Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》

2.8K 611 12
                                    

Unicode

အခန်း(၃၅၀) -《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》

"မဖြစ်နိုင်ဘူး"

ဖုန်ကျင်းယွီကခေါင်းခါသည်။

"ငါယင်မီးတောက်လက်ဝါးကို သိတယ် ; အဲ့ဒါက အပြင်ဘက်က အနက်နဲ့ ငွေရောင်ဖြစ်ပြီး အတွင်းဘက်က အပြာရောင်ပဲ, သူကငါ့ ဖီးနစ်နတ်ဘုရားမီးလျှံနဲ့ လုံးဝခြားနားပေမယ့်လည်း ဆင်တူမှုတော့ ရှိနေတယ်, ငါအရင်တုန်းက ဖီးနစ်မီးလျှံနဲ့ ယင်မီးတောက်လက်ဝါးကို နှိုင်းယှဉ်ကြည့်ဘူးတယ် ပြီးတော့ သူတို့က တစ်ခုနဲ့တစ်ခု တန်းတူ ဖြစ်နေတာမို့လို့ ငါ့မှတ်ဉာဏ်က အထူးတလှယ် နက်နက်ရှိုင်းရှိုင်း မှတ်မိနေတာ"

ဖီးနစ်နတ်ဘုရားမီးလျှံက ကမ္ဘာပေါ်ရှိ ဆိုးယုတ်မှုများအားလုံးကို ဖယ်ရှားနိုင်သည့် အလင်းရောင်ကို ကိုယ်စားပြုတဲ့အချိန်မှာ ယင်မီးတောက်လက်ဝါးကတော့ ဆန့ကျင်ဘက်ဖြစ်ပြီး ဆိုးယုတ်မှုကို ကိုယ်စားပြုတာဖြစ်သည်။

ယန်ထျန်းဟန်က အံ့အားသင့်သွားရသည်။

"အကယ်၍ ဒါကို ယင်မီးတောက်လက်ဝါးလို့ မခေါ်ဘူးဆိုရင် ဒါကဘာလဲ?"

ဖုန်ကျင်းယွီက ရှင်းပြသည်။

"ဒီသိုင်းပညာ တစ်ခုလုံးရဲ့နာမည်က 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》ဖြစ်လိမ့်မယ်, အဲ့ဒါက နတ်ဆိုးမျိုးနွယ်ရဲ့ သာလွန်ကောင်းမွန်ပြီး အပြည့်စုံဆုံး စွမ်းရည်ပဲ, အဲ့ဒါက နတ်ဆိုးအသျှင်ယိုမင်းရဲ့ လက်ထဲမှာပဲ အမြဲရှိခဲ့တာ, ယင်မီးတောက်လက်ဝါးဆိုတာကတော့ အဲ့ဒီတစ်စုံလုံးထဲမှာ ရှိနေတဲ့ လက်ဖဝါးနည်းစနစ်တွေ အများကြီးထဲကမှ တစ်ခုပဲ ဖြစ်နေပြီး မိတ်ဆက်အဆင့်ပဲရှိတယ်, မင်းရဲ့ လက်ရှိကျင့်ကြံဆင့်က လုံလောက်အောင် မမြင့်သေးလို့ 《ယင်မီးတောက်လက်ဝါး》ကို ဒီတစ်စုံလုံးလို့ ထင်သွားတာ "

ထိုအကြောင်းပြောမိတော့ ဖုန်ကျင်းယွီမှာ ရင်မောသွားမိသည်။ သူက သူနဲ့အတူ ထပ်တူညီစွာ ထိတ်လန့်နေသည့် ယန်ထျန်းဟန်အား မကြည့်ပဲ မနေနိုင်တော့ပေ။

"ဖြစ်နိုင်တာ မင်းကို ဒီလျှို့ဝှက်နည်းလမ်း ပေးသွားတဲ့လူက ယိုမင်းပဲ ဖြစ်လိမ့်မယ်"

ယန်ထျန်းဟန်သည်လည်း တူညီစွာ ထင်ကြေးပေးမိသော်လည်း စိတ်တည်ငြိမ်သွားပြီး သေသေချာချာ စဉ်းစားပြီးနောက်မှာတော့ ခေါင်းကိုသာ ခါယမ်းမိလေသည်။

"မဖြစ်နိုင်လောက်ဘူး"

"ဘာလို့မဖြစ်နိုင်ရတာလဲ?"

