Chapter (16) - ဒီမှာ ညမအိပ်နဲ့

1.5K 349 10
                                    

Chapter (16) – ဒီမှာ ညမအိပ်နဲ့

"ငါ့ဘာသာတစ်ယောက်တည်း လျှောက်မသွားသင့်ဘူး.. တိုက်ခန်းပိုင်ရှင်ရဲ့ပုံစံက မဟုတ်ပေမယ့် ဒါက သူ လူသတ်သမားပါလို့ ပြောလို့မရဘူး.."

Chen Ge က ခေါင်းယမ်းပြီး သူ့ဘာသာဆက်ပြောလိုက်သည်။

"သတင်းအချက်အလက် ပိုရဖို့ ဒီတိုက်ခန်းက အခြားနေထိုင်သူတွေကို လိုက်မေးသင့်တယ်.."

Chen Ge က ဒီတိုက်ခန်းကိုရောက်ကတည်းက လူ ၄ ဦးကို တွေ့ဆုံခဲ့ပြီးဖြစ်သည်။ တံခါးနောက်ကွယ်က အမျိုးသမီး၊ လူပျောက်ကြေငြာကို နေရာအနှံ့လိုက်ကပ်နေတဲ့ Wang Qi ဆိုတဲ့ အမျိုးသား၊ ဆက်ဆံရခက်တဲ့ တိုက်ခန်းပိုင်ရှင်နဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အဘိုးကြီးတို့ဖြစ်သည်။ အမျိုးသမီးက စိတ်ဖောက်နေသလို သူ့ကို စိတ်ရှုပ်ထွေးစေပြီး တိုက်ခန်းပိုင်ရှင်ဆီကလည်း ဘာမှမေးလို့ရမည့်ပုံမပေါ်ပေ။ အဘိုးကြီးဆီကိုသွားပြီး စကားပြောဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပေ။ ဒါဆို နောက်ဆုံး သူ မေးမြန်းလို့ရနိုင်တာက Wang Qi ဆိုသည့် လူတစ်ယောက်သာကျန်တော့သည်။

"ဒီတိုက်ခန်းနဲ့ပတ်သက်ပြီး သူ တစ်ခုခုသိထားနိုင်တယ်.."

Chen Ge က ဆုံးဖြတ်ချက်ချလိုက်ပြီး ရေပုလင်းကိုချပြီး တံခါးကို သော့ခတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။ မီးလုံးများပွင့်သွားသံနှင့်အတူ တိုက်ခန်းပထမလွှာရှိ အခန်းတိုင်း၏ တံခါးအောက်မှာ စာရွက်တွေလိုက်ထည့်နေသည့် Wang Qi ကို သူတွေ့လိုက်သည်။ သူ လူပျောက်ကြေငြာစာရွက် ထည့်လိုက်သည့်အခန်းက လူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သူက မပျက်မကွက် စာရွက်များလိုက်ထည့်နေပုံက Chen Ge ၏အာရုံကို ဆွဲဆောင်သွားသည်။ ပုံမှန်ဆိုရင် လူပျောက်ကြေငြာကို လူသွားလူလာများတဲ့လမ်းမှာ ကပ်ထားလေ့ရှိပေမယ့် ဒီလူက ဘာကြောင့် ဒီတိုက်ခန်းကအခန်းပေါက်စေ့ကို လိုက်ဝေနေရတာလဲ။ တချို့တိုက်ခန်းတွေက စွန့်ပစ်ထားပုံတောင် ထင်ရသည်။

Chen Ge က Wang Qi က နောက်ဆုံးတိုက်ခန်း တံခါးအောက် လူပျောက်ကြေငြာစာရွက် ထည့်ပြီးချိန်ထိ အနောက်မှ တိတ်ဆိတ်စွာလိုက်ကြည့်ပြီးမှ စကားပြောလိုက်သည်။

"အစ်ကို.. ကိုယ်ချစ်တဲ့သူ ပျောက်ဆုံးသွားရတဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်.. အစ်ကိုက ဒီတိုက်ခန်းမှာပဲနေပြီး ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲနေချင်ရတာလဲ.."

