Chapter (12) - ကံကြမ္မာဘီးလုံး

1.8K 381 19
                                    

Chapter (12) – ကံကြမ္မာဘီးလုံး

Gao Ru Xue ရဲ့ လေ့လာသင်ကြားတဲ့ ဘာသာရပ်အရ သူမက အသက်ရှင်နေတဲ့လူတွေထက် လူသေတွေနဲ့ ထိတွေ့ကိုင်တွယ်နေရတဲ့ အချိန်က ပိုများသည်။ ဒါကြောင့် သူမက လူမှုဆက်ဆံရေးလည်း မကောင်းခဲ့ပေမယ့် လူသေတွေကို ထိတွေ့ကိုင်တွယ် စစ်ဆေးနေရတာကို ပိုသဘောကျလို့ ဒီအချက်က သူမကို အနှောင့်အယှက်မဖြစ်စေခဲ့ပေ။

"ကျွန်တော်တို့သရဲအိမ်မှာ ဝန်ထမ်းတွေကို အထူးမိတ်ကပ် လိမ်းခြယ်ပေးတဲ့နည်းကို သုံးထားပြီး ထူးခြားတဲ့ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်သွားတော့ ဖြစ်လာသမျှတွေက ခင်ဗျားစိတ်ထဲက ထင်ယောင်ထင်မှားတွေထက် ဘာမှမပိုပါဘူး.."

အလောင်းမိတ်ကပ်ပညာနှင့် Black Friday ဆိုတဲ့တေးဂီတတွေက တစ်ခုခုပဲဆိုတာ သိထားလို့ Chen Ge က ရှင်းပြဖို့ကြိုးစားမည်မဟုတ်ပေ။ ဒါကြောင့် သူက ဒီမေးခွန်းကို အပေါ်ယံပဲ မြန်မြန်ဖြေကြားလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။

"တကယ်လို့ ခင်ဗျားတို့မှာ မေးစရာမရှိတော့ရင် ကျွန်တော်တို့ အလုပ်ပြန်လုပ်လိုက်ပါဦးမယ်.. သရဲအိမ်ကို လာလည်ပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ.."

ရှင်းပြပေးပြီးတော့ တစ္ဆေသတို့သမီးအခန်းထဲက ပြင်ဆင်ထားတာတွေကို ရှင်းလိုက်ဖို့ Xu Wan ကို အမိန့်ပေးပြီး ထိန်းချုပ်ခန်းကို လာခဲ့သည်။

He San ပြောခဲ့တာကို Chen Ge ကောင်းကောင်း သဘောပေါက်လိုက်သည်။ မှန်ထဲက တစုံတရာက ထွက်မသွားဘဲ သရဲအိမ်ထဲတွင် ပုန်းအောင်းနေခဲ့သည်။

ဒီအရာကို ဆက်လက်ရှင်သန်ခွင့်ပေးထားလျှင် သေချာပေါက် ပြဿနာကိုဖန်တီးပေလိမ့်မည်။ ဒီဟာက ပထမဆုံး ခက်ခဲတဲ့မစ်ရှင်ကို ဖြေရှင်းတာဖြစ်လို့ ခုလိုရှုပ်ထွေးတဲ့ ဂယက်တွေ ရိုက်ခတ်လာမယ်ဆိုတာ သူ လုံးဝ မမျှော်လင့်ထားမိပေ။ Chen Ge က နောက်ခံတီးလုံးကို ပိတ်လိုက်ပြီးနောက် He San ဝင်သွားသည့် အနောက်ဘက်အိမ်ကို ရိုက်ကူးမှတ်တမ်းတင်ထားသည့် ဗွီဒီယိုကို ယူကြည့်လိုက်သည်။ ထောင့်မျိုးစုံကရိုက်ကူးထားသည့် ဗွီဒီယိုကို ရှာဖွေကြည့်ပြီးနောက် တစုံတရာကို တွေ့သွားသည်။

