အပိုင်း(၃)

7K 1K 15
                                    

Unicode
ကျောင်းအရှေ့မှာ ရပ်နေရင်း ချောင်လန် နည်းနည်း ရူးကြောင်ကြောင်ဖြစ်လာတယ်လို့ ခံစားရတယ်။

အခုအချိန်က ကျောင်းပြီးလို့ အိမ်ပြန်ရမယ့်အချိန်ပဲ။ ဒါပေမဲ့ စာအုပ်ထဲမှာ ချောင်လန်ရဲ့အိမ်က ဘယ်နားမှာလဲဆိုတာ ပြောမထားဘူး။

အကြာကြီးစဥ်းစားနေပြီးတော့မှ ချောင်လန်ရဲ့ မိဘတွေက ကျောင်းအရှေ့မှာ စားသောက်ဆိုင်သေးသေးလေး တစ်ခု ဖွင့်ထားတယ်ဆိုတာ သူမ သတိရလိုက်တယ်။

ချောင်လန်ရဲ့ အိမ်က အခြေအနေ အကောင်းကြီးလို့တော့မဟုတ်ဘူး။ အဲ့တာကြောင့် စားသောက်ဆိုင်ရဲ့ ဆိုင်းဘုတ်ကလဲ အကြီးကြီးမဖြစ်နိုင်ဘူး။ ပြီးတော့ လာစားတဲ့ ဧည့်သည်ကလဲ ပုံမှန်လောက်ပဲ ရှိလောက်တယ်။

ချောင်လန် ကျောင်းရဲ့ မျက်နှာချင်းဆိုင်ဘက်ကို လျှောက်သွားလိုက်ပြီး စရှာတော့တယ်။ ဆိုင်အကြီးကြီးတွေကိုတော့ ပယ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဲ့မှာ လူအရမ်းကျနေတယ်။ မိနစ်အနည်းငယ်လောက် ကြာအောင် ရှာပြီးသွားတဲ့နောက် မှာတော့ ချောင်လန့်မိဘတွေ ပိုင်တဲ့ စားသောက်ဆိုင်သေးသေးလေးကို ရှာတွေ့သွားခဲ့တယ်။

အဲ့တာက တစ်ကယ့်ကို စားသောက်ဆိုင် သေးသေးလေးမှသေးသေးလေးပဲ။ အထဲထဲက နေရာအများစုကို စားပွဲ၄ခုက နေရာယူထားတယ်။ စားသောက်ဆိုင်ထဲမှာလဲ မီးက မှိန်မှိန်လေးပဲ ထွန်းထားတယ်။ ပြီးတော့ အထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ဟင်းချိုမှုန့် တွေအများကြီး ထည့်ထားတဲ့ ဟင်းနံ့တွေက ထောင်းနေတာပဲ။

ချောင်လန်က တံခါးပေါက်ဝကို ရောက်ရောက်ချင်းမှာပဲ ဝတုတ်တုတ်နဲ့ ဖြူဖြူဖွေးဖွေး ဖက်တီးလေးက သူမအနောက်ကနေ ပေါ်လာပြီး တုန့်ဆိုင်းမှုမရှိဘဲ သူမကို ဘေးကိုတွန်းချပစ်လိုက်တယ်။ " နင် အပေါက်ဝမှာ ဘာရပ်လုပ်နေတာလဲ။ ဘာလဲ ပြပွဲလုပ်မလို့လား။ " သူကပြောပြီးတာနဲ့ အထဲကိုဝင်သွားတယ်။

ချောင်လန်မျက် မှောင်ကျုံ့လိုက်ပြီး အဲ့ဖက်တီးလေးရဲ့ နောက်ကျောကို ခဏလောက်စိုက်ကြည့်နေပြီးမှ သူ့နောက်ကနေ လိုက်ဝင်သွားခဲ့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now