၅၁ - ၅၅

265 24 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၅၁)မဆုံးနိုင်သော ပြဿနာ

     သွမ့်လင်းထျန်သည် သာမန်ကာလျှံကာ တစ်ချက်ကြည့်ပြီးနောက် သူတို့၏ ဘေးမှပတ်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း သူတို့သည် သွမ့်လင်းထျန်၏ လမ်းကို ထပ်မံပိတ်ဆို့လိုက်သည်။

     “ကိစ္စတစ်ခုခုရှိလား"
     သွမ့်လင်းထျန်၏ မျက်လုံးများ အေးစက်စွာ အရောင်လက်သွားသည်။ သူသည် ပြဿနာမဖြစ်ချင်သော်လည်း ၎င်းသည် ကြောက်သည်ဟု မဆိုလိုပေ။

      “သွမ့်လင်းထျန်...မင်းရဲ့ ငွေတွေအားလုံးကို ငါတို့ကိုပေး"
      လီရှောင် အော်ငေါက်လိုက်သည်။

    အပြင်စည်းတွင် ထိပ်ဆုံးသုံးယောက်ထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည့် လီရွမ်၏ ပံ့ပိုးမှုကြောင့် သူသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

     အစောက သိုင်းပညာလေ့ကျင့်ရေးကွင်းတွင် သွမ့်လင်းထျန်ပြသခဲ့သော အံ့ဖွယ်ဓားစွမ်းရည်ကို တွေ့ရှိခဲ့ပြီး အပြင်စည်းထိပ်ဆုံးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လီရှီရှီပင် အနည်းငယ် သဘောကျခဲ့ကာ သူမကိုယ်သူမ သိမ်ငယ်သွားသည်ဟု ခံစားခဲ့ရသည်ကို သိရှိခဲ့ပါက သူသည် ဤကဲ့သို့ လုပ်ရဲမည်မဟုတ်ပေ။

     ကံကြမ္မာသည် အလွန်ဆန်းကြယ်လွန်းလှသည်။

      “မင်းက ငါ့မှာ ရှိတဲ့ ငွေတွေ အားလုံးကို လိုချင်တာလား"
     သွမ့်လင်းထျန်သည် သူ၏ ရင်ဘတ်ကို ပုတ်ကာ ရယ်မောလိုက်သည်။
     “ငါ ငွေဒင်္ဂါးတွေ အများကြီးယူလာပါတယ်...ဒါပေမဲ့ ငါက ဘာလို့ မင်းတို့ကို ပေးသင့်တာလဲ"

     “ဘာလို့ ပေးသင့်တာလဲ...ဟုတ်လား"
     လီရှောင် လှောင်လိုက်သည်။
     “တကယ်လို့ မင်းအသားမနာချင်ရင် မင်းရဲ့ ငွေတွေအားလုံးကို ပေးလိုက်...ပြီးတော့ ဒီနေ့ကစပြီး မင်းရဲ့ အနားမှာ အမြဲရှိတဲ့ ခူအယ့်ကိုလည်း အစ်ကိုလီရွမ့်ကိုပေးလိုက်"

     “ပါးစပ်ပိတ်စမ်း"
     သွမ့်လင်းထျန်၏ ဓားသဏ္ဌာန်မျက်ခုံးများ ကျုံ့သွားသည်။ သူ၏ မျက်နှာထားသည် ဒေါသထွက်သည့်ဟန် မရသော်လည်း အလွန်ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခုသည် လီရှောင်အား ဦးတည်ကာ ထွက်ပေါ်လာသည်။
     ခူအယ်သည် သူ့အတွက် နဂါးတစ်ကောင်၏ လည်ပင်းမှ လုံးဝအထိမခံသော အကြေးခွံတစ်ခုနှင့် တူညီပေသည်။ ထိလိုက်သည်နှင့် သူသည် ဒေါသထွက်သွားကာ ထိုလူကို ချက်ချင်းသတ်လိမ့်မည်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now