Chapter - 106

18.4K 2.7K 349
                                    


{Zawgyi}

•Ooh Jeez ဘယ်တော့မှ ထွက်မသွားတဲ့ဝက်ခြံ•

လီယွိအံကိုကြိတ်ကာ လက်သီးကို ကျစ်နေအောင်ဆုပ်ထားပြီး ကြွက်သားတွေကပါ တင်းကျပ်လာတယ်။ ဘယ်လိုမျက်နှာမျိုးနဲ့ ပြန်ပေါ်လာနိုင်ရတာလဲဆိုပြီး ကျန်းဆွေ့လင်ကို မေးလိုက်ချင်ပေမယ့် ဘာမှမပြောခဲ့ဘူး။ သူ့ရဲ့ကြမ်းကြုတ်မှုက သူ့ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီဆိုတာနဲ့ သူ့ကိုယ်သူ ထိန်းမချုပ်နိုင်တော့မှာ စိုးရိမ်မိတယ်။ ကျန်းဆွေ့လင်က သူ့ကို အရိုးထဲထိ စိမ့်နေအောင် မုန်းသလိုပဲ သူကိုယ်တိုင်ကလည်း ကျန်းဆွေ့လင်ကို ဒီလောကကြီးထဲကနေ လုံးဝပျောက်ကွယ်သွားစေချင်တယ်။

သူ့စိတ်အခြေအနေက ဘယ်လောက်တောင် ရှုပ်ထွေးနေမှန်း သူမရှင်းပြနိုင်တော့ဘူး။ သူ ဒီလူကို တစ်ကြိမ်တစ်ခါ သဘောကျခဲ့ဖူးတယ်။ သူတို့မှာ ရိုးရှင်းပြီး လှပတဲ့ကလေးဘ၀တစ်ခု ရှိခဲ့ကာ ဒီလူ့ကို တစ်ဘ၀လုံးစာ ကာကွယ်ပေးမယ်လို့လည်း တိတ်တိတ်လေး စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် အခုတော့ သူ့ကို နောက်ထပ်မမြင်တွေ့ဖို့ကိုသာ မျှော်လင့်မိတယ်။ မဟုတ်ရင် သူ့ရဲ့သတ်ချင်နေတဲ့စိတ်ကို ထိန်းနိုင်မှာ မဟုတ်ဘူး။

ကျန်းဆွေ့လင်က ကျန်းဆွေ့ယင်းအပေါ် ဘာလုပ်ခဲ့လဲဆိုတာ ပြန်တွေးမိရင် သူ့နားတစ်ဝိုက်လေထုက ပူနွေးလာပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သလို ခံစားရတယ်။

ဒီလောကကြီးထဲမှာ ရန်သူရဲ့မျက်နှာထက် ပိုပြီးရွံရှာစရာကောင်းတဲ့မျက်နှာ မရှိတော့ဘူး။ ဒါက အခုချိန်မှာ လီယွိရော ကျန်းဆွေ့လင်ပါ ခံစားမိတဲ့အရာဖြစ်တယ်။

သုံးယောက်သား ရပ်ကွက်ဝင်ပေါက်မှာ ရပ်နေကြတယ်။ တစ်ချိန်က သူတို့တွေ အတူတကွ အပြုံးတစ်ခုနဲ့ စားလိုက်သောက်လိုက် လုပ်နိုင်ကြပေမယ့် အခုချိန်မှာတော့ အချင်းချင်း အမုန်းတရားတွေသာ ပြည့်နေကြပြီ။

လွန်ခဲ့တဲ့နှစ်နှစ် ပူအိုက်တဲ့နွေရာသီမှာ တက္ကသိုလ်ဝင်စာမေးပွဲတွေ ဖြေဆိုပြီးချိန် သူတို့သုံးယောက် ဒီတိုက်ခန်းမှာ ပထမဆုံးအကြိမ် ဆုံဖြစ်ခဲ့ကြတယ်။ ထိုအချိန်တုန်းကဆို ကျန်းဆွေ့ယင်းက အထက်စီးဆန်တဲ့အစ်ကိုကြီး၊ ကျန်းဆွေ့လင်က သိတတ်တဲ့ညီငယ်လေး ပြီးတော့ လီယွိက နှိမ့်ချမှုမရှိ အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ကာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now