Wang Qi က Chen Ge ရဲ့စကားကိုကြားတော့ လှည့်ကြည့်လာသည့် သူ့မျက်ဝန်းများက တစ်စုံတစ်ခုကို အာရုံစိုက်မကြည့်နိုင်ပုံဖြင့် ဂနာမငြိမ်ဖြစ်နေသည်။

"သဘောပေါက်တယ် ဟုတ်လား.. ဒီခံစားချက်ကို မင်းတို့တွေ သဘောပေါက်မှာမဟုတ်ဘူး.. ငါ့ကို နားလည်ပေးဖို့လည်း ငါမတောင်းဆိုဘူး.."

Chen Ge က အရေးမပါတာတွေနဲ့ အငြင်းပွားနေမယ့်အစား တိုက်ရိုက်ပဲပြောလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ဖုန်းကိုထုတ်လိုက်ပြီး ရဲစခန်းမှာသူပို့ထားခဲ့တဲ့ လူပျောက်ကြေငြာစာရွက်ကိုရှာပြီး သူ့ကိုပြလိုက်သည်။

"ခင်ဗျားကို ကျွန်တော် မလိမ်ပါဘူး.. ကျွန်တော့်မိဘတွေလည်း လွန်ခဲ့တဲ့ခြောက်လက ရုတ်တရက်ပျောက်သွားခဲ့တယ်.. အဲ့ကတည်းက ကျွန်တော့်ဘဝက လုံးဝကို အောက်ထိထိုးကျသွားသလိုပဲ.."

Wang Qi က ဒီပုံကိုမြင်တော့ အကြာကြီးတိတ်နေပြီးမှ ပြောလိုက်သည်။

"မင်းပြောတာကို ငါသိပါတယ်.. ဒါပေမယ့် မင်းနဲ့ ငါ့ရဲ့အခြေအနေက မတူဘူး.. ငါ့ရည်းစားက မကြာခင်ပြန်လာတော့မှာ.. အချိန်မကြာတော့ဘူး.."

"ကျွန်တော်တို့က တစ်လှေတည်းစီးတွေ ဖြစ်သွားကြပြီ.. ခင်ဗျားကြုံတွေ့ခဲ့တာကို ကျွန်တော့်ကို ပြောပြလို့ရမလား. ကျွန်တော် ခင်ဗျားကို တစ်ခုခု ကူညီပေးချင် ပေးနိုင်မှာပါ.."

Chen Ge က ဒီစကားကိုပြောလိုက်မိပြီးမှ ဘာကိုဆိုလိုတယ်ဆိုတာ သတိရလိုက်ပြီး စိတ်ရှုပ်သွားခဲ့သည်။

"ကျေးဇူးတင်ပါတယ်.. မင်း ငါ့ကို ဘယ်လိုမှ ကူညီပေးနိုင်မှာမဟုတ်ဘူး.."

Wang Qi က ခုနက ဒီလူငယ်လေးက သူ့စာရွက်ကို ကူပြီးကောက်ပေးတာကို သတိရပြီး နူးညံ့စွာစိုက်ကြည့်ပြီး အကြံပေးလိုက်သည်။

"မင်းက လူကောင်းတစ်ယောက်ပါ.. ငါပြောတဲ့စကားကို မင်း နားထောင်ပါ.. ဒီမှာ မင်း ညမအိပ်နဲ့.. ထွက်သွားလို့ရတုန်း ဒီနေရာကနေ ထွက်သွားလိုက်ပါ.. ည ၁၂ နာရီထိုးပြီဆိုတာနဲ့ ဒီနေရာက လုံးဝမတူတဲ့နေရာတစ်ခုအဖြစ် ပြောင်းသွားတတ်တယ်.."