ဖုန်ကျင်းယွီကတော့ ပိုပြီးစဉ်းစားလေလေ ပိုပြီးသံသယ ဝင်လာလေလေပင်။

"ယိုမင်းက ကိုယ်တိုင် လာခဲ့တာပဲ ဖြစ်လိမ့်မယ်, သူက စိတ်သဘောထားသေးသိမ်ပြီး ကပ်စေးကုတ်တဲ့သူမျိုးဆိုတော့ ဒီလိုအရေးကြီးတဲ့ 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》လို ကျမ်းမျိုးကို မင်းကိုပေးဖို့ တစ်ခြားသူဆီ လွှဲပေးလိုက်မှာမဟုတ်ဘူး "

ယန်ထျန်းဟန်က သူ့လက်လေးများအား ယောက်ယတ်ခတ်စွာ ပွတ်သတ်မိရင်း တိုးတိုးလေး ပြန်ပြောလာသည်။

"ဒါပေမဲ့ အကယ်၍သူသာ နယ်မြေကြီးကိုးခုမှာ ရှိနေပြီး အသတ်ခံလိုက်ရမယ်ဆိုရင် အဲ့ဒီ 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》ကို တစ်ခြားသူ လုယူသွားတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား?"

"လိမ္မာပါးနပ်တဲ့ လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့ နတ်ဆိုး အသျှင်ယိုမင်းက အလွယ်တကူ အသတ်ခံရဖို့ကိုထားဦး တစ်စုံတစ်ယောက်က ဒီလို 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》ကို တိုက်ကြီးငါးတိုက်တစ်လျှောက်လုံးဆီ သယ်လာပြီး မင်းဆီလာပေးမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး, သူက မင်းကို ပျော်အောင်လုပ်ဖို့ထက် တစ်ခြားဘာမှ လုပ်စရာ မရှိတော့ဘူးလို့ ထင်နေတာလား?"

ဖုန်ကျင်းယွီက မျက်လုံးသာ လှည့်မိတော့သည်။

"ပြီးတော့လည်း သူက မင်းအဖေလေ, မင်းသူ့ကို မျှော်လင့်ချက်လေး ထားလို့မရဘူးလား?"

ယန်ထျန်းဟန်က ဝမ်းနည်းမှု တစ်ချို့နဲ့ ပြန်ဖြေသည်။

"ဒါပေမဲ့ သူသာ တကယ့်ငါ့အဖေဆိုရင် ဘာလို့ငါ့ကို ရှင်းရှင်းလင်းလင်း သိနေပြီး တမင်တကာဆက်သွယ်လာပါရက်နဲ့ ငါ့ကို အသိအမှတ် မပြုရတာလဲ?"

ဖုန်ကျင်းယွီက သူ့နှုတ်သီးလေးကို ဖွင့်လိုက်ပါသော်လည်း လုံးဝ ဆွံ့အသွားမိသည်။

သူက ယိုမင်းမဟုတ်ဘူးလေ။ ယိုမင်းက တိုက်ကြီးငါးတိုက်ကို ရောက်လာပြီး ယန်ထျန်းဟန်ဘေးနားကို ချဉ်းကပ်လာခဲ့တာတောင် ဘာလို့ယန်ထျန်းဟန်ကို သူ့အကြောင်း မပြောတာလဲဆိုတာ သူနားမလည်ဘူး

သူကနှစ်ပေါင်းရာချီ နေထိုင်လာခဲ့တယ် ဆိုပေမယ့်လည်း တစ်ခြားသူတစ်ယောက်ရဲ့ အဖေမဖြစ်ဖူးဘူးဆိုတော့ ယိုမင်းက သူ့သားကို မြင်တွေ့ချင်ပေမယ့်လည်း စကားမပြောရဲတဲ့ ရှုပ်ထွေးလွန်းတဲ့ ခံစားချက်တွေကို သဘာဝကျကျပဲ နားမလည်နိုင်ဘူး

