Chapter (70+71+72+73+74)(Z+U)

1.2K 281 16
                                    

Chapter (70) – အထူးဧည့်သည်တော် ရောက်ရှိလာခြင်း

ဒီသန်းခေါင်ယံလက်မှတ်ကောင်တာက ပျက်နေပြီး ပြန်ပြင်ဖို့နည်းလမ်းမရှိပေ။ ဒီဖုန်းအနက်က စိတ်ရှုပ်စရာပင်။ Chen Ge က ဒီကောင်တာကိုကြည့်လေ ဒီဟာက သက်ရှိလူသားတွေအတွက်မဟုတ်ဘူးလို့ တွေးမိလေဖြစ်သည်။

"ဘော့စ်.."

ရှောင်ဝမ်က ရိုးရိုးလေးဝတ်ထားပြီး ပေါက်စီနှစ်လုံးကိုင်ပြီး ဝင်လာသည်ကိုတွေ့လိုက်ရသည်။ တက်ကြွနေသောရှောင်ဝမ်ကိုကြည့်ပြီး Chen Ge စိတ်တွေပေါ့ပါးလာသည်။ ဒီကလေးမက တခါတလေ ညည်းညူတတ်တာကလွဲရင် ပင်ကိုက ဖျတ်လတ်တက်ကြွသူဖြစ်သည်။

ရှောင်ဝမ်ပေးသည့်ပေါက်စီတစ်လုံးကို ပျော်ရွှင်စွာတစ်ကိုက်ကိုက်လိုက်ပြီး Chen Ge မေးလိုက်သည်။

"မင်း ဒီနေ့ ဘာကြောင့်စောရတာလဲ.."

"ဘော့စ်.. ဒီမှာကြည့်.."

ရှောင်ဝမ်က သူမဖုန်းကိုဆွဲထုတ်ကာ Internet စာမျက်နှာပေါ်က 'Fu An တိုက်ခန်းလူသတ်မှု' သတင်းတစ်ပုဒ်ကိုပြကာ ပြောလိုက်သည်။

"ဘော့စ်.. ရှင် နာမည်ကြီးနေပြီ.. ဒီအကြောင်းက သတင်းထဲမှာ အားလုံးပါလာပြီ.."

"ငါကြည့်ပါရစေဦး.."

Chen Ge က ဒီသတင်းကိုကြည့်ပြီး 'အလကားဖြစ်သွားတာပဲ' ဟု ပြောလိုက်သည်။

"အလကားဖြစ်သွားတယ်.. ဒါက ဘာမှအသုံးမဝင်ဘူးလို့ ထင်လို့လား.."

ရှောင်ဝမ်က မျက်နှာမကောင်းစွာ မေးလိုက်သည်။

"တကယ်လို့ ဒီဟာက အင်တာနက်မှာပျံ့သွားမယ်ဆိုတာ ငါကြိုသိခဲ့ရင် Captian Yan ကိုတောင်းဆိုပြီး သရဲအိမ်ကိုကြေငြာဖို့ တောင်းဆိုလိုက်ပါတယ်ကွာ.. ငါက သရဲအိမ်တိုးချဲ့ဖို့ ဆုငွေကိုပဲအာရုံစိုက်နေရတာနဲ့ promotion လုပ်ဖို့မေ့သွားတာ.. သူတို့သတင်းထဲမှာ ငါ့သရဲအိမ်လိပ်စာတောင် မပါဘူး.. ပြီးတော့ ဒီအချက်အလက်တွေက မှားနေသေးတယ်.."

Chen Ge က ခဏစဉ်းစားပြီး ဆက်ပြောလိုက်သည်။

"ရှောင်ဝမ်.. နောက်နေ့ ငါတို့နှစ်ယောက် ဒီလိုသတင်းတွေအောက်က comment မှာ ငါတို့ဘယ်သူဆိုတာပြောပြပြီး သရဲအိမ်လိပ်စာကို ဖော်ပြရမယ်.. ပြီးတော့ ငါတို့သရဲအိမ်အကြောင်း ထောက်ခံတဲ့သူတွေတိုင်းကို 20% discount ပေးမယ်.."

"ဒါက နည်းနည်း ကျင့်ဝတ်နဲ့မညီသလိုပဲ.."

ရှောင်ဝမ်က ဒီလိုလုပ်ရမှာရှက်ပေမယ့် Chen Ge က အမိန့်ပေးတော့ ပါးစပ်ပိတ်လိုက်ရသည်။

၉ နာရီထိုးလို့ ပန်းခြံဖွင့်ချိန်ရောက်တော့ သူတို့လုပ်ငန်းခွင်ဝင်ဖို့ ပြင်လိုက်စဉ် ရှောင်ဝမ်က လက်မှတ်ကောင်တာကို တွေ့သွားသည်။

"ဘော့စ်.. ရှင် ညက ဒါကိုလုပ်လိုက်တာလား.."

"အင်း.. ရုပ်ဆိုးပြီး အသုံးမဝင်ဘူး.."

"တကယ်တော့ လက်မှတ်ကောင်တာတစ်ခု လိုတယ်လို့ ကျွန်မကထင်နေတာ.."

