hapter (23) - Real Killer (လူသတ်သမားအစစ်)

1.3K 321 2
                                    

Chapter (23) – Real Killer (လူသတ်သမားအစစ်)

တံခါးက ကန်ဖွင့်သည့်အရှိန်နှင့် ပွင့်သွားပြီး နံရံနှင့်ရိုက်မိစဉ် Chen Ge က အခန်းထဲ အလျင်စလိုပြေးဝင်ပြီး ပြတင်းပေါက်ဘောင်မှ အောက်ကိုငုံ့ကြည့်လိုက်သည်။

"သေစမ်း.. အတော်မြင့်တာပဲ.."

ပြတင်းပေါက်ကနေ အောက်ကို 3, 4 မီတာလောက် ကွာနေသဖြင့် တွန့်ဆုတ်နေစဉ် အနောက်ကပြေးလိုက်လာသော ခြေသံများအရ တိုက်ခန်းပိုင်ရှင်နှင့် တက်တူးနှင့်လူငယ်က ဒီအခန်းနှင့်နီးလာပြီဆိုတာ သိလိုက်သဖြင့် Chen Ge အချိန်မဆွဲရဲတော့ဘဲ ပြတင်းပေါက်ကနေ ကျော်ဆင်းလိုက်သည်။ သူ့ခြေထောက်တစ်ဖက်က ပထမထပ်က သူခိုးမဝင်အောင်ကာထားသည့် သံပန်းတံခါး၏အစွန်းကို နင်းထားလိုက်သည်။

"ဒီကောင် ငါတို့အလောင်းရွှေ့တာ မြင်သွားလောက်ပြီ.. သူ့ကို အလွတ်ပေးလို့ မဖြစ်တော့ဘူး.."

တိုက်ခန်းပိုင်ရှင်က ပြောရင်း ပြတင်းပေါက်အောက်ကို ငုံ့ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

"မင်း ပြေးလို့လွတ်မယ် ထင်နေလား.."

Chen Ge က အချိန်မဆွဲတော့ဘဲ အောက်ထပ်သံပန်းတံခါးမှ အကွက်များကို လက်နှင့်ကုတ်ကာ အောက်ကိုလျှောချပြီး မြေပြင်ပေါ်ကျသည့်အရှိန်ကို လျော့သွားစေသည်။ မြေပြင်ပေါ် ရပ်လိုက်မိသည်နှင့် ဂိတ်တံခါးဆီ ပြေးတော့သည်။

"မြန်မြန်.. သူ့ကိုဖမ်းစမ်း.."

တိုက်ခန်းပိုင်ရှင်က အော်ပြောပြီး Chen Ge ဆီ သံတူကြီးနှင့် လှမ်းထုလိုက်သည်။ Chen Ge က နောက်ကိုလှည့်ကြည့်တော့ သံတူက မြက်ခင်းကြားထဲရောက်နေတာ တွေ့လိုက်ရလို့ ကျောချမ်းသွားခဲ့သည်။ ဒီလူတွေလက်ထဲရောက်သွားရင် သေချာပေါက် အသတ်ခံရမှာပဲ။ ထိုစဉ် ပထမထပ်၏ မိန်းတံခါးကြီးပွင့်သွားပြီး ဖက်တီးနှင့်မိန်းမကြီးက လက်နက်တွေကိုင်ပြီး ပြေးလာသည်ကို တွေ့လိုက်ရသည်။

"အရူးအုပ်စုတွေ.."

