Chapter (14) လူပျောက်ကြေငြာ

1.6K 367 7
                                    

Chapter (14) လူပျောက်ကြေငြာ

ညနေ 4:30 pm, Chen Ge တစ်ယောက်တည်း သရဲအိမ်ထဲက အခန်းတစ်ခန်းမှာ မတ်တပ်ရပ်နေပြီး အခန်းထဲကပစ္စည်းတွေကို လိုက်ကြည့်ရင်း အတွေးနက်နေသည်။

လူသတ်သမားတစ်ယောက်နဲ့ အတူတူရှိနေရမယ်ဆိုရင် မင်း ဘာပစ္စည်းတွေ လိုအပ်မလဲ..?

ID မှတ်ပုံတင်ကဒ်ပြား၊ ဖုန်း၊ အားသွင်းကြိုး၊ ဓာတ်မီး၊ အိတ်ဆောင်ဓားအသေး၊ မျိုးစုံသုံးလို့ရတဲ့တူ၊ ဟုတ်တယ်.. အရုပ်ကိုလည်း မေ့ထားလို့မရဘူး။ မနေ့ည မှန်ရှေ့မှာတွေ့ခဲ့တဲ့ အရုပ်ကို သူ အိတ်ထဲထည့်သွားခဲ့မိသည်။ သူက ပစ္စည်းတွေကို သေချာစစ်ပြီးတော့ အိတ်ကို ဇစ်သေချာပိတ်လိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။

"Xiao Wan.. မင်း ဒီနေ့ စောစောအလုပ်နားလို့ရတယ်.. ကိုယ်က လုပ်စရာရှိသေးလို့ ပြန်နှင့်တော့မယ်.. မင်းပြန်ရင် တံခါးပိတ်သွားလိုက်ဦး.."

"ဘော့စ်.. အခု ညနေ ၅နာရီရှိနေပြီ.. ခရီးသွားမလို့လား.. ဒါမှမဟုတ် တစ်ခုခုသွားလုပ်မလို့လား.."

"ငါ သရဲခြောက်တဲ့အခန်းသော့တွေကို စားပွဲပေါ်တင်ထားလိုက်တယ်.. မနက်ဖြန်မနက်မှ တွေ့ကြတာပေါ့.."

Chen Ge က စကားဝိုင်းခေါင်းစဉ်ကို ပြောင်းလိုက်လို့ Xiao Wan ဘာမှမတတ်နိုင်တော့ပေ။

"ဟုတ်ကဲ့.."

သူမက Chen Ge လှည့်ထွက်သွားတာနဲ့ သရဲအိမ်လက်ကမ်းစာစောင်တွေကို စားပွဲပေါ်ပစ်တင်ပြီး ထွက်သွားတော့သည်။

"ဒီကောင်မလေးကတော့လေ.."

ညနေခင်းလေတွေကြောင့် စာရွက်က တဖျပ်ဖျပ်လန်ကာ စားပွဲပေါ်မှ လွင့်နေသောကြောင့် Chen Ge က ခေါင်းယမ်းပြီး ကျောက်ခဲတစ်လုံးနဲ့ စာရွက်တွေကို ဖိလိုက်သည်။ မနက်ခင်းသတင်းထဲက သူ့အကြောင်းတွေကို ဒီကောင်မလေး မတွေ့ပါစေနဲ့လို့တော့ မျှော်လင့်မိသည်။

Chen Ge ရဲ့အပေါ်ယံက တည်ငြိမ်နေပေမယ့် စိတ်ထဲကတော့ ရှုပ်ထွေးလို့နေသည်။ ညတွေမှာ လုပ်ဆောင်ရသည့် Nightmare mission တွေကို လုပ်ဆောင်ပြီးနောက်ပိုင်း သူမသိတဲ့လောကတစ်ခု ပွင့်သွားသည်။ ဖုန်းအနက်ထဲက ညွှန်ကြားတဲ့ mission တွေက အတော်အန္တရာယ်များတယ်ဆိုတာ သူသိသည်။

"အစမ်း mission တွေက daily mission တွေထက် ပိုခက်ခဲတာဖြစ်လို့ ငါ သေချာလုပ်ရမယ်.."

