Chapter (158) - ရေဇလုံ ၂လုံး

552 161 1
                                    

Chapter (158) - ရေဇလုံ ၂လုံး



Chen Ge ရဲ့မေးခွန်းကိုကြားတော့ လူ၃ယောက်က မတူညီစွာ တုံ့ပြန်ခဲ့ကြသည်။ အဖိုးအိုက သူ့လက်ချောင်းကို တိတ်တဆိတ် လျှာနှင့်လျက်ကာ သူစားခဲ့သည့်အစာကို ပြန်တွေးနေသလို၊ အမျိုးသမီး၏မျက်လုံးက ပြူးကျယ်လာပြီး လှောင်အိမ်ထဲမှာ စတင်ရုန်းကန်လာသည်။ သက်လတ်ပိုင်းအမျိုးသားက တမူထူးခြားစွာ တုံ့ပြန်ခဲ့သည်။ လူ၃ယောက်ထဲမှာ သူတစ်ယောက်ပဲ Chen Ge ကို မျက်ခြေမပျက် စိုက်ကြည့်နေသည်။

"ဒီလူ၃ယောက်က စိတ်ရောဂါကုဆေးရုံဟောင်းမှာ ဘာကြောင့်ရောက်နေတာလဲ.."

Chen Ge က အသံထွက်ပြောလိုက်ပြီး အဖိုးအိုရဲ့လှောင်ချိုင့်နားကို တိုးကပ်သွားသည်။ အဖိုးအိုက လှောင်ချိုင့်အလယ်မှာ ထိုင်နေပြီး Chen Ge တိုးကပ်လာသည်ကို ဂရုမစိုက်ဘဲ သူ့လက်ကဆီအစွန်းထင်းကို လျှာနှင့်လျက်နေသည်။

"ဒီလူက ပထမလူနာဆောင်က ပြောင်းရွှေ့ခံခဲ့ရတဲ့သူပဲ.. သူ့ဆံပင်တချို့က ရိတ်ခံထားရပြီး အသစ်ပြန်ပေါက်ထားတာဖြစ်တယ်.."

Chen Ge က ထိုလူရဲ့ပုံစံကို သေချာလေ့လာပြီး ကြည့်ရှုသူတွေကို ရှင်းပြလိုက်သည်။ သူနာပြုကောင်တာမှာ တွေ့ခဲ့ရသည့် ဆံပင်အနက်တချို့ရောနေသော ဆံပင်ဖြူများကို လူတွေ ပြန်သတိရလိုက်သည်။

"သူ့ဆံပင်တွေ အရိတ်ခံရပြီး ဒီလောက်ရှည်နေပုံထောက်ရင် သူက ဒီမှာပိတ်ခံထားရတာ ကြာလောက်ပြီ.. တစ်ယောက်ကတော့ ပျောက်ဆုံးနေတုန်းပဲ.."

Chen Ge က သူတွေ့ခဲ့သည့် မတူသည့်ဆံပင်များကိုတွေးကာ ပြောလိုက်သည်။

Chen Ge က သက်လတ်ပိုင်းလူ၏ လှောင်ချိုင့်ရှေ့မှာရပ်ကာ သုံးသပ်ပြောဆိုလိုက်သည်။ ဒီလူရဲ့ဆံပင်က ရှည်နေပြီး ပုံပျက်တာမရှိပေ။

"ဒီလူရဲ့ဆံပင်က အရိတ်ခံထားရတဲ့လက္ခဏာ မရှိဘူး.."

Chen Ge က ပိုပြီး သတိထားခဲ့သည်။ သူတွေ့ထားတာအရဆိုရင် ဆံပင်ရိတ်တာက လူသတ်သမားရဲ့ ထူးခြားတဲ့ဝါသနာ ဖြစ်ပုံရသည်။ ဒီလူက ဆံပင်အရိတ်မခံရဘူးဆိုတော့ သူက လူသတ်သမားနဲ့ သိတဲ့လူလား..။ ဒါမှမဟုတ် လူသတ်သမားပဲ ဖြစ်နေမလား..။

