Chapter (160) - ဒါလူ အစစ်ပဲ..!

811 176 10
                                    

Chapter (160) – ဒါလူ အစစ်ပဲ..!



မိန်းကလေး၏ပါးစပ်ကို ဆို့လိုက်မှ အဖိုးကြီးနှင့်လူလတ်ပိုင်း၏အမူအယာက ပုံမှန်ဖြစ်လာသည်။ သူတို့က 'လက်' ဆိုသည့်စကားလုံးကို ခံနိုင်ရည်မရှိပေ။ ဒီစကားလုံးက သူတို့ရဲ့ရင်ထဲ အနက်ရှိုင်းဆုံးမှ ပုန်းကွယ်နေသောကြောက်စိတ်ကို လှုံ့ဆော်ပေးနေသလိုပင်။

"သူတို့က ဘာကြောင့် လက်ကို ကြောက်တာလဲ.."

Chen Ge က အခန်းပတ်လည်ကို လိုက်ရှာလိုက်ပေမယ့် လက်နဲ့ပတ်သက်တာ လုံးဝမတွေ့ရပေ။ သူတို့၃ယောက်က ဒဏ်ရာကြီးကြီးမားမားလည်းမရှိလို့ ဒါက စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ဖြစ်နိုင်သည်။

"သူတို့ကို ဒီလောက်ကြောက်စေတဲ့အရာက ဘာလဲ.."

Chen Ge က ဒေါက်တာကောင်းပြောပြခဲ့သည့် လူနာထဲက လူနာနံပါတ် 4 က accident တစ်ခုကြောင့် လက်တစ်ဖက်ဖြတ်ထားခဲ့ရပြီး Phantom Limb Syndrome ကို ခံစားနေရသူဖြစ်သည်။ သူ့လက်ကို ရှိသေးသည်ဟု ထင်ယောင်ထင်မှားဖြစ်နေသူပင်။ သူ့နာမည်ကို ဒေါက်တာကောင်း မေ့ပြီးမပြောခဲ့တာလား.. တမင် နာမည်ကို ဖယ်ထားသလား မသိတော့ပေ။

"ဒီလူဆိုရင် လက်တစ်ဖက်နဲ့ ပတ်သက်နေနိုင်တယ်.."

ထင်ယောင်ထင်မှားရောဂါက ကြောက်စရာမကောင်းသလို မပြင်းထန်ပေ။ အကြံပေးကုသပြီး ပျောက်ကင်းသွားနိုင်သည်။ ဒါပေမယ့် အန္တရာယ်မရှိတဲ့ ဒီရောဂါရှင်ကို ဘာကြောင့် တတိယအဆောင်မှာ ထားရတာလဲ..။

သူက အန္တရာယ်ကြီးတဲ့လူလို့ ထင်လာအောင် ဘာတွေကိုလုပ်ခဲ့လို့လဲ..။

အဖိုးအိုက ဉာဏ်ရည်နိမ့်သလိုဖြစ်ကာ သက်လတ်ပိုင်းလူက ဆက်ပြောပြဖို့ ငြင်းဆန်နေလို့ Chen Ge က မိန်းကလေးနှင့်ဆက်သွယ်နိုင်ဖို့ပဲ ကြိုးစားလိုက်သည်။ မိန်းကလေးကြားနိုင်တယ်ဆိုတာ သိလို့ ရှင်းလင်းစွာမေးလိုက်သည်။

"မင်း လက်အများကြီးကို မြင်ဖူးလား.."

မိန်းကလေးက ဘာမှမတုံ့ပြန်လို့ Chen Ge မျက်လုံးကို ကျဉ်းမြောင်းကာ မေးလိုက်သည်။

"မင်း လက်တစ်ဖက်တည်းရှိတဲ့လူကိုရော မြင်ဖူးလား.."

ဒီမေးခွန်းကိုလည်းကြားရော မိန်းကလေးက ရူးသွားသလို ခေါင်းကို ပြင်းပြင်းထန်ထန်ခါယမ်းကာ သံလှောင်ချိုင့်ကို ဆက်တိုက်ဆောင့်တော့သည်။

မိန်းကလေးရဲ့ ထူးဆန်းတဲ့တုံ့ပြန်မှုအရ သူမရဲ့အိပ်မက်ဆိုးကို ဖန်တီးသူက လက်တစ်ဖက်တည်းရှိသောသူဖြစ်တယ်ဆိုတာ သိလိုက်သည်။ Chen Ge က သူမမျက်နှာပေါ်က အပြောင်းအလဲကို အကဲခတ်ကာ မေးလိုက်သည်။

"ဒီလူက လက်နက်တစ်ခု ကိုင်ထားသလား.."

သူမမျက်လုံးတွေ ပြူးကျယ်လာပြီး နဖူးပေါ်မှာ သွေးကြောပြာတွေ ထောင်ထလာသည်။

"သူ ဘာကိုကိုင်ထားသလဲ.. လွှလား.. ဓားလား.. ပုဆိန်လား.."

"အွန်း.."