Chen Ge က ဂိတ်တံခါးကသော့ပေါ် တက်နင်းပြီး တံခါးကိုကျော်ချကာ တိုက်ခန်းဝိုင်းကြီးထဲမှ ပြေးထွက်လာခဲ့သည်။ တိုက်ကြီး၏ပတ်လည်တွင် ရှုပ်ယှက်ခတ်နေသည့်သစ်တောက ပတ်ကာ ဝန်းရံထားပြီး လမ်းမီးလုံးဝမရှိသဖြင့် ညသန်းခေါင် သူ ဘယ်သွားရမှန်းမသိပေ။ ဒါပေမယ့် နောက်က အရူးအုပ်စုလိုက်နေလို့ သစ်တောထဲပဲ ဝင်ပြေးရတော့သည်။ အနောက်ကတိုက်ခန်းရှင်နှင့် တက်တူးသမား၏ ပြေးလိုက်သံနှင့် ဓာတ်မီးရောင်ကြောင့် Chen Ge က လှည့်မကြည့်ဝံ့ဘဲ ရှေ့ကိုသာ ဇွတ်တိုးပြေးတော့သည်။

လွတ်မြောက်ဖို့ပဲ ခေါင်းထဲထည့်ပြီး ခြေဦးတည့်ရာ ပြေးနေသဖြင့် Chen Ge ၏အဝတ်အစားများတွင် သစ်ကိုင်းနှင့်ညိကာ ပြဲနေသလို သူ့ကိုယ်ကလည်း သစ်ရွက်များ၊ ရွှံ့များ ပေလူးနေတော့သည်။ ၁၅ မိနစ်လောက် အားကုန်ပြေးပြီး နောက်ကို လှည့်ကြည့်လိုက်သည်။ တိုက်ခန်းပိုင်ရှင်အုပ်စုကို မျက်ခြေဖြတ်နိုင်ပြီဟု ယုံကြည်ပြီး Chen Ge က ခြုံပုတ်ထဲဝင်ထိုင်လိုက်စဉ် အဝေးတစ်နေရာမှ မီးရောင်ကိုတွေ့လိုက်ရမှ Chen Ge လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။

သူတို့နဲ့ သိပ်မနီးတော့ပေ။ တိုက်ခန်းထဲ ပိတ်မိနေတုန်းက ခြေတစ်လှမ်းသာ မှားသွားခဲ့ရင် သူ အသတ်ခံရနိုင်ချေရှိသည်။

ဘုရားရေ.. ဖုန်းအနက်ကပေးတဲ့ အစမ်းမစ်ရှင်က အရမ်းခက်တာပဲ..။ သူ့တကယ့်ဘဝမှာ အသက်ကိုလောင်းကြေးထပ်ပြီး ကစားနေရသည်။ ဒါက သူကြုံဖူးသမျှ အဆိုးဆုံးအရာတွေပဲ။

တိုက်ခန်းရှင်အုပ်စုက သူနဲ့ခဏဝေးကွာနေတာ သူလုံခြုံသေးတာမဟုတ်ဘူး။ အစောပိုင်း တူတွေ၊ လက်နက်တွေနဲ့ ပြေးလိုက်တဲ့အချိန်က သူ ကြောက်လန့်သွားခဲ့တာ ခုထိမပြေသေးပေ။ သူစိတ်ငြိမ်သွားတော့မှ ခြုံပုတ်ထဲက တိုးထွက်ခဲ့သည်။ အဝေးကဓာတ်မီးရောင်လည်း ပျောက်သွားပြီး တောအုပ်တစ်ခုလုံး ပိုးကောင်အော်သံတောင် မကြားရဘဲ ငြိမ်သက်လို့နေသည်။

ဘယ်လမ်းက ထွက်ရမှာလဲ..။ Chen Ge က တောထဲမှာ လမ်းပျောက်သွားပြီဆိုတာ သိလိုက်သည်။ မိုးလင်းလာတဲ့အထိ ဒီမှာပုန်းနေသင့်လား..။

Chen Ge က သူ့ဖုန်းကိုထုတ်ကြည့်တော့ Livestream က ဆက်လွှင့်နေဆဲဖြစ်ပြီး screen က မည်းနေတာကြာနေသော်လည်း ကြည့်ရှုသူများက မေးခွန်းများစွာ ဆက်လက်မေးနေဆဲပင်။ လူတွေက ဒီ livestream မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ လုံးဝမသိကြပေ။

