အပိုင်း(၁၁၀)

4.3K 745 54
                                    

Unicode

အတန်းပိုင်ဆရာက အစောကြီးကထဲက သိနေပြီးသား။ အတန်းထဲက လူတစ်ယောက်က သူတို့ကြိုက်တဲ့လူတစ်ယောက်ကို ကြည့်တဲ့အချိန်ကျ ဆရာတွေက အဲ့အကြောင်းကို မသိရင်တောင် သူတို့ဘေးနားက ကျောင်းသားကျောင်းသူတွေက အဲ့တာကို သေချာပေါက်ကို သိကြတယ် ဆိုတဲ့ သဘောတရားကိုပေါ့။ တစ်ခါတစ်လေကျ သူတို့က အဲ့လူကို မျက်လုံးနဲ့ စကြမယ်။ တစ်ခါတစ်လေကျ သူတို့ရဲ့ မျက်လုံးတွေက စနောက်တာတွေ ပြီးတော့ ပြောင်ရွှတ်ရွှတ်လုပ်တာတွေပါ ပါလာမယ်။

ဒီနေ့ အတန်းထဲမှာ ချောင်လန်နဲ့ ထန်းမော့နဲ့ စကားပြောနေကြတာကို သူမိသွားတော့ ဘေးနားက ကျောင်းသူကျောင်းသားတွေက အသံတွေနဲ့ စနောက်ကြတာမျိုးတော့ မရှိပေမဲ့ သူတို့၂ယောက်နားက မျက်လုံးတွေကို မြင်လိုက်တာနဲ့ ချက်ချင်းကိုပဲ အတန်းပိုင်ဆရာက နိုးနိုးကြားကြားဖြစ်သွားတယ်။

စာတော်တဲ့ကျောင်းသားကျောင်းသူတွေနဲ့ စာညံ့တဲ့ကျောင်းသားကျောင်းသူတွေကို ဆက်ဆံတဲ့ပုံစံက သေလောက်အောင်ကို ကွာခြားလွန်းတယ်။ အထူးသဖြင့် ချောင်လန်နဲ့ ထန်းမော့လို ထိပ်တန်းကျောင်းသားကျောင်းသူ၂ယောက်နဲ့ ပတ်သက်လာရင်ပေါ့။ အဲ့တာကြောင့် သူတို့၂ယောက်ကို ခဏလောက် အသံတိတ်စိုက်ကြည့်နေလိုက်ပြီးတော့မှ သူက ပြောလိုက်တယ်။ " အတန်းပြီးရင် ငါ့ရုံးခန်းကိုလာခဲ့ကြ "

" ချောင်လန်က အရင်လာခဲ့ " ခဏလောက်ကြာတော့မှ သူက ထပ်ထည့်ပြောလိုက်တယ်။

ချောင်လန် ၊ ထန်းမော့ : " ..... "

အတန်းပြီးရင် သူတို့ကို တွေ့တော့မှာ.....

အတန်းပိုင်ဆရာရဲ့ အပြုအမူက သူတို့၂ယောက်လုံးကို တစ်နည်းနည်းနဲ့ အတည်ပြုပေးလိုက်သလိုပဲ။ ဒါကြောင့်မလို့ တစ်ခြားကျောင်းသားကျောင်းသူတွေတင် အဲ့အကြောင်းကို ဆွေးနွေးနေကြရုံသာမက ပိုင်ယွီတောင် တစ်ခုခုမှားနေတာကို ခံစားလာရတယ်။

အတန်းပြီးသွားတော့ ပိုင်ယွီက ချောင်လန့်နောက်ကို ပြေးလိုက်လာပြီး စာသင်ခန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်။ ပြီးတော့ ချောင်လန့်ကို မေးလိုက်တယ်။ " နင်တို့၂ယောက် အတန်းထဲမှာ ဘာတွေပြောနေကြတာလဲ။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now