Chapter (206) _ သူမက ငါ့အမကြီးပါ-2

205 42 1
                                    

Chapter (206) _  သူမက  ငါ့အမကြီးပါ-2

"စစ်ဆေးရေးမှူး လီ၊ စိတ်ကျန်းမာရေးဆေးရုံက လာတယ်လို့ သံသယရှိသူတစ်ဦးကို ကျွန်တော်ရှာတွေ့ခဲ့တယ်။ သူမက လက်ရှိ ရှင်းခုန်းတိုက်ခန်း မှာ ပုန်းအောင်းနေတယ်။"

ချန်ကောက စစ်ဆေးရေးမှုးလီကို  ထိုအမျိုးသမီးရဲ့ ရုပ်ရည်သွင်ပြင်ကို သေချာပြောပြခဲ့သည်။

"မင်း အထင်မှားနေတာများလား။ မင်းပြောတဲ့ အမျိုးသမီးက ငါတို့ရှာနေတဲ့ သူနဲ့ လုံးဝကို မတူဘူး။ ဒါ့အပြင်၊ သူမက တစ်ယောက်ယောက်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိလောက်ပါဘူး။"

"သူမရဲ့အချက်အလက်တွေအရ သူမက တတိယနာမကျန်းခန်းမထဲက လူနာနံပါတ် 2 နဲ့ အရမ်းကိုက်ညီနေတယ်။ သူမဆီမှာ ကြံရာပါ အဖော်ရှိနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်ဘက်က ငါးဆယ်ရာခိုင်နှုန်းသေချာပါတယ်။"

ချန်ကောသည် တက်ဆီဒရိုင်ဘာက ထိုစကားကို ကြားပြီး နားလည်မှုလွဲမည်စိုးသဖြင့် အသံတိုးတိုးဖြင့် ပြောနေခဲ့သည်။

"ကောင်းပြီ ငါ ကိုယ်တိုင် အဲ့ဒီနေရာကို သွားကြည့်လိုက်မယ်"
 စစ်ဆေးရေးမှုးလီ၏အဖြေကိုရရှိပြီးနောက် ချန်ကောသည် ဖုန်းချလိုက်ပြီး ဖုန်းဟွာ တိုက်ခန်း သို့ ပြန်သွားခဲ့သည်။ သူက အိမ်နောက်ဖေးမှဝင်ကာ စီစီတီဗီကင်မရာများကို သေချာရှောင်ကွင်းခဲ့သည်။

  လွန်ခဲ့သောလများစွာက အရက်မူးသမားတစ်ယောက်က ဓါတ်လှေကားထဲက အဖြူရောင်အရိပ်ကို မြင်လိုက်ရပြီး အသံမထွက်နိုင်ပဲ တချိုးတည်း ထွက်ပြေးခဲ့ဖူးသည်။ ထိုအရာသည် တစ္ဆေဖြစ်လောက်သည်။  အဆောက်အအုံထဲမှာ သရဲတစ္ဆေတစ်ကောင်ရှိနေပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဖုန်းဟွာ တိုက်ခန်း မှာ ထိခိုက်ဒဏ်ရာရရှိသည့် သတင်းတစ်ခုမှ ထွက်မလာပေ။ ထိုနေရာမှာ နေထိုင်သည့် လူတွေက အချက်အလက်တွေကို တမင်တကာ ဖုံးကွယ်ထားသလား၊ ဒါမှမဟုတ် တခြားအရာတွေ ဒီမှာ ဖြစ်နေသလား ဆိုတာ သံသယဖြစ်စရာပင်။

တတိယ အဆောက်အုံသို့ ခိုးဝင်ပြီးနောက် ချန်ကောသည် ဓားမကို အလွယ်တကူ ထုတ်လို့ရရန် အသင့်ပြင်ထားသည်။ တခုခုဖြစ်လာရင်   သူက အသားခုတ်ဓားကို အရင်ဆုံး ဆွဲထုတ်နိုင်မည်ဖြစ်သည်။ သူက လှေကားပေါ်သို့တက်လာပြီး အဆောက်အဦး၏ အပြင်အဆင်နှင့်   ရင်းနှီးရန် နာရီဝက်ကြာ လှည့်ပတ်ကြည့်ခဲ့သည်။ မြေအောက်ခန်း မရှိသောကြောင့် စုစုပေါင်း ၂၃ ထပ်သာရှိသည်။ ဓာတ်လှေကားမှာ နံပါတ်နှစ်ဆယ့်လေးခု ဘာကြောင့်ရှိနေတာလဲ။