ရှောင်ဝမ်က သူဘာပြောပြော ဘယ်တော့မှသံသယမဝင်တဲ့ ဝန်ထမ်းကောင်းပဲ...။

ရှောင်ဝမ် မိတ်ကပ်လိမ်းနေချိန်မှာ Chen Ge က သစ်သားပြားများဖြင့် မြေအောက်ကားပါကင် ဝင်ပေါက်ကို သွားရောက်ပိတ်ထားလိုက်သည်။ Lock မပွင့်သေးလို့ ဒီနေရာကို သုံးလို့မရသေးပေ။ ပြင်ဆင်မှုပြီးတော့ သရဲအိမ်ကိုဖွင့်လိုက်သည်။ ဒီနေ့က ပိတ်ရက်ဖြစ်သောကြောင့် သရဲအိမ်ရှေ့မှာ လူတန်းတစ်တန်းစောင့်နေကြသည်။ လူတန်းက သိပ်မရှည်ပေမယ့် ဒါက အရင်ကထက် တိုးတက်လာတာပဲဖြစ်သည်။

ရှောင်ဝမ်က ဝိညာဉ်သတို့သမီးအခန်းမှာ ဧည့်သည်တွေနောက် လိုက်ဖမ်းချိန် Chen Ge က လက်မှတ်ရောင်းခြင်းနှင့် ဒေါက်တာဝတ်စုံကိုဝတ်ကာ လိုက်ခြောက်ခြင်းဆိုသည့် အလုပ်၂ခုကြောင့် 'လော' လို့နေသည်။ ဒီသရဲအိမ်ကြီးကြီးနဲ့ လူ၂ယောက်တည်းလုပ်ရသောကြောင့် ဝန်နှင့်အားမမျှ ဖြစ်နေသည်။

'သန်းခေါင်ယံညလူသတ်သမား' အထပ်မှာ ယောင်းယောင်းက ဧည့်သည်များနောက် တောက်လျှောက်လိုက်ကာ ခြောက်လှန့်ပေးနေသည်။ သူမက သူမအိမ်ကိုလာနှောင့်ယှက်သည်ဆိုပြီး ဧည့်သည်များကို တစ်ခုခုလုပ်လိုက်မှာကို Chen Ge က စိုးရိမ်နေသည်။

နေ့လည်ထမင်းစားနားချိန်မှာ Chen Ge က ဖုန်းအနက်ကိုစစ်လိုက်တော့ ဧည့်သည်ဦးရေ တိုးလာသဖြင့် သရဲအိမ်ကိုအဆင့်မြှင့်ရဖို့ သိပ်မကြာတော့ဟု တွေးနေသည်။ တကယ်လို့ သရဲအိမ်ကိုတိုးချဲ့ချိန်မှာ ဝန်ထမ်းသစ်ထပ်ရှာဖို့တော့ လိုလာမှာသေချာသည်။ ခက်ခဲသောမစ်ရှင်က တခါတလေ ရယ်စရာဖြစ်ပေမယ့် ပုံမှန်နှင့် လွယ်ကူသောမစ်ရှင်က သရဲအိမ်၏အားနည်းချက်ကို ရှာခိုင်းခြင်းဖြစ်သည်။

ဖုန်းအနက်ထဲက ဝန်ထမ်းစုဆောင်းရေးမစ်ရှင်ကို ကြည့်ရင်း သူ့မိဘတွေပျောက်သွားစဉ်က နှုတ်ထွက်သွားကြသော ဝန်ထမ်းဟောင်းများကိုစဉ်းစားရင်း လူသစ်ထပ်ရှာရဖို့ စိတ်ပူနေသည်။ တကယ်လို့ ကျန်းယာ့နှင့် ယောင်းယောင်းသာ သူ့စကားကိုနားထောင်ရင် သရဲအိမ်အတွက် အသုံးဝင်သောဝန်ထမ်းကောင်းများ ဖြစ်လာနိုင်သည်။ ဒါပေမယ့် ယောင်းယောင်းက ဧည့်သည်များ ကြောက်အောင်ခြောက်ရာမှာ ကူညီနိုင်ပေမယ့် ကျန်းယာ့သာဝင်လာရင် ဂန္တဝင်တွင်သည့်ရာဇဝတ်မှုကြီး ဖြစ်လာနိုင်သည်။

သူ့ရဲ့သရဲနှင့်ဝိညာဉ်အဖွဲ့က ဗလာဖြစ်နေဆဲပင်။ ဒီအဖွဲ့ကို ဘယ်လိုစုစည်းရမှာလဲ။ Chen Ge က သက်ပြင်းရှိုက်ကာ အလုပ်ဆက်လုပ်ဖို့ထလိုက်သည်။ ထိုစဉ် ဖုန်းအနက်က တုန်ခါလာလို့ ထုတ်ကြည့်တော့ စာတစ်စောင်ရောက်နေသည်။

"သန်းခေါင်ယံလက်မှတ်ကောင်တာကြောင့် ပထမဆုံး အထူးဧည့်သည်တစ်ဦး ရောက်နေပါတယ်.. သင့်ရွေးချယ်မှုပေါ်မူတည်ပြီး ရလဒ်တွေမတူနိုင်ပါ.. ကျေးဇူးပြုပြီး အခွင့်ကောင်းကို အသုံးချလိုက်ပါ.."

===========================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now