ဒီဟာက 9 နာရီထိုးပြီးနောက် 24 မိနစ် 11 စက္ကန့်တွင် He San က အနောက်ဘက်အိမ်မကြီးထဲ ဝင်သွားခဲ့ခြင်းဖြစ်သည်။ သူ့ပုံစံကြည့်ရတာ ခေါင်းပြတ်နေတဲ့ကြက်လို ဦးတည်ရာမဲ့ ပြေးလွှားနေခြင်းဖြစ်သည်။

24 မိနစ် 14 စက္ကန့်တွင် နံရံပေါ်ကကြေးမုံကို He San စိုက်ကြည့်လိုက်ပြီး မျက်နှာပြင်ပေါ်မှာ အရမ်းကို ရှုပ်ထွေးနေတဲ့သူ့ပုံရိပ်က ထင်ဟပ်နေသည်။ သူက မှန်ကို ကြည့်လိုက်ပြီးချိန်မှာ မူလ He San ရဲ့ပုံက မသင်္ကာစရာကောင်းအောင် တည်ငြိမ်သွားခဲ့သည်။ သူက မှန်ရှေ့မှာ မလှုပ်မယှက်ရပ်နေတာကြောင့် CCTV က အချိန်ကို ဆက်လက်ဖော်ပြနေတာမဟုတ်ရင် Chen Ge အနေနဲ့ ဒီဗွီဒီယို ရပ်သွားပြီဟုပင် ထင်မိမှာသေချာသည်။

24 မိနစ် 20 စက္ကန့်တွင် Xu Wan က မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားပြီး တံခါးမှတစ်ဆင့် အခန်းထဲပြေးဝင်လာခဲ့သည်။ ထိုအချိန်တွင် He San ၏လက်များက ကြေးမုံပြင်ကို ထိလုထိခင်ဖြစ်နေလေပြီ။ ထိုအချိန် ကင်မရာက မှန်ထဲကအရိပ်တစ်ခုကို ဖမ်းမိလိုက်ရပြီး He San က ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။

Xiao Wan ရုတ်တရက်ဝင်ရောက်လာခြင်းက မှန်ထဲကအရာရဲ့ အကြံအစည်ကို ဝင်နှောင့်ယှက်လိုက်မိပုံရသည်။ Chen Ge က ဗွီဒီယိုကို အနှေးပြကွက်ဖြင့် ပြန်ကြည့်လိုက်သည်။ ဒီ 10 စက္ကန့်အတွင်း အဖြစ်အပျက်များစွာ ဖြစ်သွားခဲ့သည်။ သူက အဓိကကိစ္စကို ဖမ်းဆုပ်လိုက်မိပေမယ့် မဖြေရှင်းနိုင်သေးပေ။

"ပိုခိုင်မာတဲ့ဖြေရှင်းချက်ကို မပေးနိုင်ခင်အထိ ငါလုပ်နိုင်တာကတော့ သရဲအိမ်ထဲက မှန်တွေအားလုံးကို အဝတ်နက်တွေနဲ့ ဖုံးအုပ်ထားရုံပဲ.."

Chen Ge က ထိန်းချုပ်ခန်းထဲကနေ အဝတ်နက်တွေလိုက်ရှာပြီး စုစည်းယူငင်လို့ တစ္ဆေသတို့သမီးခန်းထဲ ပြန်လာခဲ့သည်။

"ဘော့စ်.. ဘာလို့ ဒီကိုလာရတာလဲ.. ကျွန်မပဲ ရှင်းလိုက်ပါ့မယ်.."