"ကျွန်တော် ပိုက်ဆံပေးပြီးသွားပြီဗျ.. ဒါကြောင့် ကျွန်တော်ထွက်သွားဖို့ဆိုရင် ဒီထက်ခိုင်လုံတဲ့ အကြောင်းပြချက်တော့ ပြောပြသင့်တာပေါ့.."

Chen Ge က အစမ်းမစ်ရှင်ကို ပြီးမြောက်အောင်လုပ်ကြည့်ချင်တယ်။ တကယ်လို့ သူ ခုနေ ရှောင်ထွက်သွားရင် သန်းခေါင်ယံည လူသတ်သမားအခန်းက ဘယ်တော့မှ ပြန်ဖွင့်လို့ရတော့မှာ မဟုတ်တော့ဘူး။

"မင်းရဲ့ပိုက်ဆံက အရေးကြီးသလား..၊ မင်းရဲ့အသက်က အရေးကြီးသလား.."

Wang Qi က Chen Ge နောက်မှာ ချောင်းနားထောင်သူရှိမရှိ ကြည့်ပြီးမှ ဆက်ပြောလိုက်သည်။

"ဒီအဆောက်အဦးမှာ လူသတ်သမားတွေရှိတယ်လို့ တစ်ယောက်ယောက် ပြောခဲ့ဖူးတယ်.."

"ကျွန်တော်လည်း ဒီသတင်းကို ကြားဖူးပါတယ်.. ဒါပေမယ့် သတင်းအပြည့်အစုံကို အင်တာနက်ကနေရှာတာ ရှာမရလို့ ကောလာဟလလို့ ထင်သွားခဲ့တာ.."

Chen Ge က ပြန်ဖြေလိုက်သည်။

"အရင်က ဒီတိုက်ခန်းကို Fu An တိုက်ခန်းလို့ခေါ်တယ်.. မတော်တဆမှုဖြစ်ပြီး နောက်ပိုင်းမှ Ping An တိုက်ခန်းလို့ နာမည်ပြောင်းခဲ့တာဖြစ်တယ်.. အဲ့ဒီအချိန်တုန်းက ဒီသတင်းက အတော်ကိုလူသိများခဲ့ပြီး ရဲတွေက ဒီကိစ္စကို မဖြေရှင်းနိုင်ခဲ့ဘူး.. သေဆုံးသွားတဲ့သူတွေက အခဲမကျေတဲ့စိတ်ကြောင့် သန်းခေါင်ယံရောက်တိုင်း သူတို့သေဆုံးခဲ့တဲ့နေရာမှာ ပြန်ပြန်ပေါ်လာကြတယ်.."

ဒီလူက သူတကယ်ယုံကြည်တဲ့အတိုင်း ပြောပြလိုက်သည်။

"ခင်ဗျား ဒီအသက်အရွယ်ရောက်တဲ့အထိ သရဲဇာတ်လမ်းတွေ သုံးနေတုန်းပဲလားဗျာ.."

Chen Ge ရဲ့အတွင်းစိတ်ထဲမှာတော့ သူတို့နေထိုင်တဲ့လောကအပြင် အခြားလောကတစ်ခု ရှိသေးတယ်ဆိုတာ သူ့လောက် ဘယ်သူမှပိုမသိနိုင်လို့ စိတ်မသက်မသာဖြစ်သွားသည်။ ဖြစ်နိုင်ရင် သရဲတွေနဲ့ သူ ထပ်ပြီးမတွေ့ချင်တော့ဘူး။

"အစတုန်းက ငါမယုံခဲ့ဘူး.. ငါ့ကောင်မလေး ဒီနေရာမှာပျောက်သွားတဲ့အထိ သရဲရှိတယ်ဆိုတာ ငါမယုံကြည်ခဲ့ဘူး.."

Wang Qi က စိတ်ရှုပ်ထွေးစွာနှင့် သူ့ဆံပင်များကို လက်နှင့်ဆောင့်ဆွဲလိုက်သည်။

"ခင်ဗျားကောင်မလေးက ဒီတိုက်ခန်းကို ဘာကြောင့်လာခဲ့တာလဲ.."