Chen Ge က ဒီကြည့်ရှုသူတွေကို ရှင်းပြဖို့ အချိန်မရသဖြင့် message box ကိုဖွင့်ပြီး He San ဆီ စာပို့မလို့လုပ်စဉ် အနောက်ဘက်မှ သစ်ရွက်ခြောက်ပေါ်နင်းလာသည့် အသံကို ကြားလိုက်ရသဖြင့် ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ထားလိုက်ပြီး ခြုံပုတ်ထဲမှာ ကိုယ်ကိုပုကာ ပုန်းနေလိုက်သည်။

Chen Ge က လက်ထဲမှာ ဘက်စုံသုံးတူကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လက်ဖဝါးက ချွေးပြန်လို့နေစဉ် ရင်းနှီးသောအသံက မေးလာခဲ့သည်။

"ဒီမှာ တစ်ယောက်ယောက်ရှိနေလား.. ဘယ်သူလဲ.."

Wang Qi လား..၊ သူက ညဦးပိုင်းကတည်းက တိုက်ခန်းကနေ ထွက်သွားပြီမဟုတ်လား။ ညသန်းခေါင်ကြီး တောထဲမှာ ဘာလာလုပ်နေတာလဲ။ သိချင်စိတ်ပေါ်ပေမယ့် Chen Ge မလှုပ်ရဲပေ။

"ငါ မှားသွားတာလား.. မဖြစ်နိုင်ဘူး.."

Wang Qi က သူ့ဓာတ်မီးနဲ့ အနီးဝန်းကျင်ကို ထိုးကြည့်ပြီး ရှာနေသည်။ Chen Ge က ဒီလူ သူ့ကိုမမြင်အောင် သေချာပုန်းနေသည်။

"ဒီလူ ငါ့ကို တွေ့လို့မဖြစ်ဘူး.. သူက တိုက်ခန်းကလူတွေထက် ပိုအန္တရာယ်များပုံရတယ်.."

Chen Ge က Wang Qi နဲ့ဝေးရာကို တရွေ့ရွေ့ ဆုတ်သွားခဲ့သည်။ သူသွားရင်း တောင်စောင်းက ပိုမတ်လာတာ တွေ့လိုက်ရပြီး သစ်လုံးအိမ်တစ်လုံးကို လှမ်းတွေ့လိုက်ရသည်။ ကြည့်ရတာ သူလမ်းမှားပြီး တောင်ကုန်းတစ်ဖက်ကို ရောက်လာပုံရသည်။ သူက သစ်ပင်တချို့ဝန်းရံနေသည့် ရိုးရှင်းသည့်သစ်လုံးအိမ်ဆီ ရောက်လာပြီး တံခါးမှာကပ်ထားသည့် ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်သည်။

**မီးဘေးရှောင်၊ မလောင်ခင်တား။ သင်ကစပြီး သဘာဝပတ်ဝန်းကျင်ကို ကယ်တင်ပါ။ သစ်မခုတ်ပါနှင့်။**

ဒီဆိုင်းဘုတ်အရ ဒီသစ်လုံးအိမ်က သစ်တောဝန်ထမ်းများ နားသောအိမ် ဖြစ်နိုင်သည်။ တံခါးက သော့မခတ်ထားသဖြင့် ဖွင့်လိုက်တော့ အခန်းထဲက ထူးဆန်းသည့်အနံ့တွေ ပျံ့လွင့်လာသည်။

"ဘာတွေလဲ.."

သူက ဖုန်းကဓာတ်မီးကို မဖွင့်ရဲဘဲ screen ကမီးရောင်လေးနဲ့ပဲ ကြည့်လိုက်သည်။ ဒီအိမ်က သေးပေမယ့် နေ့စဉ်သုံးပစ္စည်းတွေနဲ့ ပြည့်နေပြီး အမှိုက်ပုံနှင့်ပင် တူနေသည်။ ထူးဆန်းသည့်အနံ့ ထွက်နေသည့် ကုတင်ပျဉ်ပြားကို ဆွဲလှန်လိုက်တော့ မှိုတက်နေသည့်အဝတ်များကို တွေ့လိုက်ရသည်။

"အမှိုက်ကောက်တဲ့လူလား.."