ဒီအစမ်း mission ဆောင်ရွက်ဖို့ ဖုန်းထဲကရတဲ့ သတင်းအချက်အလက်တွေက နေရာရဲ့နာမည်ပဲ သိခဲ့ရသည်။ တည်နေရာအတိအကျသိရဖို့ Chen Ge က Google Map နဲ့ လွန်ခဲ့တဲ့ ၉လက တင်ခဲ့တဲ့ ပို့စ်ထဲကဖော်ပြထားတာကို ကိုးကားပြီး ထွက်လာခဲ့သည်။ ဒါပေမယ့် သူသွားချင်တဲ့နေရာကိုရောက်ဖို့ ၂နာရီလောက် အပင်ပန်းခံလိုက်ရသည်။ ဒီလောက်ဝေးပြီး သီးခြားဖြစ်နေတဲ့နေရာကို ဘယ်လိုလူတွေကများ နေချင်ကြတာပါလိမ့်။

အဆောက်အဦးကို ဦးတည်တဲ့လမ်းက ကွေ့ကောက်ပြီး အတော်ကြမ်းတဲ့အပြင် လမ်းဘေးက သစ်ပင်သစ်ကိုင်းတွေ ကြီးထွားကာစီးနေလို့ အဆောက်အဦးရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ မြင်နိုင်ခဲ့သည်။ သူက ဒီနေရာတစ်ဝိုက်မှာ နေတဲ့လူတွေကို မေးမြန်းကြပေမယ့် ဘယ်သူမှမသိကြဘူး။ နောက်ဆုံး အသက် ၆၀ ကျော်ဦးလေးကြီး၏ လမ်းညွှန်မှုကြောင့်သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ဦးလေးကြီးက ဒီဆောက်အဦးက သရဲခြောက်ပြီး ကျိန်စာသင့်တဲ့နေရာဖြစ်လို့ နေ့ခင်းအချိန်သာသွားသင့်ကြောင်း အကြံပြုလိုက်သေးသည်။

Chen Ge က ဘယ်လိုပြန်ဖြေရမှန်းပင် မသိတော့ပေ။ ဖုန်းအနက်ထဲက mission ကြောင့်သာမဟုတ်ရင် ဘယ်သူက ဒီလိုနေရာမျိုးမှာ တစ်ညနေချင်မှာတဲ့လဲ။

ဒီ mission က အဆောက်အဦးကြီးထဲ ည 11 နာရီမထိုးခင် အရောက်သွားရမယ်လို့ ပြောထားလို့ သူ ဒီနားတစ်ဝိုက် လှည့်လည်ကြည့်ရှုချိန်ရသေးသည်။ Chen Ge က စက်ဘီးကိုနင်းပြီး ဒီနားကတောအုပ်လေးထဲ လျှောက်ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် လျှောက်သွားပြီးမှ ကျိန်စာသင့်နေတဲ့ သရဲခြောက်တဲ့တိုက်ခန်းကြီးတွေဆီ ပြန်ရောက်လာသည်။

ဒီအဆောက်အဦးကြီးကို မီးခိုးရောင်နံရံမြင့်မြင့်တွေနဲ့ ကာရံထားပြီး ဝင်ပေါက်ထွက်ပေါက်က တစ်ခုတည်းရှိသည်။ သံတံခါးရဲ့ တံခါးရွက်တွေက ဟောင်းပြီး သံချေးတက်နေပေမယ့် တံခါးမှာချိတ်ထားတဲ့ သော့ခလောက်က အသစ်စက်စက်ဖြစ်နေသည်။

"နေဦး.. တံခါးရွက်ပေါ်က ဘာကြီးလဲ.."

ကြေငြာစာရွက်နဲ့တူတဲ့ စာရွက်ကိုတွေ့လို့ ဓာတ်မီးနှင့်ထိုးကြည့်သောအခါ လူပျောက်ကြေငြာစာရွက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ စာရွက်ပေါ်တွင် ရေးသားထားသည်က..

»»Zhang Qin - အမျိုးသမီး၊ 27 နှစ်၊ ပိန်သွယ်သည်။ ညာဘက်မျက်ဝန်းအောက် ထင်ရှားသော အမှတ်အသားရှိသည်။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သင် သတင်းတစ်ခုခုသိရလျှင် Mr. Wang ကို ဆက်သွယ်ပေးပါ။ ဆုချီးမြှင့်ပါမည်။««

Chen Ge ရဲ့အာရုံကို ဆွဲဆောင်လိုက်တာက ဒီကြေငြာထဲက လိပ်စာက ဒီတိုက်ခန်းရဲ့လိပ်စာဖြစ်နေသည်။ ဒီလူပျောက်ကြေငြာက ထင်သလောက်ရိုးရှင်းမည့်ပုံ မပေါ်ပေ။ Chen Ge က ဖုန်းကိုထုတ်ပြီး ဓာတ်ပုံရိုက်ယူထားလိုက်သည်။