Xu Wan က စက္ကူပိုက်ဆံနဲ့ စက္ကူရုပ်တွေကို လိုက်ကောက်ပြီး အခေါင်းထဲထည့်ရင်း ပြောလိုက်သည်။

"ငါ မင်းကို ပြောစရာရှိလို့.. ငါတို့ သရဲအိမ်ထဲက မှန်နဲ့ပတ်သက်တဲ့ ခြောက်တဲ့အကွက်တွေကို ယာယီရပ်ထားမလို့.. မင်းလည်း အလုပ်လုပ်တဲ့အခါ မှန်တွေနဲ့ ခပ်ခွာခွာနေဦး.."

Chen Ge က ခေါင်းတလားကိုပိတ်ဖို့ Xu Wan ကို ကူညီရင်း ပြောလိုက်သည်။

Xu Wan က အမိန့်ကြောင့် စိတ်ရှုပ်သွားပေမယ့် ဘာမှပြန်မမေးခဲ့ပေ။ ပင်မအိမ်တော်ကို သပ်ရပ်အောင်လုပ်ပြီးတော့မှ Chen Ge က အနောက်ဘက်အဆောင်ကို တစ်ယောက်တည်းဝင်ခဲ့သည်။

မီးအိမ်ဖြူဖြူက အခန်းထဲကို ခပ်မှိန်မှိန်ထွန်းလင်းနေစေသည်။ သူက He San သတိမေ့သွားသည့် နေရာတွင် ရပ်ကာ နံရံပေါ်ကမှန်ကို စိုက်ကြည့်နေသည်။

"မှန်ထဲမှာ တစ်ယောက်ယောက် ရှိနေတယ်.. မှန်ထဲမှာ တခြားကမ္ဘာတစ်ခု ရှိနိုင်လား.."

Chen Ge က အေးစက်တဲ့ မှန်ရဲ့မျက်နှာပြင်ကို အသာအယာထိလိုက်ပြီး မှန်ထဲကသူ့ပုံရိပ်ကို အကြာကြီးစိုက်ကြည့်နေသည်။ ဘာရယ်လို့ တိတိကျကျ မပြောနိုင်ပေမယ့် တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သူသိလိုက်သည်။ အစောက သူ ရေပုလင်းကမ်းပေးချိန်မှာ He San က ညာလက်နဲ့ လှမ်းယူလိုက်သည်။ ဒါပေမယ့် ဗွီဒီယိုထဲမှာ He San က ဘယ်လက်ကိုမပြီး မှန်ကိုထိဖို့လုပ်ခဲ့တယ်မဟုတ်လား။ သူ့အကျင့်က ဘာကြောင့် ပြောင်းလဲသွားတာလဲ။ မှန်ထဲကတစ်ခုခုက သူ့ကို ထိန်းချုပ်နေတာလား။

Chen Ge က သူ့ဘယ်လက်နဲ့ ထိထားလို့ မှန်ထဲကပုံရိပ်က ညာလက်နဲ့ထိထားတဲ့ပုံ မြင်နေရသည်။ မှန်ထဲက အပြင်နဲ့ ပြောင်းပြန်ဖြစ်နေသည်။ သူက မှန်အားလုံးကို အဝတ်နက်နှင့်အုပ်လိုက်ပြီးနောက် ဖုန်းအမည်းကို ထုတ်လိုက်သည်။

ဒီဖုန်းကြောင့် ဒီမှန်ထဲကအကောင်က ပေါ်လာတာပဲ။ ဒီအကောင်ကို ဖယ်ရှားဖို့ ဖုန်းရဲ့အကူအညီ လိုအပ်တယ်။
သူက ဖုန်းထဲက သရဲအိမ် app ကို ဖွင့်လိုက်တော့ ပြောင်းလဲမှုတချို့ကို သတိပြုမိလိုက်သည်။ နေ့စဉ်နှင့် လစဉ်လည်ပတ်သော ဧည့်သည်စာရင်းက ၂ ဦးစီ တိုးသွားခဲ့သည်။