ယန်ထျန်းဟန်ရဲ့ မျက်လုံးလေးများက နီရဲလာပြီး ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်အား ရှာကာ ပင်စည်ကို မှီ၍ တိတ်တဆိတ် ထိုင်နေတော့သည်။ သူ့နှုတ်ခမ်းလေးက ဆူပုတ်နေပြီး သူ့မျက်နှာသေးသေးလေးကတော့ မတရားခံရမှုများနဲ့ ပြည့်နှက်နေရှာ၏။

ထိုမျက်နှာလေးကိုမြင်တော့ ဖုန်ကျင်းယွီမှာ အပြစ်ရှိသလို မခံစားရပဲ မနေတော့ပေ။ သူက မစဉ်းစားပဲ ပြောမိခြင်းအား နောင်တရသွားမိပြီး ယန်ထျန်းဟန်ရဲ့ အတွေးများအား ငြင်းဆန်နိုင်ရန် ချက်ချင်းပင် ယိုမင်းရဲ့ အတွေးများအား တူးထုတ်ချင်သွားမိသည်။

ဖုန်ကျင်းယွီက ယန်ထျန်းဟန်ရဲ့ ဒူးခေါင်းလေးပေါ် ခုန်တက်လိုက်ကာ သူ့အား အကြိမ်အနည်းငယ် တွန်မြည်ရင်း မော့ကြည့်လိုက်သည်။

"ငါသေသေချာချာ စဉ်းစားကြည့်လိုက်ရင်တော့ ယိုမင်းက သေသွားပြီဆိုတာလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး, တစ်စုံတစ်ယောက်က တကယ်ပဲသူ့ကိုသတ်ပြီး ဒီရတနာနဲ့ မင်းကိုလာနောက်တာ ဖြစ်ရင်ဖြစ်မှာပေါ့"

ယန်ထျန်းဟန်က ဒေါသတကြီး လှမ်းပြောသည် ။

"သူ့ကိုကျိန်ဆဲမနေနဲ့ မင်းအဖေကမှ သေတဲ့သူ!"

ဖုန်ကျင်းယွီက ခဏလောက် ရပ်တန့်သွားပြီးနောက် နာကျည်းချက်တစ်ချို့နဲ့ ပြန်ဖြေသည်။

"ငါ့အဖေက တကယ် သေသွားပြီလေ"

ယန်ထျန်းဟန်, "..."

ယန်ထျန်းဟန် နှင့် ဖုန်ကျင်းယွီသည် အချင်းချင်းကြည့်မိကြကာ တစ်ယောက်ကိုတစ်ယောက် သနားမိသလို ခံစားလိုက်ရသည်။

ယန်ထျန်းဟန်က ဖုန်ကျင်းယွီရဲ့ ခေါင်းလေးအား လှမ်းထိလိုက်၏။

"ငါတောင်းပန်ပါတယ်, မင်းကို နာကျင်စေဖို့ မရည်ရွယ်ပါဘူး"

ဖုန်ကျင်းယွီက သူ့လက်လေးကို ဆိတ်လိုက်ပြီး ပြတ်ပြတ်သားသား ပြန်ပြောသည် ။

"မင်းမှာ အဖေပဲ ဖြစ်ဖြစ် အမေပဲဖြစ်ဖြစ် မရှိလည်း ကိစ္စကြီးမဟုတ်ဘူး ဒီကမ္ဘာမှာ ငါ့ထက် သနားစရာကောင်းတဲ့ လူတွေအများကြီးရှိတယ်, ပြီးတော့လည်း ငါ့မိဘတွေက သတ္တဝါအားလုံးအတွက် ငါ့ကို ထားခဲ့ရတယ်ဆိုတာ ငါသိတယ်, အဲ့ဒါက ငါ့ကို ကာကွယ်ဖို့ တခြားနည်းလမ်းဖြစ်တာမို့လို့ ငါ့ကို ချစ်ခင်ကြင်နာမှု မပြနဲ့"

