77

3.2K 378 1
                                    

အခန်း [ ၇၇ ]

လုမန်က ဖိုင်ကို ချက်ချင်း ဖွင့်မကြည့်ပေ။
" ဒါက လူသိရှင်ကြား မတင်ပြရသေးတဲ့ မျိုးခွဲဖိုင်တစ်ခု ဖြစ်နေခဲ့မယ်ဆိုရင် ဟိုတံခါးကနေ ကျွန်မ ထွက်သွားတဲ့အခါ ဒီဖိုင်ထဲမှာ ပါရှိတဲ့ အချက်အလက်ကြီးငယ်အားလုံးကို မေ့ပစ်ပါမယ်လို့ ကျွန်မဘက်က ကတိပေးတယ် "

ဝူလီကျဲက သဘောတူဟန်ဖြင့် ခေါင်းညိတ်၏။ စိတ်ထဲမှာလည်း လုမန်ကို အလုပ်ခန့်ဖို့ တစ်ဝက်လောက် သေချာသွားသည်။

" ဒါပေမယ့် တစ်ခါတည်း ပြောချင်တာလေးက ရှင်တို့ဘက်ကလည်း ကျွန်မအဆိုပြုမယ့် ပလန်ကို ကျွန်မရဲ့ခွင့်ပြုချက်မပါဘဲ ယူမသုံးရပါဘူး "

လုမန်ပြောလိုက်တော့ ဝူလီကျဲက အံ့သြသလိုလေး ဖြစ်သွားသည်။

" မင်းကြည့်ရတာ တကယ် ယုံကြည်မှုရှိတဲ့ပုံပဲ .. မင်းချပေးမယ့် ပလန်က တကယ်ပဲ ငါ့ကို ကျေနပ်စေနိုင်ပါ့မလား "

" ဟုတ်ကဲ့ .. ကျွန်မယုံကြည်မှုရှိပါတယ် "

ဝူလီကျဲ လုမန်မျက်ဝန်းတွေထဲကို ကြည့်သည်။ သဘောကျစတော့ ပြုလာပါ၏။
" ဟုတ်ပြီ ကတိပေးတယ် .. တို့တွေ မင်းကို အလုပ်မခန့်ဖြစ်ရင် မင်း ဟိုတံခါးကနေ ထွက်သွားတာနဲ့ မင်းရဲ့ပလန်ကို ကိုယ် လုံးဝ မေ့ပစ်လိုက်မယ် "

လုမန် ပြုံးပြပြီး ကျေးဇူးတင်လိုက်သည်။ ပြီးမှ ဖိုင်ကို ဖွင့်လိုက်၏။

မူလက နာမည်ကျော်ဖြစ်ခဲ့သော တုလင်း အမည်ရှိ အနုပညာရှင်တစ်ဦးနှင့် ပတ်သက်နေသည်။ သူသည် ဒီကုမ္ပဏီကပဲ ဖြစ်လေ၏။ ရုပ်ရည်က သာမန်ဆိုသော်ငြားလည်း သူ၏ ထူးခြားသော ပြက်လုံးတွေကြောင့် ပရိသတ်တွေ အများကြီး ရရှိခဲ့သည်။ သို့သော်လည်း ဇနီးသည်အပေါ်တွင် ဖောက်ပြန်ပြီး ကွာရှင်းပြတ်စဲခြင်းအကြောင်းကို လိမ်ညာခဲ့သောကြောင့် ကျော်ကြားမှုတွေက လျင်မြန်စွာ ထိုးကျသွားခဲ့၏။

" တုလင်းက တို့ကုမ္ပဏီက ရှယ်ယာရှင်တစ်ဦးရဲ့ တူတော်မောင်လေ .. အဲ့ဒါကြောင့်မို့လို့ ဘာတွေဖြစ်ဖြစ် တို့ကုမ္ပဏီက သူ့ကို လက်လျှော့လိုက်လို့ မရဘူး .. တုလင်း နာမည်ပြန်ကြီးလာစေမယ့် နည်းလမ်းကို ရှာဖွေဖို့ အဲ့ဒီရှယ်ယာရှင်က တို့ပီအာဌာနကို ခိုင်းထားတယ် .. မင်းသာ ဒီပြဿနာရပ်ကို ကိုင်တွယ်မယ်ဆိုရင် ဘာလုပ်မလဲ "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now