Chen Ge က အစောပိုင်း ပြတင်းပေါက်ကနေ သူတွေ့လိုက်တဲ့လူရဲ့မျက်နှာက လူလို့ဆိုရမည်ထက် တွန့်လိမ်ရှုံ့တွနေသည်။ Chen Ge ရဲ့နောက်ကို လိုက်လာတဲ့လူက လူသတ်သမားဖြစ်နိုင်ပြီး လှောင်ချိုင့်ထဲက သက်လတ်ပိုင်းလူက သံသယတရားခံဖြစ်သည်။ ဒါဆို ဒီနေရာမှာ ရူးသွပ်နေတဲ့လူသတ်သမားက တစ်ယောက်မကရှိနိုင်သည်။

Chen Ge က တူကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ဆိုးဝါးသည့်သဲလွန်စတွေအရ သူကလွဲရင် ဒီမှာတွေ့တဲ့လူတွေထဲက ဘယ်သူမဆို လူသတ်သမားဖြစ်နိုင်ချေရှိသည်။

ဖြစ်နိုင်ချေတော့ နည်းနိုင်တာပေါ့..

Chen Ge က အတွေးစကိုရပ်ကာ မိန်းကလေးရဲ့ပါးစပ်ထဲမှာ ဆို့ထားသည်ကို ထုတ်ပေးဖို့ပြင်လိုက်သည်။ သူမဆီက သတင်းတချို့ရနိုင်ဖို့ မျှော်လင့်နေမိသည်။

"စိတ်မပူပါနဲ့.. ငါ မင်းကိုကယ်ဖို့ ဒီကိုရောက်လာတာပါ.."

Chen Ge က သံလှောင်ချိုင့်က သော့ခလောက်ကို လှုပ်ခါကြည့်လိုက်သည်။ သော့မပါဘဲ သံတူနဲ့ပဲ ရိုက်ဖျက်မယ်ဆိုရင် လူ၃ယောက် လွတ်အောင်လုပ်ဖို့ ဘယ်လောက်ကြာနိုင်မလဲ..။

အမျိုးသမီးငယ်လေးကို ကြည့်ရတာ သက်ရှိလူသားကို ကြောက်နေပုံရသည်။ Chen Ge သူမလှောင်ချိုင့်နား တိုးကပ်လာတော့ ပါးစပ်က မပီမသ ဂူးဂူးဂါးဂါးသံထွက်လာကာ ခေါင်းနှင့်ကြိုးချည်ထားခံရသောလက်ကို လှုပ်ယမ်းနေသည်။

"ငြိမ်ငြိမ်နေပါ.. ငါ မင်းကို ထိခိုက်အောင်မလုပ်ပါဘူး.."

Chen Ge က အမျိုးသမီးရှိရာကို တိုးကပ်ကာ ပါးစပ်ကဆို့ထားသည့်အဝတ်ကို ဆွဲထုတ်မည်အပြု တစ်ချိန်လုံငြိမ်နေသည့် သက်လတ်ပိုင်းလူဆီက အသံထွက်လာသည်။

"သူမကို ပါးစပ်ဆို့ထားဖို့ ငါအကြံပေးပါရစေ.. သူမက အရမ်းဆူတယ်.."

ဒီလူရဲ့ပုံစံက သူ့ကိုပဲလုပ်တာလား၊ လူတကာကို ဒီလိုဆက်ဆံသလားဆိုတော့ မသိတော့ဘူး။ မသိရင် Chen Ge က သူ့အပေါ်ကို ဆိုးရွားတဲ့အရာကို လုပ်ထားသလို စက်ဆုပ်တဲ့အကြည့်နဲ့ စိုက်ကြည့်နေသည်။

"သူမက အရမ်းဆူသလား.."

Chen Ge က ဒီလူတွေနဲ့ စကားပြောရမည်ကို မကြောက်ပေ။ သူကြောက်တာက ဒီလူတွေစကားပြောဖို့ ငြင်းဆန်နေမှာကိုပဲဖြစ်သည်။ ဒီလူတွေ စကားပြောနေသရွေ့ သူ့အတွက်အသုံးဝင်တဲ့ သတင်းအချက်အလက်ကို ရနိုင်သည်။

"ဟုတ်တယ်.. အရမ်းဆူတယ်.."

သက်လတ်ပိုင်းလူက ခပ်ပြတ်ပြတ်ဖြေသည်။ စကားပြောဆိုတာ စက်ဆုပ်စရာဟု သူက ထင်နေပုံရသည်။

"ဘာကြောင့်လဲဆိုတာ ပြောပြပါလား.. သူမက တနည်းနည်းနဲ့ စိတ်ဒဏ်ရာရခဲ့တာလား.."