Wang Qi ရဲ့ရည်းစား ပျောက်သွားတဲ့အဖြစ်အပျက်က သူ့မိဘတွေပျောက်သွားတဲ့ အဖြစ်အပျက်နဲ့ တူနေတယ်လို့ Chen Ge ခံစားလိုက်ရသည်။

"ငါလည်းမသိဘူး.. ရဲဌာနက ဒီနေရာမှာ ငါ့ကောင်မလေးနဲ့ပတ်သက်တဲ့ သဲလွန်စအားလုံး ပျောက်သွားတယ်လို့ပြောမှ ငါ ဒီတိုက်ခန်းကိုကြားဖူးတာပဲ.."

Wang Qi က လက်ကိုအောက်ချလိုက်တော့ သူ့လက်ကြားမှာ ဆံပင်အတော်များများ ကျွတ်ပါလာခဲ့သည်။

"ငါလည်း ကြံရာမရဖြစ်ပြီး ဒီတိုက်ခန်းကိုရွှေ့လာပြီး ငါ့ကောင်မလေးကို လိုက်ရှာနေတာ.."

"ခင်ဗျား တစ်ခုခုသိထားသေးလား.."

Wang Qi ရဲ့စကားသံတွေ တိတ်သွားပြီး သူ့အိတ်ထဲကဖုန်းကိုထုတ်ပြီး စာတချို့ရိုက်ကာ Chen Ge ကိုပြလိုက်သည်။

"ငါ့ရည်းစားက ဒီမှာနေတဲ့လူတွေ ပြန်ပေးဆွဲတာ ခံလိုက်ရတယ်.."

Chen Ge က ဒီစာကိုဖတ်ပြီး အံ့အားသင့်သွားခဲ့သည်။
သူက ဒီလိုကြားရမည်ဟု မထင်ထားခဲ့ပေ။

"အစ်ကို.. ပြန်ပေးဆွဲခံရတာနဲ့ ပျောက်သွားတာက မတူဘူးနော်.."

Wang Qi က Chen Ge ကို အသံမထွက်ဖို့ အချက်ပြပြီး သူတို့နောက်ကကော်ရစ်တာကို တစ်ချက်လှည့်ပတ်ကြည့်ပြီး message တစ်စောင်ကိုပြလိုက်သည်။ ဒီ message ကိုကြည့်ပြီး Chen Ge ၏ အောက်မျက်ခမ်းက တဆတ်ဆတ်လှုပ်သွားခဲ့သည်။ ဒီ message က Wang Qi ၏ရည်းစားဆီက ပို့လိုက်တဲ့စာဖြစ်ပြီး ရိုးရှင်းစွာ 'ငါ့ကိုကယ်ပါ' လို့ ရေးသားထားသည်။

ဒီစာကိုပို့တဲ့အချိန်က ပြီးခဲ့တဲ့ည 2 နာရီကဖြစ်သည်။

"ဒီစာက ခင်ဗျားရည်းစားပျောက်သွားပြီးမှ စာပို့ခဲ့တာလို့ ပြောချင်တာလား.."

ပထမ လန့်သွားပေမယ့် Chen Ge က တည်ငြိမ်သွားပြီး Wang Qi ကိုပြောလိုက်သည်။

"ခင်ဗျားရည်းစားက သက်ရှိထင်ရှားရှိနေပြီး စာပို့လိုက်တာဆိုရင် ဘာကြောင့် ဒီစာကို ရဲတွေကို သွားမပြရတာလဲ.."