ဒီစာမျက်နှာအောက်က ဖွင့်မရသေးသည့် အခန်းအောက်တွင် စမ်းသပ်ကစားလို့ရသည့် အခန်းများသာ ပွင့်နေသေးသည်။ ဒီနေရာတွေကိုနှိပ်လိုက်တော့ မက်ဆေ့တစ်စောင်ဝင်လာပြီး 'မစ်ရှင်ပြီးဆုံးသွားလျှင် သက်ဆိုင်ရာ ကစားရမည့်အခန်းများ ပွင့်လိမ့်မည်' ဟုဆိုထားသည်။

ဒီဂိမ်းရဲ့ဒီဇိုင်းက သေချာဖန်တီးထားပုံရသည်။ မစ်ရှင်တွေပြီးမှ ဆုတွေရပြီး မစ်ရှင်ကခက်ခဲလေ ဆုက ပိုများလေဖြစ်သည်။ အခု မှန်နဲ့ပတ်သက်တဲ့ကိစ္စကို ဖြေရှင်းဖို့ဆိုရင် သူက မစ်ရှင်တွေကို ဆက်လက်ပြီးမြောက်အောင် လုပ်ဖို့လိုအပ်နေပြီ။

သူက တစ်ရက်ကို Daily မစ်ရှင် တစ်ခုစီသာ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် နမူနာမစ်ရှင်များဆီကို အကြည့်ရောက်သွားသည်။

»»သန်းခေါင်ယံ လူသတ်သမား - အန္တရာယ်ရှိသည့် စိတ္တဇဝေဒနာရှင် လူနာတစ်ယောက်က လက်ထဲမှာ ကတ်ကြေးတစ်လက်နှင့် တူတစ်ချောင်းကိုကိုင်ပြီး မင်းရဲ့အခန်းအပြင်ဘက်မှာ လှည့်ပတ်သွားလာနေသည်««

»»မစ်ရှင်တည်နေရာ - အနောက်ဘက် ကျေးလက်ဒေသ Ping An တိုက်ခန်း««

»»မစ်ရှင်ပြီးရန် လိုအပ်ချက် - မစ်ရှင်တည်နေရာကို ယနေ့ 23 နာရီ (ည 11 နာရီ) မတိုင်ခင် ရောက်အောင်သွားပါ။ လူသတ်သမား ကျင်းပသည့် ပါတီပွဲမှာ အရုဏ်တက်ချိန်ထိ အသက်ရှင်အောင်နေပါ။««

»»မစ်ရှင်ရဲ့ သဲလွန်စ - လူသတ်သမားက သိုးအုပ်ကြားက ဝံပုလွေလို လူအုပ်ကြားထဲ ပုန်းကွယ်နေသည်။ သူ့ရဲ့ကြင်နာတတ်တဲ့ အပြင်ပုံစံက စိတ်မကျန်းမာသည့် အတွင်းစိတ်အခြေအနေကို ဖုံးကွယ်ထားသည်။««

"ဒီမစ်ရှင်ကို မင်းလက်ခံချင်ပါသလား.."

»»သတိပေးချက် - အစမ်းမစ်ရှင်များက 24 နာရီအတွင်းသာ လုပ်ဆောင်နိုင်သည်။ တကယ်လို့ ဒီမစ်ရှင်ကို 24 နာရီအတွင်း လက်မခံလျှင် ဒီအခန်းကို ဘယ်တော့မှ ဖွင့်လို့ရတော့မည်မဟုတ်ပေ။««

Chen Ge က ပထမ တွေဝေနေပေမယ့် နောက်ဆုံးစာကြောင်းကိုတွေ့တော့ လက်ခံရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်လာပါစေ၊ ဒီဂိမ်းကရသမျှတွေက သရဲအိမ်အတွက်ပဲဖြစ်တော့ ဒီသရဲအိမ်ကို ပိုကောင်းအောင်လုပ်ဖို့ အခွင့်အရေးကို သူ လက်လွှတ်မခံနိုင်ပေ။