ဒါက  ချန်ကော နားမလည်နိုင်သော အရာ ဖြစ်သည်။ သို့သော်လည်း ဝမ့်ရှင်း မိခင်၏ သတိပေးမှုကြောင့် ဓာတ်လှေကားဖြင့် အပေါ်ကို မတက်ရဲခဲ့ပေ။ နောက်ထပ် အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် ချန်ကောသည် 13 လွှာသို့ ပြန်လာခဲ့သည်။ စစ်ဆေးရေးမှုးလီက လာမည်ဆိုသည့်အတွက် ချန်ကောက ရှင်းခုန်းတိုက်ခန်း အတွက် စိတ်ပူစရာမရှိပေ။ သူ့တာဝန်က အခန်း 3 ကို စောင့်ကြည့်ရန်သာ ဖြစ်သည်။

အကယ်၍ လူနာနံပါတ် 2 သည် အခန်း 3133 တွင်နေခဲ့သည်ဆိုပါက၊ အဖြူရောင်အရိပ်သည် လူနာနံပါတ် 2 နှင့် ဆိုင်သည့် အရာသာ ဖြစ်ရမည်။

တံခါးအတွင်းရှိ လူမဟုတ်သည့် ပရလောကသားများသည် တံခါးအပြင်ဘက်တွင် ဆက်လက် ရှင်သန်လိုလျှင် သူတို့က သက်ရှိလူသား၏ကိုယ်ကို ဝင်စီးဖို့ လိုအပ်သည်။ လက်ခံထားသည့် လူသားနှင့် ဝိဉာဉ်ကြားက ဆက်ဆံရေးက အတော်လေးကို ဟန်ချက်ညီမှ ထိုသို့လုပ်နိုင်မည် ဖြစ်သည်။ ဤအထပ်တွင် နေထိုင်သည့် အခန်းငှားသူအများစုသည်  ပြောင်းသွားကြပြီဖြစ်သောကြောင့် 13 လွှာရှိ စင်္ကြံသည် အလွန်တိတ်ဆိတ်နေသည်။

ဒီည အရိပ်အဖြူက ဒီအလွှာမှာ ထွက်ပေါ်နိုင်လောက်လားဟု ချန်ကော တွေးနေမိသည်။

စင်္ကြံကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ တံခါးတစ်ချပ် ပွင့်နေတာကို တွေ့လိုက်ရပြီး အခန်းတွင်းမှ အလင်းရောင်သည် စင်္ကြံဘက်ကို ဖြာထွက်နေသည်။

ဒါက နေထိုင်သူ တစ်ယောက်ရဲ့အိမ်လား။ ချန်ကောသည် တံခါးဆီသို့ လျှောက်လာခဲ့စဉ် ထိုအခန်းနှင့်  သူ နီးကပ်လာသည်နှင့်အမျှ သူ့စိတ်ထဲ ပို၍ထူးဆန်းလာသည် ။ ခဏနေဦး... ဒီအခန်းက နံပါတ် 3133 မဟုတ်ဘူးလား။

တံခါးမှာ ကပ်ထားတဲ့ စာရွက်ကို ဖြုတ်ချထားပြီး   ကြမ်းပြင်ပေါ် ပစ်ချခံထားရသည်။  ချန်ကောအခန်းထဲကို လှမ်းကြည့်လိုက်တော့  ကြမ်းပြင်မှာ ကြွေပြားခင်းထားပြီး ပရိဘောတွေ အပြည့်စုံခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။ ဧည့်ခန်းထဲတွင် နှစ်ပိုင်းခွဲရန် ကန့်လန့်ကာတစ်ခုရှိသည်။

အခန်း ပိုင်ရှင်ပြန်လာပြီလား?