ဒါပေမယ့် သူ မထင်ထားတာက မလျှော်ရသေးသည့် အမျိုးသမီးအဝတ်အစားများကို တွေ့လိုက်ရခြင်းဖြစ်သည်။ Chen Ge က အဝတ်တွေကို ထုတ်ကြည့်လိုက်တော့ တစ်ဆိုဒ်တည်းဖြစ်နေလို့ လူတစ်ယောက်တည်းကပိုင်တာ သိလိုက်ရသည်။ အဝတ်မှာကပ်နေတဲ့ ရွှံ့တောင် မခြောက်သေးတာကြည့်ရင် ဒီတလောမှ ဝတ်ထားပုံရသည်။ အလောင်းမိတ်ကပ်ပညာကြောင့် Chen Ge က လူတွေရဲ့ အရိုးတည်ဆောက်ပုံကို နားလည်သည်။ ဒါကြောင့် အဝတ်ရဲ့အတိုင်းအထွာကိုကြည့်ပြီး Fu An တိုက်ခန်းနံရံထဲ မြှုပ်ထားသည့် မိန်းကလေးအလောင်းကို ပြေးမြင်လိုက်သည်။ ဒီအဝတ်တွေက သေသွားတဲ့ မိန်းကလေးအဝတ်တွေ ဖြစ်ရမည်။

ဘာကြောင့် လူသေရဲ့အဝတ်တွေကို ဒီမှာဝှက်ထားပြီး လွန်ခဲ့တဲ့ရက်တွေက ဝတ်ထားရတာလဲ။

Chen Ge ရဲ့ နှလုံးသားက စတင်ခုန်လာပြီး ကြမ်းပေါ်မှ စာရွက်တချို့ကို သတိထားလိုက်မိလို့ ယူဖတ်ကြည့်တော့ 'ငါ မင်းကိုချစ်တယ်' ဆိုတဲ့ စာတွေနဲ့ပြည့်နေတာ တွေ့လိုက်ရသည်။

ဒီလက်ရေး...

Chen Ge က အရုပ်ထဲကရလာတဲ့ စာရွက်က လက်ရေးနှင့် တိုက်ကြည့်တော့ 90% တူနေတာ တွေ့လိုက်ရသည်။

ဒီအရုပ်တွေက လွန်ခဲ့တဲ့ ၅နှစ်ကဖြစ်ပြီး အဝတ်အစားတွေက မကြာခင်ကမှ စွန့်ပစ်ထားတာဖြစ်သည်။ ဒီနှစ်ခုက ကွဲလွဲနေပေမယ့် ဘာကြောင့် အများစုက တူနေရတာလဲ။

လက်ရေးတူနေသည့် ရည်းစားစာများ...

ဒါဆိုရင် တရားခံက တစ်ယောက်တည်းဖြစ်ရမည်။

Chen Ge က အဝတ်တွေကို ပစ်ချဖို့လုပ်တော့ ပန်းရောင်ဖုန်းကာဗာနဲ့ မိုဘိုင်းလ်ဖုန်းတစ်လုံး အဝတ်အစားထဲက ထွက်ကျလာသည်။ Chen Ge က ဖုန်းကိုကောက်ကြည့်ပြီး message ထဲကစာကိုဖတ်ကာ သဘောပေါက်သွားသည်။ ဒီဖုန်းကိုသုံးပြီး တစ်ယောက်ယောက်က 'ငါ့ကိုကယ်ပါ' ဆိုတဲ့စာကို ရိုက်ထားခဲ့သည်။ Chen Ge ၏ကျောရိုးထဲက အေးလာပြီး ဒီဖုန်းထဲကမက်ဆေ့တွေကို လိုက်ကြည့်တော့ ဒီစာသားကိုပဲပို့ထားတာ တွေ့လိုက်ရသည်။

==========================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now