၈၁ - ၈၅

227 19 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၈၁)အခြေတည်ဝိညာဉ်အဆင့်

    ရှူး...ရှူး...

     စပါးအုံးလေးနှစ်ကောင်၏ စူးရှသော မျက်လုံးများမှ ကြမ်းကြုတ်သော အလင်းတစ်ခုလက်သွားပြီး သူတို့၏ ရှေ့မှ အလွန်ကြီးမားသည့် သားရဲကြီးကို ကြည့်လိုက်သည်။

     သူတို့၏ လျှာများသည် လျှပ်စီးလက်သည့်ပမာ လျင်မြန်စွာ လှုပ်ခတ်သွားသည်။

     ဂါး...

     ရုတ်တရက် ရက်စက်ကျားရဲသည် တိုးညှင်းစွာဖြင့် မာန်ဖီလိုက်ပြီး လေးဘက်ထောက်၍ ဝပ်တွားလိုက်သည်။
     သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အနည်းငယ်တုန်ရီနေသည်။

    ဝှစ်...ဝှစ်...

     စပါးအုံးလေးနှစ်ကောင်သည် ရက်စက်ကျားရဲကို လျစ်လျုရှုလိုက်ကာ မြန်မြန်ဆန်ဆန်  ဆက်လက်ခရီးသွားလိုက်ကြသည်။
     အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် သူတို့သည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

     “သွားရအောင်"
   သွမ့်လင်းထျန်သည် သူ၏ အံ့ဩတုန်လှုပ်နေမှုကိုဖိနှိပ်ကာ အလျင်အမြန် နောက်မှ လိုက်လိုက်သည်။

   လီဖေးနှင့် ခူအယ်တို့နှစ်ဦးသည်လည်း တုန်လှုပ်သော မျက်နှာထားများဖြင့် ရှိနေကြသည်။

   ရက်စက်ကျားရဲ၏ ရှေ့တွင် အလွန်သေးငယ်သော ကောင်လေးများသည် ရက်စက်ကျားရဲကို ဝပ်တွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်းသည် အမှန်တကယ်ကို မယုံနိုင်စရာပင် ဖြစ်သည်။

     သို့သော်လည်း သွမ့်လင်းထျန်သည် ဖြစ်နိုင်ခြေရှိသည့်အရာကို ခန့်မှန်းခဲ့သည်။

     အကယ်၍ စပါးအုံးလေးနှစ်ကောင်သည် အမှန်တကယ်နှင်းစပါးအုံး၏ သားသမီးများဖြစ်ပါက သူတို့၏ ခန္ဓာ‌ကိုယ်‌များပေါ်တွင် သေချာပေါက် နှင်းစပါးအုံး၏ အော်ရာရှိပေလိမ့်မည်။
     အခြေတည်ဝိညာဉ်အဆင့်သိုင်းပညာရှင်နှင့် နှိုင်းယှဉ်နိုင်သည့် သားရဲတစ်ကောင်အနေဖြင့် နှင်းစပါးအုံးသည် မြူဆိုင်းတောအုပ်ထဲတွင် အရှင်သခင်တစ်ယောက်ဖြစ်မည်မှာ သေချာပေသည်။
   သားရဲများကို ခြိမ်းခြောက်ခြင်းသည် နှင်းစပါးအုံးအတွက် လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်သည်။
     ထို့ကြောင့် စပါးအုံးလေးနှစ်ကောင်သည် နှင်းစပါးအုံး၏ အော်ရာကို ပိုင်ဆိုင်ထားသောကြောင့် ရက်စက်ကျားရဲသည် ရူးမိုက်စွာ မပြုလုပ်ရဲပေ။
     သွမ့်လင်းထျန်တို့အဖွဲ့၏ ကံကောင်းမှုသည် အတော်လေးကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သစ်ပင်များပေါ်မှ အလျင်အမြန် ခရီးဆက်လာသည့် တစ်လျှောက်လုံးတွင် သူတို့သည် မည်သည့်ကြောက်စရာကောင်းသော ငှက်အမျိုးအစားသားရဲကိုမျှ မတွေ့ခဲ့ပေ။
     စပါးအုံးလေးနှစ်ကောင်သည် နို့တိုက်သတ္တဝါအမျိုးအစား သားရဲအနည်းငယ်နှင့် တွေ့ခဲ့ရသော်လည်း နှင်းစပါးအုံး၏ အော်ရာကြောင့် ထိုသားရဲများ ကြောက်ရွံ့သွားကာ မည်သည့်အန္တရာယ်မျှ မကြုံခဲ့ရပေ။
     သူတို့ ဖြတ်လာသည့် နေရာတိုင်းတွင် သားရဲအားလုံးသည် ဝပ်တွားခဲ့ကြသည်။
     အကယ်၍ ၎င်းကို သူကိုယ်တိုင် မတွေ့ရပါက သွမ့်လင်းထျန်သည် ဤအရာအားလုံး အမှန်တကယ်ဖြစ်လိမ့်မည်ဟု မယုံကြည်ရဲပေ။
     နောက်ဆုံး၌ စပါးအုံးလေးများ၏ ဦးဆောင်မှုအောက်တွင် သွမ့်လင်းထျန်တို့ အဖွဲ့သည် မြူဆိုင်းတောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now