၅၃၁ - ၅၃၅

165 19 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၃၁)ဖုန်ထျန်းဝူ
  
     သွမ့်လင်းထျန် သတိပြန်ရလာချိန်၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲနေကြောင်း ခံစားလိုက်ရသည်။

     “နာလိုက်တာ"
     သွမ့်လင်းထျန် မျက်လုံးဖွင့်လိုက်စဉ်၌ ကျယ်ပြောသော အခန်းတစ်ခုထဲက ဇိမ်ခံအိပ်ရာပေါ်တွင် လဲလျောင်းနေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။

       “ရှင်နိုးပြီလား"
     ထိုအချိန်၌ အခန်းတံခါးပွင့်လာပြီး လှပသော အနီရောင်ပုံရိပ်တစ်ခုအထဲသို့၀င်လာသည်။ သူမသည် အသားဖြင့်ချက်ထားသော မွှေးပျံ့သည့် ယာဂုပါသော လင်ဗန်းတစ်ချပ်ကို ကိုင်ဆောင်လာသည်။

      ယာဂု၏ မွှေးရနံ့ကို ရှူရှိုက်မိသည်နှင့် သွမ့်လင်းထျန်၏ အစာအိမ်ဆူညံလာသည်။
     သွမ့်လင်းထျန် မျက်နှာလွှားဇာ၀တ်ဆင်ထားသည့် အနီရောင်အ၀တ်အစားနှင့် မိန်းကလေး၊ မြို့စားမင်း၏ သမီးကိုကြည့်ကာ သူ၏ အနည်းငယ်ကိုက်ခဲနေသော ခေါင်းကိုခါယမ်း၍ မေးလိုက်သည်။
      “ကျုပ်ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"

      “ရှင်ကျွန်မအဖေကြောင့် သတိလစ်သွားတာ…ရှင်သတိမေ့နေတာ သုံးရက်နဲ့သုံးညရှိပြီ…ကျွန်မအဖေက ဒီလိုပဲ ဒေါသကြီးတယ်…စိတ်ထဲမထားပါနဲ့"
    မြို့စားမင်း၏ သမီးသည် ယာဂုပန်းကန်ကို ဘေးသို့ချကာ သွမ့်လင်းထျန်ကို အနည်းငယ်ထူပေးလိုက်ပြီးနောက် သူမ၏ မျက်နှာလွှားဇာကိုဖယ်လိုက်သည်။
       ထို့နောက် သူမသည် ယာဂုခွက်ကိုကိုင်ကာ တစ်ဇွန်းခပ်၍ မှုတ်လိုက်သည်။ သူမသည် ယာဂုဇွန်းကို သွမ့်လင်းထျန်၏ ပါးစပ်နား တိုးကပ်ပေး၍ ခပ်သဲ့သဲ့ပြုံးလိုက်သည်။
      “သုံးရက်တောင်ရှိပြီဆိုတော့ ရှင်ဆာနေပြီမလား"

     “ဒါပေမဲ့…"
    သွမ့်လင်းထျန် မြို့စားမင်း၏ သမီး မျက်နှာလွှားဇာ ဖယ်ရှားလိုက်ချိန်၌ လုံး၀ မိန်းမောသွားခဲ့သည်။

      မျက်နှာလွှားဇာကွာကျချိန်၌ ထွက်ပေါ်လာ‌သော အရာမှာ အလွန်စွဲလန်းစရာ ကောင်းသော အလှအပတစ်ခုဖြစ်သည်။ သူမ၏ နက်စိုသော မျက်ခုံးများသည် ဆေးခြယ်ထားသလိုဖြစ်ပြီး သူမ၏ မျက်လုံးများမှာ ဆောင်းဦးရေနှစ်စက်ပမာ ကြည်လင်သည်။
      သူမ၏  ဖြောင့်စင်းသောနှာတံ၊ အစွန်းနှစ်ဖက်၌ အထက်သို့ပျံတက်သည်ထင်ရသော ပါးစပ်၊ ဖြူစင်၍ ညီညာသော သွားများနှင့် သဘာ၀ဆန်သော အင်္ဂါရပ်များသည် လုံး၀ရင်သပ်ရှုမောရလောက်အောင်ကိုလှသည်။ သူမသည် သေမျိုး‌လောကသို့ ကြွေဆင်းလာသော နတ်မိမယ်တစ်ပါးပမာပင်ဖြစ်သည်။
     
     ထိုအချိန်၌ ထိုမိန်းကလေး၏ သွင်ပြင်ကြောင့် သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ ငြိမ်းချမ်းသွားသလို ခံစားလိုက်ရသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now