"ငါပြောပြတဲ့ဟာကိုကြားရင် မင်း ငါ့စကားကို ယုံမှာမဟုတ်ဘူး.. ငါ့ကောင်မလေး ပျောက်သွားပြီးနောက်ပိုင်း ညတိုင်း သန်းခေါင်ကျော်တာနဲ့ ငါ့ဆီ စာတွေပို့လာခဲ့တယ်.. ဒါပေမယ့် ငါအိပ်ပျော်သွားပြီး ပြန်နိုးလာရင် ဒီစာက တစ်ခါမှမပို့ခဲ့သလို အလိုလိုပျောက်သွားခဲ့တယ်.."

Wang Qi က သွေးကြောတွေနဲ့ နီရဲနေတဲ့သူ့မျက်လုံးကို ညွှန်ပြပြီး ဆက်ပြောလိုက်သည်။

"ဒီ message ကျန်ရစ်နေဖို့ ငါ မျက်လုံးကို 24 နာရီ မပိတ်ရဲဘူး.."

"ဒီစာက ခင်ဗျားအိပ်ပျော်သွားတာနဲ့ ပျောက်သွားတယ်.. ဟုတ်လား.."

ဒီလိုထူးဆန်းတာကို Chen Ge ပထမဆုံး ကြားဖူးတာဖြစ်သည်။

"ငါရူးသွားပြီလို့ မင်းထင်မှာပဲ.. ဒါပေမယ့် ငါပြောသွားသမျှတိုင်းက အမှန်တွေချည်းပဲ.."

Wang Qi က ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်သည်။

"ရှင်းပြလို့မရတဲ့ ကိစ္စတွေက အများကြီးပဲ.. ဥပမာ.. ငါ့ရည်းစားရဲ့ပစ္စည်းတွေက ငါ့အခန်းထဲမှာ ရုတ်တရက်ပေါ်လာခဲ့တယ်.. ဒီဟာက သူ့ကိုလိုက်ရှာဖို့ ငါ့ကို သတိပေးနေသလိုပဲ.."

ဒီနောက်ဆုံးစကားကိုကြားတော့ Chen Ge မျက်မှောင်ကုတ်သွားမိသည်။ သူကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေအရ Wang Qi ရဲ့ရည်းစား ပျောက်ကွယ်သွားတဲ့အဖြစ်က မတော်တဆဖြစ်ရပ်ကြောင့် တစ္ဆေဘဝရောက်သွားပုံရသည်။ ဒါကလည်း Wang Qi ပြောတဲ့စကားတွေက အမှန်တွေလို့ယူဆပြီး ယုတ္တိကျကျ ကောက်ချက်ချလို့ရတဲ့ အချက်ဖြစ်သည်။

"ငါ့ချစ်သူပျောက်သွားကတည်းက ငါ့ဘဝလည်း ဒီလိုဖြစ်လာခဲ့တာပဲ.. ဒီတိုက်ခန်းက ငါ့ဘဝကြီးတစ်ခုလုံးကို လုံးဝပြောင်းပစ်လိုက်တာပဲ.. ငါပြောတာနားထောင်ပါ.. ဒီနေရာက ကျိန်စာသင့်နေတာ.. ဒီနေရာက မကောင်းဆိုးဝါး၊ ဝိညာဉ်တစ္ဆေတွေရဲ့ နေရာကြီးပဲ.. ဒီမှာနေတဲ့လူတိုင်း ကံဆိုးမိုးမှောင်ကျတတ်တယ်.. ဒါကြောင့် မင်း တတ်နိုင်သလောက်မြန်မြန် ဒီနေရာက ထွက်သွားပါတော့.."

Wang Qi က လူတစ်ယောက်နဲ့ ခုလောက်ကြာအောင် စကားကြာကြာ မပြောဖြစ်ခဲ့ဟန်ဖြင့် ဒီလိုစကားအရှည်ကြီး ပြောပြီးနောက် နံရံကိုမှီကာ မျက်နှာတစ်ခုလုံး ဖြူဖျော့လို့သွားခဲ့သည်။ ဒီလိုပြောရတာ သူ့ကို အတော်ကြီး အားကုန်ကာ ထိခိုက်သွားစေသလိုပင်။

======================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now