Chen Ge က မေးခွန်း၂ခု ဆက်တိုက်မေးခဲ့ပေမယ့် ထိုလူပြန်ဖြေဖို့ မမျှော်လင့်ထားပေ။ Chen Ge က အမျိုးသမီးလေး၏ပါးစပ်က ဆို့ထားတာဖယ်ဖို့ လက်လှမ်းလိုက်ချိန် ဖြေသံထွက်လာသည်။

"မသိဘူး.."

"ခင်ဗျားက သူမအကြောင်း မသိဘူးဆိုရင် ပထမလှောင်ချိုင့်ထဲက အဖိုးအိုအကြောင်းကိုတော့ သိမယ်မဟုတ်လား.."

"အဖိုးကြီးရဲ့လှောင်ချိုင့်ထဲမှာ ဇလုံ၂ခုရှိပြီး ခင်ဗျားနဲ့ မိန်းကလေးရဲ့လှောင်ချိုင့်ထဲ ဘာကြောင့် ဇလုံ၁လုံးပဲရှိနေတာလဲ.."

"ငါ မင်းကိုပြောပြရင် မင်းက ဟိုမိန်းကလေးရဲ့ပါးစပ်ထဲက အဆို့ကို မဖယ်ပစ်ဖို့ ငါမျှော်လင့်တယ်.. သူမက အရမ်းဆူတယ်.."

ထိုလူက ထပ်ပြောလိုက်သည့်စကားကြောင့် Chen Ge သိချင်စိတ်တိုးလာသည်။

"ကောင်းပြီ.. ခင်ဗျား ကျွန်တော့်ကိုမလိမ်ဘဲ မှန်မှန်ဖြေရမယ်.."

"ငါ ဘယ်တော့မှ မလိမ်ဘူး.."

သက်လတ်ပိုင်းလူက လှောင်ချိုင့်ထဲ ငုတ်တုတ်ထိုင်ရင်း ပုံပြင်ကို စပြောပြခဲ့သည်။

"အဖိုးကြီးရဲ့ခန္ဓာကိုယ်က အခြေအနေအတော်ဆိုးတယ်.. သူ့ဒေါသက ပိုတောင်ဆိုးသေးတယ်.. သူ့မိန်းမ သူ့ကိုထားသွားပြီးနောက် သူက အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ပြီး သူ့သားအပေါ် မှီခိုခဲ့ရတယ်.. သူ့သားက ဆရာဝန်ဖြစ်ပေမယ့် လစာက မမြင့်ဘူး.. ဒါပေမယ့် သားအဖနှစ်ယောက်အတွက် လုံလောက်ပါတယ်.. ဒါပေမယ့် အဖိုးကြီးက မုဆိုးမတစ်ယောက်ကိုတွေ့ပြီး နောက်တစ်ခါလက်ထပ်ခဲ့တယ်.. သူ့သားက ဘာမှမပြောပေမယ့် အိမ်ကထွက်သွားတယ်.. သူက လတိုင်း သူ့အဖေဆီ ငွေဆက်ပို့ပေးနေခဲ့တယ်.. ကံမကောင်းစွာနဲ့ပဲ အဆိုးဆုံးက ငါတို့အတွက် အကောင်းဆုံးဖြစ်လာစေတယ်.. စိတ်ရောဂါကုဆရာဝန်ဖြစ်တဲ့ သူ့သားက လူနာတွေကိုထိတွေ့ကုသရင်း သူပါစိတ်ရောဂါဖြစ်လာပြီး လူနာတွေကို ရန်ပြုခဲ့မိတယ်.. လူနာတချို့က ဒဏ်ရာရခဲ့လို့ သားဖြစ်သူကို တရားစွဲခဲ့တယ်.. ဒါကြောင့် သားရဲ့မိသားစုက ပစ္စည်းဥစ္စာအကုန် ဆုံးရှုံးသွားခဲ့ရတယ်.."