ဒီတိုက်ခန်းကြီးနဲ့ ခြံဝင်းက သူထင်ထားတာထက် ပိုကြီးသည်။ တိုက်ခန်းကြီးက သုံးထပ်တိုက်ခန်းတွဲကြီးဖြစ်ပြီး ပစ္စည်းသိုလှောင်ခန်းနှင့် ရေတင်စက်ထားသည့် အဆောက်အဦးနှစ်ခုလည်း ပါရှိသေးသည်။ ဒီအဆောက်အဦးပုံစံက လူတွေကို မပျော်မရွှင်ဖြစ်စေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။ အဆောက်အဦးကို သုတ်ထားတဲ့ ဆေးတွေအရ ဒီအဆောက်အဦးက နှစ် ၂၀ ဒါမှမဟုတ် နှစ် ၃၀ လောက်ရှိနေပြီး အဆောက်အဦးရှိသည့် ဝင်းကြီးထဲ အမှိုက်တစ်စတောင်မရှိဘဲ ခြောက်သွေ့လို့နေပေမယ့် မြက်ခင်းကိုတော့ သေချာရိတ်ဖြတ်ထားသည်။

Chen Ge က စက်ဘီးကိုတွန်းပြီး မြက်ခင်းကိုဖြတ်ကာ အဆောက်အဦးဆီ ဦးတည်လာခဲ့သည်။ ပြီးတော့ အထုပ်ကိုဆွဲပြီး ပင်မအဆောက်အဦးကြီးထဲ ဝင်လာလိုက်သည်။ ရှည်လျားသောစင်္ကြန်တလျှောက် အရိပ်ကျပြီး မှောင်မဲလို့နေသည်။

"မင်္ဂလာပါ.. ဒီမှာ တစ်ယောက်ယောက်များ ရှိပါသလား.."

10 စက္ကန့်လောက်ကြာတော့ လှေကားနဲ့ကပ်လျက်အခန်းက လျှောပွင့်သွားသည်။

"မင်္ဂလာညနေခင်းပါ.."

Chen Ge က နှုတ်ဆက်ရင်း လျှောက်သွားလိုက်ပေမယ့် တံခါးနောက်ကလူက သူ့ကို လိုလားဟန်သိပ်မရှိပေ။ အတွင်းထဲက မှုန်ဝါးတဲ့မီးရောင်ရဲ့ အရိပ်အရ ဒီတစ်ယောက်က အမျိုးသမီးဖြစ်ဟန်တူပြီး သူ့မျက်လုံးတွေက ညအိပ်ရေးပျက်ထားဟန်ဖြင့် သွေးကြောများဖြင့်ဖောင်းကာ နီရဲလို့နေသည်။ သူ့ပုံစံတစ်ခုလုံးက စိတ်ဓာတ်ကျနေသည့်ပုံ ပေါ်နေသည်။

"ဒီမှာ တစ်ညလောက်တည်းရင် ဘယ်လောက်ကျမလဲ မေးချင်လို့ပါ.."

Chen Ge က လေသံကိုလျှော့ကာ နူးညံ့စွာမေးလိုက်ပေမယ့် သူပြန်ရလိုက်တာက တဟီဟီရယ်သံဖြစ်ပြီး သူ့ရှေ့မှာ တံခါးရွက်ကို ဆောင့်ပိတ်သွားခဲ့သည်။

"ဟမ်.."

Chen Ge ဘာလုပ်ရမှန်းမသိဖြစ်နေချိန် ဒုတိယထပ်မှ ခြေသံတစ်စုံကြားလိုက်ရပြီး လှေကားထောင့်က တစ်ခုတည်းသောမီးက လင်းလာပြီး သက်လတ်ပိုင်းအရွယ် ခြေထောက်ထော့နေသောလူတစ်ဦး ဆင်းလာသည်ကို တွေ့လိုက်ရသည်။ ထိုသူက Chen Ge ပြောလိုက်သည့်စကားကို ကြားလိုက်ဟန်တူသည်။ ဒါကြောင့် Chen Ge ကို တန်းမေးလိုက်သည်။

"မင်းက ဒီနေရာမှာ နေချင်တာလား.. ဘယ်လောက်ကြာကြာ နေချင်တာလဲ.."

"ဦးလေးက ဒီတိုက်ခန်းပိုင်ရှင်လား.."

Chen Ge က သူ့ဆီကို လျှောက်သွားလိုက်သည်။

"ကျွန်တော်က ဒီမှာ တစ်ညတည်းချင်လို့ပါ.."

"တစ်ညတည်းလား.."

ဒီလူက စိတ်ဓာတ်ကျသွားဟန်ဖြင့် ပြောပြီး Chen Ge ကို အကဲခတ်ဟန် ကြည့်လိုက်သည်။

"ကောင်းပြီ.. မင်းရဲ့ ID ငါ့ကိုပေးပါ.. ငွေချေဖို့ အပေါ်ထပ်ကို လိုက်ခဲ့ပေးပါ.."