ယန်ထျန်းဟန်ရဲ့ နှလုံးသားထဲမှာ အားကျသည့် ခံစားချက်လေး မွေးဖွားလာရသည်။ သူက ဖုန်ကျင်းယွီအား ကြည့်လိုက်ပြီး အလွယ်တကူ ပြုံးလိုက်သလို ဟန်ဆောင်လေသည်။

"ငါ့အဖေ.....သူကငါ့ကို မလိုချင်တဲ့အပြင် ငါ့ကိုသတ်ဖို့တောင် လူတွေပို့လိုက်သေးတယ် အဲ့ဒါကြောင့် မင်းက ငါ့ထက်ပိုပျော်ရွှင်ရပါတယ်"

အနည်းဆုံးတော့ မောက်မောက်ရဲ့ မိဘတွေက သူ့ကိုအရမ်းချစ်ကြတယ်လေ

ဖုန်ကျင်းယွီက ယန်ထျန်းဟန်ရဲ့ ပုခုံးပေါ် ခုန်တက်သည်။

"ယန်ကျုံးဟွားကလည်း မင်းကိုမလိုချင်တာ မဟုတ်ပါဘူး, တကယ်တော့ အပြင်ပန်းမှာသူက မင်းကို လျစ်လျူရှုပြီး မင်းရဲ့ဖြစ်တည်မှုကို ဘယ်သူ့ကိုမှ ဖော်ပြခွင့်မပေးခဲ့ပေမယ့် တိတ်တိတ်လေး မင်းရဲ့နေရပ်ကိုရှာဖို့ ငါ့ကို အမြဲတောင်းဆိုနေခဲ့တာ"

ယန်ထျန်းဟန်က သူ့ခေါင်းလေးကိုလှည့်လိုက်ပြီး မည်းနက်နေသည့် မျက်လုံးတစ်စုံက ဖုန်ကျင်းယွီအား မျက်တောင်တစ်ချက် မခတ်ပဲ စိုက်ကြည့်နေသည်။

ဖုန်ကျင်းယွီက သူ့ခေါင်းလေးကို စောင်းလိုက်သည်။

"ယန်ကျုံးဟွားက တစ်ကိုယ်တော် ပြဇာတ်ကနေသလိုပဲ, သူက ဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်တယ်, သူငါ့ဆီ ပထမဆုံး လာတုန်းကဆိုရင် ငါသူ့ကို ရယ်ခဲ့တာ, နောက်ပိုင်းမှ ဘာလို့ မင်းကိုရှာဖို့အတွက်ကို သူ့ကျီးကန်းအစောင့်တွေကို မင်းနောက်မလိုက်ခိုင်းတာလဲလို့ မေးတော့ သူမင်းကို လိုက်ရှာနေတယ် ဆိုတာသာ သိသွားကြရင် သူတို့က မင်းကိုလိုက်ရှာဖို့ လူတွေပိုပြီး လွှတ်မှာစိုးလို့ဆိုပြီး ရှင်းပြလာတယ်, ဒါ့အပြင် ခရမ်းအင်ပါယာကောင်းကင်ဘုံမြို့တော်က လူတော်တော်များများက သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို လိုက်ကြည့်နေကြတာလေ, ယန်မျိုးနွယ်စုရဲ့ တပ်စုတွေကလည်း သူအမှားလုပ်မှာကို ဖမ်းဖို့ပဲ ကြိုးစားနေကြတာ, ယန်ကျုံးဟွားလိုလူမျိုးက ဘယ်လိုများ တစ်ခြားသူတွေ သူ့ကို ဖမ်းမိအောင် ဒီလိုအမြီးကြီးကြီးကို ထုတ်ဖော်ပြမှာလဲ?"

"ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ငါမွေးတုန်းက သူတစ်စုံတစ်ယောက်ကို လွှတ်ပြီး သတ်ခိုင်းလိုက်တယ်ဆိုတဲ့ အဖြစ်မှန်က ခြေဖျတ်ပစ်လို့ မရဘူးလေ"

ယန်ထျန်းဟန်ရဲ့ အမူအယာက အေးစက်လာသည်။

သူက သူ့မျက်နှာလေးကို ထိကြည့်လိုက်ပြီး ထိုအပေါ်က မညီမညာ အမာရွတ်များက မရှိနိုင်တော့သော ငယ်ဘဝအမှတ်တရများတွင် သူ့ဘဝတစ်လျှောက်လုံးကို ဘယ်လောက်တောင် နာကျင်ခက်ခဲစေခဲ့လဲ ဆိုတာအား ပြန်အမှတ်ရမိစေသည်။

ဖုန်ကျင်းယွီက သူ့အမွှေးထူခေါင်းလေးနဲ့ ယန်ထျန်းဟန်ရဲ့ လက်ကို ပွတ်သပ်ရင်း တစ်ချက်တွန်လိုက်သည်။

"အစတုန်းကတည်းက.....မင်းကိုသတ်ချင်တာ တကယ်ပဲ ယန်ကျုံးဟွား မဟုတ်ဘူး"

ယန်ထျန်းဟန်က ခဏမျှ အေးခဲသွားသည်။

"ဖုန်းကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား?"

ဖုန်ကျင်းယွီက ခေါင်းလေးသာ ခါယမ်းသည်။

"အဲ့ဒီမှာ ငါမရှိခဲ့တဲ့အတွက် ငါမသိဘူး, ငါက အဲ့ဒီအချိန်တုန်းကမြောက်ဘက် နယ်မြေမှာ ရှိနေခဲ့တာ, ရှေ့ဖြစ်ဟောမိသားစုက မင်းကိုဘယ်လိုမျိုး အရှက်မရှိစွာနဲ့ လှည့်ဖြားခဲ့လဲ သိတဲ့အချိန်မှာ ယိုမင်းက မင်းကိုခေါ်ပြီး အမြန်အဆန် ထွက်ပြေးသွားပြီးနေပြီ, အဲ့ဒါကြောင့် ငါက ယိုမင်းကို ရှာဖို့အတွက် နတ်ဆိုးကမ္ဘာကို အမြန်ဆုံးသွားခဲ့တယ်, ကျီးကန်းအစောင့်တွေ ရောက်လာခဲ့တဲ့အချိန်မှာ ငါသူ့ကို အများကြီး မပြောနိုင်ခဲ့ဘူး, အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေတုန်း ငါကယိုမင်းနဲ့ ပူးပေါင်းလိုက်ပြီး မင်းကို ဆုမိုဆီ လွှဲပေးခဲ့တယ်, မင်းကိုခေါ်သွားတဲ့လူက သူပဲ, အဲ့ဒီနောက်ပိုင်းမှာတော့ ဘယ်သူမှ ဆိုမိုကို ထပ်ပြီး မမြင်ကြရတော့ဘူး"

ဖုန်ကျင်းယွီက ဖြည်းညှင်းစွာ အသက်ရှုလိုက်ပြီး စကားဆက်သည်။

"အဲ့ဒီ ကျီးကန်းအစောင့်တွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာယိုမင်းက အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ် ဒါပေမဲ့ အရေးကြီး အချိန်လေးမှာပဲ သူတို့တွေ ရပ်တန့်ပြီး ပြန်ဆုတ်ခွာသွားခဲ့ကြတဲ့အတွက် သူတို့ ဘာညွှန်ကြားချက် အသစ်ထပ်ရသွားလဲတော့ ငါမသိဘူး, ယိုမင်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့ရတဲ့အတွက် သူက သုံးနှစ်ကြာ တံခါးပိတ်တရားကျင့်လိုက်ရတယ်, အဲ့ဒိနောက်ပိုင်းမှာတော့သူက ခရမ်းအင်ပါယာ ကောင်းကင်ဘုံမြို့တော်မှာ ယန်ကျုံးဟွားကို သွားရှာပြီး ယန်ကျုံးဟွားရဲ့ မင်္ဂလာပွဲကို အနှောင့်အယှက်ပေးဖို့ ပြဿနာရှာခဲ့တာ, သူက ယန်ကျုံးဟွားရဲ့ ဧကရာဇ်ကိုယ်လုပ်တော်လောင်းလျာကို သတ်ပစ်မိလုနီးပါးပဲ, ဒါပေမဲ့ ခရမ်းအင်ပါယာတော်ဝင်မြို့တော် တစ်ခုလုံးကို မငြိမ်မသက်ဖြစ်အောင် လုပ်ပြီးတာနဲ့ ဖင်ကို ဖုတ်ဖတ်ခါပြီး လုံးလုံး ပျောက်ကွယ်သွားတယ်လေ, အဲ့ဒိတုန်းက ငါက မြောက်ပိုင်းနယ်မြေမှာ ကိစ္စတွေ စီစဉ်နေတုန်းဆိုတော့ သတင်းကြားတဲ့အချိန်မှာ ယိုမင်းက ထွက်သွားပြီးနေပြီ, ငါတောင် သူ့ကိုမရှာနိုင်တော့ဘူး"