သူက ဒီမစ်ရှင်ကို လက်ခံပြီးနောက် အောက်ကိုဆွဲကြည့်တော့ ကံကြမ္မာဘီးလုံးက သူသတိမထားမိခင်မှာပင် ပွင့်သွားပြီဖြစ်သည်။ Chen Ge က သိလိုစိတ်နှင့် နှိပ်လိုက်တော့ စာတန်းတစ်ခုပေါ်လာသည်။

»»ရှင်ခြင်းနှင့်သေခြင်းကို လူသားများ ဆုံးဖြတ်လို့မရပေ။ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းက ကပ်လျက်သာတည်ရှိနေသည်။ ကျွန်တော်တို့ အားလုံးဆီမှာ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သလို အမုန်းတရားတွေနဲ့ ပြည့်သွားစေမည့် ဝိညာဉ်မျိုးစေ့နှစ်မျိုးလုံးကို ပိုင်ဆိုင်ကြသည်။ ကံကြမ္မာဘီးလုံးကို အသက်သွင်းဖို့ ဧည့်သည်၏ ကြောက်လန့်တကြား အော်ဟစ်သံကို ထည့်သွင်းလိုက်ပါ။ ပထမ အသက်သွင်းမှုအတွက် သင်က အခမဲ့ရရှိပါသည်။ (ကြိမ်နှုန်း70 အထက် အော်ဟစ်လိုက်သံကို အော်သံတစ်ခုဟု သတ်မှတ်သည်။ အော်သံတစ်ရာ စုစည်းမိလျှင် ကံကြမ္မာဘီးလုံး တစ်ခါလှည့်လို့ရသည်။)««

အော်သံတစ်ရာမှ တစ်ကြိမ်လှည့်လို့ရတယ်။

Chen Ge က အသေးစိတ်ဖတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒီကံကြမ္မာဘီးက တောင်းဆိုချက် ပိုးစိုးပက်စက် မြင့်တာပဲ။ ဒီဟာကိုအသက်သွင်းပြီးတာတောင် ခက်ခဲနေဆဲဖြစ်သည်။ ရလဒ်ကလည်း ကျပန်းသာရရှိမည်ဖြစ်သည်။ တကယ်လို့ ရလဒ်က တစ်ကြိမ်တည်းလှည့်ရတာဖြစ်နေရင် ဒါက အလဟဿ ဖြုန်းတီးရာ မကျဘူးလား။

သူ့ဖုန်းထဲကစာထဲမှာ သူက ဒီဘီးလုံးကိုလှည့်ဖို့ အခမဲ့ တစ်ကြိမ်ကျန်တယ်လို့ ပြောထားတော့ သူ ဒီဟာကို လှည့်ကြည့်ချင်စိတ်ပေါ်လာသည်။ ဒါက ဘာနဲ့တူသလဲဆိုတော့ ကိုယ့်ဖုန်းထဲ စာတစ်စောင်ဝင်လာပြီး ဒီဟာက company တွေကပို့လိုက်တဲ့ ကြေငြာပဲနေမှာပါဆိုပြီးတွေးနေရင်း တစ်ဖက်က ဘာလဲဆိုတာ ဖွင့်ကြည့်ချင်စိတ်ပေါ်နေသလိုပင်။

"ဒီဟာကိုနှိပ်လိုက်တော့ ဘာဖြစ်သွားမှာမို့လဲ.."

Chen Ge က သူ့ဘာသာပြောလိုက်ပြီး သူ့လက်ချောင်းက Screen ပေါ်ထိလိုက်တော့ ကံကြမ္မာဘီးလုံးက စတင်လှည့်လာတော့သည်။

ဒီဟာက တစ်ကြိမ်တည်း လှည့်ရတာဖြစ်တော့ကော ဘာဖြစ်လဲ။ ငါ တစ်ခုခု တွေ့နိုင်တာပေါ့။

=================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now