ခြေတစ်ဖက်ထော့နေသောလူက Chen Ge ကိုခေါ်ပြီး လှေကားအပေါ်ကိုတက်လိုက်စဉ် ခြံဝင်းထဲမှ သံချေးတက်နေသည့်တံခါးကို တွန်းဖွင့်လိုက်သံကို ကြားလိုက်ရသောကြောင့် ထိုလူက လှေကားတက်ရင်း ရပ်သွားကာ အလိုမကျဟန်ဖြင့် မျက်နှာမှုန်ကုပ်သွားသည်။ Chen Ge လည်း ဒီလူ လှေကားပေါ်ဆက်မတက်လို့ ရပ်စောင့်လိုက်ရသည်။

မကြာခင်မှာ သူတို့နောက်ကနေ သက်လတ်ပိုင်းလူတစ်ယောက်က ပင်ပန်းနွမ်းနယ်စွာဖြင့် လှေကားပေါ်တက်လာခဲ့သည်။ သူ့အဝတ်အစားက ဟောင်းနွမ်းတွန့်ကြေနေပြီး လက်ထဲတွင် စာရွက်တစ်ထပ်ကိုင်ထားသည်။

"Wang Qi.. မင်းကို ငါ ဘယ်နှခါပြောရမလဲ.. မင်းရည်းစားက ဒီမှာမရှိဘူး.. တကယ်လို့ မင်း ဒီလို ထပ်ထပ်နှောင့်ယှက်နေမယ်ဆိုရင် ငါ ရဲကိုခေါ်ရလိမ့်မယ်.."

ခြေတစ်ဖက်ထော့နေသောလူက လှေကားအလယ်က ပိတ်ဆို့ထားပေမယ့် ဒီလူက ခေါင်းငုံ့ပြီး အပေါ်ကိုတက်ဖို့လုပ်ချိန်မှာ ခြေတစ်ဖက်ထော့နေတဲ့လူက ထိုလူ့ကို တွန်းလိုက်သည်။ မထင်မှတ်သော လုပ်ရပ်ကြောင့် ထိုလူ နံရံဘက်ကိုယိုင်လဲသွားပြီး လက်ထဲကစာရွက်တွေ ပြန့်ကျဲကျသွားခဲ့သည်။

"မင်းကို ငါ စကားပြောနေတယ်လေ.."

စာရွက်တစ်ရွက်က Chen Ge ရဲ့ခြေရင်းမှာကျလာတော့ မျက်စိရှေ့က Drama ကိုမကြည့်ခင် စာရွက်ကိုကောက်ယူလိုက်သည်။ ဒီစာရွက်က ခုနက သံတံခါးပေါ်မှာတွေ့တဲ့ လူပျောက်စာရွက်နှင့် အတူတူဖြစ်နေလို့ မျက်လုံးအစုံ ကျဉ်းမြောင်းသွားမိသည်။

သက်လတ်ပိုင်းလူက ခြေထောက်ထော့နေတဲ့လူကို ပြန်လည်တိုက်ခိုက်ဖို့ မကြိုးစားဘဲ လှေကားတလျှောက် ပြန့်ကျဲသွားသည့်စာရွက်များကိုသာ ငုံ့ပြီးကောက်လိုက်သည်။ သူက Chen Ge ဘေးနားကဖြတ်ချိန် တစ်ချက်ကြည့်လိုက်တော့ သူ့ပုံစံက အသက်ကင်းမဲ့နေသည့် ဖုတ်ကောင်နှင့် တူနေသည်။

"သူ့ကို ဂရုမစိုက်နဲ့.. သူက ရူးနေတာ.."

ခြေထောက်ထော့နေတဲ့လူက Chen Ge ကို လက်ဝှေ့ယမ်းပြပြီး အပေါ်ထပ်ကိုဆက်တက်သွားသည်။ Chen Ge က သူ့လက်ထဲကိုင်ထားသည့်စာရွက်ကို စိတ်ဓာတ်ကျနေသည့် သက်လတ်ပိုင်းလူ၏လက်ထဲ ထည့်ပေးလိုက်တော့ ဒီလူက ပထမဆုံးတုံ့ပြန်စကား ပြောခဲ့သည်။ သူက စကားမပြောတာ ကြာပြီဖြစ်လို့ လေသံက ကျောက်စရစ်ခဲချင်း ပွတ်တိုက်သံလို အက်ကွဲရှတနေပြီး တုန်ယင်နေသည်။ သူဘာပြောလိုက်မှန်းပင် Chen Ge နားမလည်နိုင်လောက်အောင် ဖြစ်သွားသည်။

"ကိစ္စမရှိပါဘူး.."

Chen Ge က သက်လတ်ပိုင်းလူရဲ့ဘေးက ဖြတ်သွားချိန်မှာ စိုက်ကြည့်ပြီး တစ်ချက်တွေးလိုက်မိသည်။ ဒီမစ်ရှင်ထဲကပေးထားတဲ့ ရူးနေတဲ့လူဆိုတာ ဒီလူများဖြစ်နေမလား။

======================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now