မိန်းကလေးရဲ့ပါးစပ်က ဆို့ထားတဲ့အဝတ်ကြောင့် အသံက မပီမသသာ ထွက်လာသည်။

"ကြည့်ရတာ အဲ့ဒီလူက လက်နက် ၃မျိုးထဲက တစ်ခုကို ကိုင်ထားပုံရတယ်.. တူလား၊ လွှလား၊ သူက မင်းကို ဘာပြောလဲ.. မင်းရဲ့ပုံစံက မပြည့်စုံလို့ ပြန်ပြင်ရမယ်လို့ ပြောသလား.. ဒါမှမဟုတ် မင်းရဲ့လက်တစ်ဖက်ကို သူက ငှားချင်နေတာလား.."

"သေဆုံးသူအရေအတွက် နည်းတယ်ဆိုတော့ သူတို့လူနာစရင်းပြုစုချိန်မှာ မင်းက ဘေးကရှိနေတဲ့ သက်သေတစ်ယောက်ဖြစ်ရမယ်.. မင်း အားလုံးကို မြင်ခဲ့တယ်မဟုတ်လား.."

မိန်းကလေးရဲ့မျက်နှာက တွန့်ရှုံ့သွားပြီး မျက်ရည်စီးကျလာကာ Chen Ge ဘာမေးမေး ခေါင်းသာယမ်းနေတော့သည်။

"မင်း တကယ် ဘာမှမသိဘူးလား.. ဒါဆို ဘာကြောင့် အဲ့ဒီလက်ကို ကြောက်တာလဲ.. ဒီလက်က မင်းဘေးမှာ ကျနေလို့လား.. မင်းထွက်ပြေးဖို့ကြိုးစားတဲ့အခါ ဒီလက်က မင်းကို ပြန်ဖမ်းထားလို့လား.."

Chen Ge ရဲ့အမြင်အရဆိုရင် ဒီမိန်းကလေးက စိတ်ဒဏ်ရာထက်ကျော်လွန်ပြီး ကြောက်ကာ မှတ်ဉာဏ်ထဲ ပိတ်မိနေပုံရသည်။ ကြောက်စရာမှတ်ဉာဏ်က ထွက်ပြေးချင်တာ လူသားရဲ့သဘာဝပဲ။ ကြောက်စရာအကြောင်းကိုကြားရင် သူမရဲ့ခန္ဓာကိုယ်က အလိုလျောက်တုံ့ပြန်ပြီး အမှန်တရားကို ပြောပြလိမ့်မည်။ လူတစ်ယောက်ရဲ့ဗီဇကို လိမ်လို့မရပေ။

"မကြောက်နဲ့.. မင်း တကယ်အပြစ်မရှိရင် မင်းကို ငါ ကယ်တင်ပေးမယ်.. ဒီည ငါက ဒီကအရာအားလုံးကို ဖော်ထုတ်ပြီး အရူးတွေကို ဥပဒေအရ အပြစ်ပေးဖို့ သေချာလုပ်မယ်.."

ဒီအခန်းထဲက စိုစွတ်ကာ မှိုနံ့က ပြင်းထန်လို့နေသည်။ မိန်းကလေးက နားလည်မလည်မသိပေမယ့် Chen Ge က သူမနားမှာထိုင်ကာ စကားကိုဆက်ပြောနေသည်။ သူမရဲ့အမူအယာ တည်ငြိမ်လာမှ ပါးစပ်ထဲကခေါင်းအုံးစွပ်ကို ဆွဲထုတ်ပေးလိုက်သည်။ လှောင်အိမ်ထဲကမိန်းကလေးက ကြောက်ရွံ့စွာနဲ့ ဆက်ရွတ်နေဆဲဖြစ်သည်။

"လက်.. လက်.."

"ဘယ်လိုနေမကောင်းမှုမျိုးက သူမကို ခုလိုကြောက်ရွံ့စေတာလဲ.."

Chen Ge က ခေါင်းအုံးဦးစွပ်ကို ဘေးချလိုက်စဉ် အဝတ်လျှော်ခန်းတံခါးကို အပြင်ကတွန်းလိုက်သည်ကို ခံစားလိုက်ရသည်။ အားက ညင်သာနေပြီး ထိုလူက တံခါးနောက်မှာ အဝတ်လျှော်စက်ခံထားမည်ဟု မမျှော်လင့်ထားမိပေ။ ထိုလူက အခန်းထဲကို ခိုးဝင်လာဖို့ ကြံနေပုံရသည်။

"အဝတ်လျှော်ခန်းတံခါးက ခန်းမအဆုံးမှာရှိပြီး ပြတင်းပေါက်နဲ့ ကျန်နဲ့အခန်းအားလုံးက သော့ခတ်ထားလို့ ဘာလေမှတိုက်စရာမရှိဘူး.."