ချန်ကောသည် ရှင်းခုန်းတိုက်ခန်း မှ ထွက်ခွာပြီးနောက်၊ သူသည် အဆောက်အဦပတ်ပတ်လည်သို့ မိနစ်သုံးဆယ်ကြာအောင် လည်ပတ်ကြည့်ရှုနေသဖြင့် ပိုင်ရှင် ပြန်လာတာ ဖြစ်နိုင်သည်။ တံခါးဝမှာ သူ စောင့်နေပြီး နှစ်မိနစ်ကျော်သွားပေမယ့် အခန်းထဲမှာ ဘာအသံမှ ထွက်မလာသေးပေ။

ချန်ကောက သူ့ကျောပိုးအိတ်ထဲက ဓားရှည်ကို ဆွဲထုတ်ပြီး တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်သည်။  အခန်းထဲသို့ဝင်ကာ တံခါးကို မူလအတိုင်း ပြန်စေ့ပိတ်လိုက်သည်။ အခန်းထဲမဝင်ခင် ခြေရာလက်ရာ မကျန်အောင် သေချာလုပ်လိုက်သည်။

အခန်းက ကျဉ်းကျဉ်းလေးဖြစ်ပြီး မတူကွဲပြားသည့် အချက် နှစ်ခုက ချန်ကောရဲ့ အာရုံကို ဖမ်းစားသွားသည်။  ရေချိုးခန်းထဲတွင် အလွန်ကြီးမားသော ရေချိုးကန်တစ်ခုရှိပြီး  မီးဖိုချောင်တွင် သော့ခတ်ထားသော ရေခဲသေတ္တာတစ်ခုသာ ရှိနေသည်။

ဒီထဲမှာ လူ့ခန္ဓာကိုယ်တစ်ခုကို ဝှက်ထားတာလား။

ဒါကလွဲပြီး ဘာဖြစ်နိုင်ဦးမလဲ။   အခန်းအတွင်းရှိ တံခါးများအားလုံး ပွင့်နေခဲ့သည်။ မီးဖိုချောင်မှ ထွက်ပြီးနောက် ချန်ကောသည် အိပ်ခန်းထဲသို့ ဝင်သွားသည် ။ ဗီရိုထဲတွင် အနက်ရောင် ကုတ်အင်္ကျီများစွာ ချိတ်ဆွဲထားကာ ဗီရို၏အပေါ်တွင် အနက်ရောင် သားရေသေတ္တာကြီးတစ်လုံးရှိသည်။ ဒီအိတ်က  ဟောင်းနွမ်းနေပြီး ချန်ကောက ဒီအိတ်ကို ဆွဲချဖို့ သူ့ခြေဖျားထောက် ရပ်လိုက်ချိန်မှာပဲ အပြင်ဘက် စင်္ကြံကနေ ဒေါက်မြင့်ဖိနပ်ဖြင့် လျှောက်လာသံကို ကြားလိုက်ရသည်။

ချန်ကောသည် ပတ်ပတ်လည်ကို အမြန် ပတ်ကြည့်ကာ ကျောပိုးအိတ်ကို ဗီရိုအတွင်းဝှက်ထားလိုက်သည်။
သူ့ကို ရှာတွေ့သွားရင် သွားပြီ.....

ချန်ကောသည် ဗီရို၏ တံခါးကို ဆွဲပိတ်ကာ သော့ပေါက်မှ အပြင်ကို လှမ်းချောင်းကြည့်လိုက်သည်။   အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်ပြီး တံခါးအပြင်ဘက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ အဲဒီလူက ရဲတွေကိုင်သည့် နံပါတ်တုတ်ကိုင်ပြီး ရှေ့ကို လျှောက်လာတယ်။ သူသည် လုံခြုံရေးဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်ကျော်ရှိပုံရသည်။

"အဖြူရောင်အရိပ်ကို မင်းတကယ်မြင်ခဲ့တာလား"

"ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ နာရီဝက်လောက်က တံခါးကိုဖွင့်လိုက်တာနဲ့ ဓာတ်လှေကားထဲက အဖြူရောင်အရိပ် တစ်ခု ပေါ်လာတယ်။ အရမ်းကြောက်လွန်းလို့ ကျွန်မ တံခါးတောင် မပိတ်နိင်ပဲ လှေကားကနေ အောက်ကို ဆင်းပြေးလာခဲ့ရတယ်   "