"သားဖြစ်သူက စိတ်ရောဂါကိုကုသဖို့ လိုအပ်လာတယ်.. အစိုးရစိတ်ရောဂါကုဆေးရုံက တစ်လကို ယွမ် 4000 ပေးချေရတယ်.. ဒီငွေပမာဏကို သူမတတ်နိုင်ဘူး.. ဒါကြောင့် သူက ရွေးချယ်စရာမရှိတော့ဘဲ တချိန်က သူအလုပ်လုပ်ခဲ့တဲ့ဆေးရုံကို လာခဲ့ရတယ်.. ဒီဆေးရုံရဲ့ ဆေးကုသမှုစရိတ်က အစိုးရဆေးရုံထက် ပိုသက်သာတယ်.. ဒီဆေးရုံက သူ့ကို လူနာအဖြစ် လက်ခံခဲ့တယ်.."

"ဆရာဝန်က လူနာအဖြစ်နဲ့ ဒီကိုရောက်လာရတဲ့အဖြစ်က သားကို လမ်းဆုံးကိုတွန်းပို့ခဲ့တယ်.. ဒီဆေးရုံပိတ်သွားတဲ့အထိ သားဖြစ်သူက ကုသလို့မရတဲ့လူနာအဖြစ် ဆက်ရှိနေခဲ့တယ်.."

"သားဖြစ်သူ ဆေးရုံတက်ကုသနေချိန်မှာ အဖိုးကြီးရဲ့ရောဂါက ပိုဆိုးလာတယ်.. သူက အလုပ်လုပ်ဖို့ အိုမင်းနေသလို သူရတဲ့လူမှုထောက်ပံ့ကြေးအကုန်ကို သားဖြစ်သူဆေးကုသစရိတ်အဖြစ် သုံးခဲ့ရတယ်.. သူ့ဇနီးအသစ်က သူ့ကို ကွာရှင်းခဲ့တယ်.. ဆေးရုံပိတ်လိုက်လို့ အိမ်ကိုရောက်နေတဲ့သားအတွက် သူက ညည်းတွားနေခဲ့တယ်.. သူ့သားက စိတ်ရောဂါကိုတွန်းလှန်ပြီး အရင်လိုပြန်ဖြစ်လာဖို့ မျှော်လင့်နေမိတယ်.."

"ဒါပေမယ့် တစ်နေ့မှာ သားက တစ်ရွာတည်းသားကို ကိုက်ခဲ့လို့ သူက သံလှောင်ချိုင့်တစ်ခုကို တည်ဆောက်ပြီး သားကို လှောင်ချိုင့်ထဲ ပိတ်လှောင်ထားလိုက်တယ်.. သူကိုယ်တိုင်က ဖျားနာနေလို့ သူ့သားနဲ့သူ စားသောက်ဖို့ အနိုင်နိုင်ဖြစ်လာတယ်.. ဆေးကုသမှုကို ဆက်မလုပ်နိုင်သလောက် ဖြစ်လာတယ်.."

"လှောင်ချိုင့်ထဲက ပိုပိုဆိုးလာတဲ့ သားကိုကြည့်ပြီး နောက်ဆုံး သူက ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်.. သူ့သား ပိုမိုရူးသွပ်လာချိန်ကို စောင့်ပြီး လှောင်ချိုင့်အပြင်မှာ ဇလုံ၂ခုချထားလိုက်တယ်.. တစ်ခုက ရိုးရိုးရေဖြစ်ပြီး ကျန်တစ်ခုထဲမှာ ကြွက်သတ်ဆေးထည့်ထားတယ်.. သူ့သားက သေမလား ရှင်မလားဆိုတာ သူ့သားဘာသာ ဆုံးဖြတ်စေခဲ့တယ်.."

ဒီစကားကိုပြောရင်း သက်လတ်ပိုင်းလူရဲ့ အမူအယာက မပြောင်းပေမယ့် ဒီဇာတ်လမ်းက သူ့ခွန်အားကို စုပ်ယူသလိုဖြစ်ကာ ဖြူဖျော့လာခဲ့သည်။

"ဒါကြောင့် အဖိုးကြီးရဲ့လှောင်ချိုင့်ထဲမှာ ဇလုံ၂ခုရှိနေတာပဲ.."

ဒီဇာတ်လမ်းကို နားထောင်ပြီးနောက် Chen Ge က သူနာပြုကောင်တာအောက်မှာ ရေးထားသည့် 'ငါ့ကိုလုပ်ထားတာအားလုံး ပြန်ပေးဆပ်ရမယ်' ဆိုသည့်စာကြောင်းကို သတိရလိုက်သည်။



***-**



သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now