ယန်ထျန်းဟန်၏ မျက်လုံးလေးများ မှိန်ဖျော့သွားပြီး ဝါးလှံတစ်ချောင်းကို ကိုင်ပြီး မတ်တပ်ရပ်နေသည့်လင်းချီကုကို စိုက်ကြည့်လိုက်သည်။

"မင်းအရင်က အားကုကို မသိခဲ့ဘူးလို့ ပြောခဲ့တာ,အနောက်ဘက်နယ်မြေရဲ့ ဘုရင်တစ်ပါးအနေနဲ့ ဖြစ်နိုင်တာ အနောက်ဘက်နယ်မြေကိုပြန်သွားပြီး ငါ့မိသားစုက အားကုကို သွားရှာတာပဲ ဖြစ်ရမယ်"

ဖုန်ကျင်းယွီက သူ့အတောင်ပံလေးဖြင့် ယန်ထျန်းဟန်ရဲ့ မျက်နှာကို တစ်ဖြတ်ဖြတ် ခတ်မိသည်။ နောက်ဆုံးတော့ ရှက်ရွံ့စွာဖြင့် ဒေါသတကြီး အော်ဟစ်တော့သည်။

"ခွေးမသားလေး...ဒီဘုရင်က မင်းကို ကြင်ကြင်နာနာနဲ့ နှစ်သိမ့်ပေးပြီး ဒီလောက်များပြားတဲ့ အချက်အလက်တွေ ပေးတာတောင် မင်းက ဒီဘုရင်ကို စော်ကားသေးတယ်နော်, အဲ့ဒါတော့ လွန်သွားပြီ!"

ယန်ထျန်းဟန်က သူ့နှာခေါင်းလေးသူ ပွတ်လိုက်ပြီး အသံတိုးတိုးဖြင့် ရေရွတ်သည်။

"ငါမင်းကို တကယ် စော်ကားတာ ဟုတ်မဟုတ်က— မင်းရင်ထဲမှာ ရှင်းရှင်းလင်းလင်းသိနေတာပဲဟာကို"

ဖုန်ကျင်းယွီက အနည်းငယ် စိတ်ရှုပ်သွားမိသည်။

"ငါ မင်းနဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး"

ယန်ထျန်းဟန်က ပျံထွက်တော့မလို လုပ်နေသည့် ဖုန်ကျင်းယွီအား လှမ်းဆွဲလိုက်ပြီး သူ့ခေါင်းပေါ်က အမွှေးလေးများကို ဆွဲဖွလိုက်သည်။

"မောက်မောက်, မင်းဒီလောက် နှစ်တွေအကြာကြီး နေလာပြီးတော့ ဘယ်လိုဖြစ်လို့ ငါ့ထက်တောင် ဒေါသကြီးတဲ့ ကလေးတစ်ယောက်လို ပြုမူနေရသေးတာလဲ?"

ဖုန်ကျင်းယွီက ဖြောင့်မတ်စွာပြောသည်။

"Pah! ဒီဘုရင်က ငှက်ငယ်လေးပဲ ရှိသေးတာ, ကလေးပဲရှိသေးတယ်!"

ယန်ထျန်းဟန် ; "......"