နောက်မှ အခန်းထဲကို လိုက်ဝင်လာသည့် အမျိုးသမီးသည် အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်ထားသည်။ သူမ၏ အပြင်အဆင်က အရမ်းကို ဖက်ရှင်ကျလွန်းသည်။ သူမက မျက်နှာသွယ်သွယ်လေးနှင့်   တောက်ပသော အနက်ရောင် ဆံပင်များ ရှိသည်။ သူမက Mask တပ်ထားသဖြင့် ချန်ကော သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

ချန်ကောက သူတို့နှစ်ယောက်ကို ဒီည အစောပိုင်းကမှ တွေ့ခဲ့ဖူးသည်။ အမျိုးသားကတော့ ကုဖေးယွီ လို့ခေါ်သည့်  ညစောင့်အသစ်ဖြစ်ပြီး အမျိုးသမီးကတော့   13 လွှာမှ မြေအောက်ကားပါကင်သို့ အမြန် ဆင်းသွားခဲ့သည့် သရုပ်ဆောင် တစ်ယောက်ဖြစ်သည်။

"ဒီမှာ စောင့်နေဦး၊ ကျွန်တော် ဓာတ်လှေကားကို သွားစစ်ကြည့်မယ်။" ကုဖေးယွီ သည် ရိုးသားရုံသာမက သတ္တိလည်း အလွန်ကောင်းသည်။

"ကျွန်မကို ဒီမှာ တစ်ယောက်တည်း မထားခဲ့ပါနဲ့..."
အမျိုးသမီးက ကုဖေးယွီ ၏ ယူနီဖောင်းကို အသာလေးလှမ်း ဆွဲလိုက်သည်။

"ကျွန်တော်  သိပ်ဝေးဝေး မသွားပါဘူး။"

ကုဖေးယွီ သည် ထိုအမျိုးသမီး၏ခံစားချက်ကို ဂရုမစိုက်ပါ။ ဓာတ်လှေကားဆီသို့ ပြေးသွားစဉ် နံပါတ်တုတ်နှင့် ဓာတ်မီးကို ကိုင်ဆောင်ထားပြီး သူက ထောင့်များကို အပြင်းအထန် စစ်ဆေးခဲ့သော်လည်း အဖြူရောင်အရိပ်ကို မတွေ့ခဲ့ရပေ။

"ခင်ဗျား အမြင် မှားတာများလား"

"မဖြစ်နိုင်ဘူး။" ထိုအမျိုးသမီး၏ အသံသည် တုန်လှုပ်သွားသည်။ "အဲ့ဒီအရာက ကျွန်မ အိမ်ထဲဝင်သွားပြီ ထင်တယ်"

သူမသည် ကုဖေးယွီ ၏နောက်တွင်ရပ်ကာ သူမ၏အိမ်အား စောင့်ကြည့်နေသော်လည်း ရှေ့သို့ တလှမ်းပင် မလှမ်းဝံ့ပေ။

"ကြီးကြပ်ရေးမှုးရဲ့ စကားအရ ဒီနေရာက သရဲခြောက်တယ်။ ခင်ဗျား အဲ့လောက်ကြောက်ရင် ဒီနေရာက ထွက်သွားဖို့ စဉ်းစားသင့်တယ်"

ကုဖေးယွီ က သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပွင့်လင်းစွာ ပြောလိုက်သည်။

"အရင်က အိမ်ငှားက အရူးမိန်းမတစ်ယောက်ပဲ။ ခင်ဗျား ဒီနေရာကို ဝယ်တဲ့အချိန်တုန်းက  လှည့်စားခံရတာ ဖြစ်နိုင်တယ်"

"ဒီနေရာကို ဝယ်တာ ကျွန်မ မဟုတ်ဘူး။ ရှင် ပြောခဲ့တဲ့ အရူးမက ကျွန်မအမကြီးပဲ။ သူမ ပျောက်သွားပြီးတဲ့ နောက် ဒီတိုက်ခန်းကို ကျွန်မ နာမည်ကို ပြောင်းထားတာပါ။"