Chen Ge က ခေါင်းအုံးစွပ်နဲ့ မိန်းကလေးရဲ့ပါးစပ်ထဲ ထပ်ဆို့ကာ ညစ်ပတ်သည့်အဝတ်ပုံပေါ် ဝပ်နေသည့်ကြောင်ဖြူကို ကြည့်လိုက်ပေမယ့် ကြောင်ဖြူဆီက တုံ့ပြန်မှုကိုမတွေ့ရပေ။ မှိုနံ့က ကြောင်ရဲ့အာရုံခံစားမှုကို နှောင့်ယှက်လိုက်တာလား။

"ကြည့်ရတာ ငါ့ကိုယ်ငါပဲ အားကိုးရမယ်ထင်တယ်.."

Chen Ge က အဝတ်ပုံနဲ့တံခါးကြားက ကွက်လပ်ကို တစ်ချက်ကြည့်လိုက်ပြီး ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"တရားခံအစစ် ရောက်လာပြီ.."

သူ့ရဲ့စမ်းသပ်ချက်က တိုးတက်တယ်ဆိုတာ ပြနေတာပဲ။ Chen Ge က ကျောပိုးအိတ်ဇစ်ကို ဖြည်းဖြည်းချင်း အသံမမြည်အောင်ဖွင့်ကာ သံစူးချွန်တွေနဲ့ ဒေါက်တာအရိုးရဲ့တင်းပုတ်ကို ထုတ်လိုက်သည်။ ပြီးတော့ သူ့လက်ကောက်ဝတ်မှာ ပတ်ထားသည့် ကင်မရာလက်ပတ်ကိုချွတ်ကာ ဝင်ပေါက်နှင့်တည့်နေသည့် ကောင်တာပေါ်ကို အသာလေးတင်လိုက်သည်။

သူ့ဖုန်းထဲကနေ ကင်မရာရဲ့ရှုထောင့်ကို သေချာချိန်ညှိပြီး တံခါးဘက်ကလှုပ်ရှားမှုတိုင်းက ကင်မရာမှာ ကောင်းစွာဖမ်းယူနိုင်တာ တွေ့လိုက်ရသည်။ ပြင်ဆင်ပြီးတော့ Chen Ge က ကျောပိုးအိတ်ကို ခြေထောက်နားမှာချကာ ဖြည်းဖြည်းချင်း တံခါးနောက်မှာပုန်းလိုက်သည်။

မကြာခင် အဝတ်လျှော်ခန်းရဲ့တံခါးကို အားနှင့်ဆောင့်တွန်းခံလိုက်ရပြီး တံခါးနောက်က အဝတ်လျှော်စက်က ရွေ့သွားသည်။ အပြင်ကလူတွေက ခပ်ပြင်းပြင်းထပ်တွန်းလိုက်ပြီးနောက် အဝတ်လျှော်စက်လဲကျကာ တံခါးပွင့်သွားခဲ့သည်။

ဖုန်းထဲကနေတစ်ဆင့် တံခါးဝမှာ လူ၂ယောက်မတ်တပ်ရပ်နေတာ တွေ့လိုက်ရသည်။ တစ်ယောက်က မျက်နှာမီးလောင်ခံရသလို တွန့်လိမ်နေပြီး လက်ထဲမှာ အနီရောင်တွေစွန်းထင်းနေတဲ့ ပုဆိန်ကို ကိုင်ထားသည်။ နောက်တစ်ယောက်က လက်တစ်ဖက်တည်းရှိပြီး လက်ထဲမှာ သံဂေါ်ပြားကိုကိုင်ထားတာ တွေ့လိုက်ရသည်။

သူတို့က ကောင်တာပေါ်က သေးငယ်သည့်ကင်မရာလက်ပတ်ကို သတိမထားမိကြပေ။ ဂေါ်ပြားကိုင်ထားသည့် လက်တစ်ဖက်နဲ့လူက ပုဆိန်ကိုင်ထားသူကို ခေါင်းညိတ်ပြကာ တံခါးရှေ့ကို သတိဖြင့်ရွှေ့လိုက်သည်။
သူ့ခန္ဓာကိုယ်က တံခါးခုံကိုကျော်မလာခင် သူ့နားရွက်ထဲမှာ လေတဟူးဟူးတိုက်သံကို ကြားလိုက်ရသည်။

လက်နက်ကိုင်ထားသူက အခန်းထဲဝင်လာသည်နှင့် Chen Ge က ချက်ကောင်းစောင့်ကာ တူနှင့်လှမ်းပစ်လိုက်တော့ ထိုလူ၏ရင်ဘတ်ကို အရှိန်နှင့် ဦးတည်သွားခဲ့သည်။

ကြောက်စရာသံစူးချွန်နှင့် သံတင်းပုတ်က သူ့ရင်ဘတ်ဆီ ဦးတည်လာတာတွေ့တော့ သူ့လက်ကိုမြှောက်ကာ ရင်ဘတ်ကိုကာလိုက်သည်။ ပြီးတော့ အခန်းထဲဝင်လာတာထက် ပိုမြန်တဲ့အရှိန်နဲ့ အခန်းပြင်ကို ခုန်ပျံထွက်သွားတော့သည်။



***********-**************


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now