သူတကယ် ဆွံ့အသွားမိပြီ။

ဖုန်ကျင်းယွီသည် လင်းချီကုနှင့် ထပ်မံပူးပေါင်းလိုက်ပြီး နောက်လိုက်လေး တစ်ယောက်ကဲ့သို့ လင်းချီကုနားမှာ ပျော်ပျော်ရွှင်ရွှင် ပျံသန်းနေသည်။

လင်းချီကုက လတ်တလောမှာ ထိုအမဲလိုက် တောင်ကုန်းပေါ်တွင် 'သောင်းကျန်းသတ်ဖြတ်သူ' တစ်ယောက်ဖြစ်လာသည်။ ရေထဲမှ ဘဲတစ်ကောင်လိုပင် နတ်ဆိုးသားရဲ မြောက်မြားစွာကို သတ်ဖြတ်ခဲ့၏။ တစ်ချိန်တည်းမှာပဲ သူက ထိုအသေကောင်များထံမှ ယင်ချီကို စုပ်ယူပြီး သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲလိုက်သည်။ သူက သူ့ထက်အဆင့်နိမ့်ပြီး သူ့လက်ထဲမှာ သေဆုံးသွားသည့် အလောင်းများကိုလည်း ထိန်းချုပ်နိုင်နေလေပြီ။

လအနည်းငယ်အတွင်းမှာ လင်းချီကုရဲ့ ကျင့်ကြံဆင့်က အများကြီး တိုးတက်လာခဲ့ပြီး သူ့လှုပ်ရှားမှုများသည်လည်း ပိုမိုပျော့ပြောင်းလာခဲ့သည်။

ယန်ထျန်းဟန်သည်လည်း လင်းချီကုရဲ့ တုံ့ပြန်မှုကနေ အကျိုးကျေးဇူး ရရှိလေသည်။ သူက သူ့ကိုယ်ပိုင် ကျင့်ကြံဆင့်ကို မသိစိတ်ကနေ တိုးတက်အောင် လုပ်နိုင်ခဲ့ပြီးအင်ပါယာ အလောင်းနည်းပညာအပေါ် နားလည်မှုကလည်း အနည်းငယ် ပိုမိုနက်ရှိုင်းလာခဲ့သည်။, ၎င်း၏ အနှစ်သာရက ကုပိုးကောင်း၏ နည်းလမ်းဖြင့် ထိန်းချုပ်ထားခြင်းမျိုး မဟုတ်ကြောင်း သူနားလည်ထားသော်လည်း အရေးကြီးဆုံးအချက်က လူသေအလောင်းရှိ ချီစွမ်းအင်နှင့် ယင်ချီကို ထိန်းချုပ်စေတာဖြစ်သည်။

တကယ့်တိုက်ပွဲက အရေးကြီးပေမယ့် ခံယူချက်နဲ့ နားလည်မှုသည်လည်း ထပ်တူထပ်မျှ အရေးကြီးတာပင်။ ယန်ထျန်းဟန်သည် ထိုအဓိကအချက်များကို ရှင်းလင်းပြီးနောက်မှာ အမဲလိုက်တောင်ထိပ်တွင် နေ့စဉ်လေ့ကျင့်ပြီး သူနှင့် စာချုပ်မချုပ်ရသေးသော အလောင်းများကို ထိန်းချုပ်ခဲ့သည်။

ယန်ထျန်းဟန်က သန်မာအားကောင်းလှသည့် ယင်ချီနဲ့ မွေးဖွားလာခြင်းဖြစ်ပြီး ထပ်ပေါင်းပြောရရင် သူက စေတန်နတ်ဆိုးလည်း ဖြစ်နေသည်။ ရက်အနည်းငယ်အတွင်းမှာ နတ်ဆိုးသားရဲများကို တိုက်ခိုက်ရန်အတွက် အလောင်းကောင်များကို ထိန်းချုပ်သည့်နည်းလမ်းကို ကျွမ်းကျင်လာခဲ့သည်။