 အမျိုးသမီးက သူ့အမကြီး အကြောင်း ပြောတဲ့အခါ သူမ အမူအရာ ပျက်သွားသည်။

 "ရှင်တို့အားလုံးက သူမကို ရူးသွပ်တယ်လို့ ပြောကြပေမယ့် သူမဟာ ဒီကမ္ဘာမှာ ကျွန်မကို အကြင်နာဆုံးနဲ့  ကောင်းကောင်း ဆက်ဆံခဲ့တဲ့ သူပဲ"

အမျိုးသမီးက အခန်းထဲသို့ လျှောက်ဝင်လာသည်။ သူမ၏ ဒေါက်မြင့်ဖိနပ်တွေက ကြွေပြားပေါ် နင်းလျှောက်လာသည့်အခါ ကျယ်လောင်သည့် တဒေါက်ဒေါက်အသံ မြည်လာစေသည်။   

 "အဲဒီမှာ ရပ်မနေပါနဲ့။ တံခါးဖွင့်ထားရင် အထဲ ခိုးဝင်လာတဲ့ တစ်ခုခုက ထွက်ပြေးသွား နိုင်တယ်။"

"အဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့လှည့်ကင်းတာဝန်ဆီကို ပြန်သွားရတော့မယ်"

"ကျေးဇူးပြုပြီး အထဲကို ဝင်လာပြီး အရိပ်အဖြူကို ရှာပေးပါဦး။ ဒီမှာ မရှိဘူးဆိုတာ သေချာမှာ ရှင် ထွက်သွားပေးလို့ ရမလား"

 အမျိုးသမီးက ကုဖေးယွီ ကို အခန်းထဲသို့ ဆွဲခေါ်သွားပြီး အိမ်ရှေ့တံခါးကို ပိတ်လိုက်သည်။

"ကောင်းပြီ..."

ကုဖေးယွီ သည် ဧည့်ခန်းမှ လသာဆောင်သို့ လျှောက်သွားစဉ် အမျိုးသမီးက အိပ်ခန်းထဲသို့ လှည့်ဝင်လာခဲ့သည်။ ချန်ကောသည် အမျိုးသမီးက သူပုန်းနေသည့် အနီးသို့ ရောက်လာစဉ် အသက်ရှုရပ် လုမတတ် ဖြစ်သွားသည်။ ယခု  သူမသာ ဗီရိုတံခါးကို ဖွင့်လိုက်လျှင် သူ့ကို ရုတ်တရတ်မြင်လိုက်ရလို့ သေချာပေါက် 'အံ့အားသင့်'သွားလိမ့်မည်။

အိပ်ခန်းတံခါးကိုပိတ်ပြီးနောက် အမျိုးသမီးသည် အလှပြင်စားပွဲဆီသို့ လျှောက်သွားပြီး မှန်ရှေ့တွင် မျက်နှာတွင် တပ်ထားသည့် Mask ကို ဖြုတ်လိုက်သည်။ သူမသည် အံဆွဲထဲမှ ဗူးများစွာနှင့် ပုလင်းများကို ဆွဲထုတ်ကာ သူမ၏ မိတ်ကပ်လိမ်းခြယ်မှုကို စတင်ခဲ့သည်။ ပြီးသွားတဲ့အခါ သူမ အိတ်ကပ်ထဲကို ပလတ်စတစ်ဘူးသေးသေးလေး ထည့်ပြီး ထွက်လာခဲ့တယ်။

"ကျွန်တော် အိပ်ခန်းကို စစ်ကြည့်ပြီးပြီ၊ အဖြူရောင် အရိပ်က မရှိဘူး"

အမျိုးသမီး လှည့်ကြည့်လိုက်တော့ ချန်ကောက သူ့မျက်နှာကို တစ်ချက် လှမ်းကြည့်တယ်။ သူမ၏ အသားအရေသည် ဖြူဖျော့နေပြီး သူမကို ကြည့်ရတာ အရမ်း ရင်းနှီးနေပုံရသည်။


******-************

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now