက်နေသည်ဖြစ်ရာ အမှန်ပင် သူ့ကို အရင်သတိထားမိသွားမည်ပင်။

" ဟားဟားဟား ယွီဟောက် ကြည့်စမ်း၊ ဒီဒုက္ခိတကောင်က မင်းနောက်လိုက်နေတဲ့ ဝတုတ်မနဲ့အတူတူ ဘာလို့လာတာတဲ့လဲ၊ အရမ်းရီရတာပဲ"

ကျောက်ရွေ့ဟုခေါ်သည့် ယွီဟောက်ဘေးက အသားမဲကောင်သည် စိတ်ရှိတိုင်း အော်ရယ်လိုက်လေသည်။

သူ၏မသန်စွမ်းသည့်ခြေထောက်၏ ထူးခြားသည့်အခြေအနေနှင့် လမ်းလျှောက်ပုံသည် အမြဲလိုလို ရှန်ချန်၏ အလွန်စိုးရိမ်ရသည့်အချက်တစ်ခု ဖြစ်ခဲ့လေသည်။ ရှန်ချန်သည် ရုတ်တရက် ဒုက္ခိတတစ်ယောက်ဟု ခေါ်ခံလိုက်ရသောအခါ သူ့ခန္ဓာကိုယ်သည် တောင့်တင်းသွားတော့သည်။အကြည့်ပေါင်း ထောင်ချီတို့က သူ့ကို ကြည့်နေကြသည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။

ရှန်ယွဲ့သည် တမင်ရန်စနေသည့် အသံကို ရုတ်တရက် ကြားလိုက်ရချိန်တွင် မီတာအနည်းငယ် ရှေ့ရောက်နေပြီး ဖြစ်နေသည်။ သူမသည် လျှောက်နေသည့်လမ်းကြောင်းကို ရပ်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ ပြန်လှည့်လာလိုက်သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now