*****

ရက်အနည်းငယ်အတွင်း လေပြင်းတောင်စွန်းမှာ အချိန်တိုတစ်ခုမျှ တံခါးပိတ် ကျင့်ကြံနေခဲ့သည့် လင်ရွှမ်းဇီသည်လည်း ကျိုးပျက်ဓားတောင်ထွတ်တွင် ယန်ထျန်းဟန်အား လာတွေ့လေသည်။

ဝိညာဉ်စိုက်ခင်းနှင့် ဝါးအိမ်လေးထဲမှာ လိုက်ရှာပြီးနောက်မှာတော့ သူကအမဲလိုက် တောင်ကုန်းပေါ် ရောက်နေကြောင်း လင်ရွှမ်းဇီ နားလည်သွားသည်။

လင်ရွှမ်းဇီတစ်ယောက် သူ့ဓားပျံနှင့် အမဲလိုက်တောင်ကုန်းပေါ် ပျံသန်းသွားတဲ့အချိန်မှာ ယန်ထျန်းဟန်က လင်းချီကုနဲ့ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

လင်းချီကုက ယန်ထျန်းဟန်နှင့် သခင်အစေခံစာချုပ်ကို ချုပ်ဆိုပြီးနောက်မှာ အခြားအလောင်း ရုပ်သေးများနှင့် ကွဲပြားသည်။ယန်ထျန်းဟန်က အင်ပါယာအလောင်းနည်းပညာ ကို ကောင်းကောင်း မလေ့ကျင့်ခဲ့ဘူးဆိုရင်တောင် လင်းချီကုက ယန်ထျန်းဟန်ရဲ့အမိန့်များကို အပြည့်အဝ နားလည်နိုင်ပြီး ၎င်းတို့အား ဆန့်ကျင်ဘက်ပြုမည်မဟုတ်ပေ။

လင်းချီကုရဲ့ လက်ထဲမှာ ဝါးလှံက ရှိနေဆဲဖြစ်ပြီး သပ်ရပ်စွာ ဝှေ့ယမ်းနေသော်လည်း တင့်တယ်ခြင်းတော့ ရှိမနေပေ။သို့ရာတွင်၊ ပိုင်းခြားသိမြင်သူတစ်ဦးဆိုရင်တော့ ဤအကွက်သည် စစ်မြေပြင်တွင် အသုံးပြုသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သိရှိရန် ယင်းကို တစ်ချက်ကြည့်ရန်သာ လိုအပ်သည်။

ထိုအချိန်မှာ ယန်ထျန်းဟန်ကတော့ ငွေနက်ရောင် မီးလျှံကြာပွတ် တစ်ချောင်းအား သူ့လက်ထဲမှာ ဆုပ်ကိုင်ထား၏။ သူက လင်းချီကုနဲ့ စနစ်တကျ တိုက်ခိုက်နေပြီး နောက်မဆုတ်သွားပေ။

လက်နက်ရှည်လေ၊ ပိုအားကောင်းလေပင်။ မကြာခင်မှာပဲ လင်းချီကုက ယန်ထျန်းဟန်ရဲ့ လှုပ်ရှားမှုထဲမှာ အားနည်းချက်လေးကို ရှာတွေ့သွားခဲ့ပြီး ဝါးလှံအား သူ့လည်ပင်းပေါ် တင်နိုင်သွားသည်။

တစ်ချိန်တည်းမှာပဲ ယန်ထျန်းဟန်ရဲ့ ကြာပွတ်က မြွေတစ်ကောင်လိုမျိုး လင်းချီကု၏ လှံတံအား ရစ်ပတ်သွားခဲ့ပေမယ့် အနည်းငယ် နောက်ကျသွားခဲ့သည်။

လင်းချီကုက ဆက်ပြီးမလှုပ်ရှားပေမယ့် လောင်ကျွမ်းသွားတဲ့ ဝါးလှံတံအား လွှတ်ပေးလိုက်ပြီး ပြာအဖြစ် လောင်ကျွမ်းစေလိုက်သည်။

ယန်ထျန်းဟန်က ဝမ်းနည်းသွားသလိုမျိုး သက်ပြင်းချသည်။

"ထပ်ရှုံးပြန်ပြီ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now