141 ~ 145

3.5K 217 14
                                    

( Unicode )

အခန်း [ ၁၄၁ ]

အနုပညာသည်ဌာနမှာ သူနှင့် ဆွေးနွေးစကားပြောနေခဲ့သည်ဟု ဟန်ကျိုးလီ ပြောသွားသည်။ မန်နေဂျာဟောင်အဖို့ ထူးဆန်းနေခဲ့၏။ သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြလို့လဲ..

သို့သော် ဟန်ကျိုးလီသည်ဘစ်ဘော့စ်ဖြစ်သဖြင့် သူပြောသမျှသည် အမှန်ပဲ ဖြစ်လေ၏။

ဟန်ကျိုးလီကလည်း လုံးဝ ထောက်ခံသည်။
“ မင်း ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် သိနေတော့ ကောင်းတာပေါ့၊ နောက်ကို ငါ့ကို အစ်ကိုဟန်လို့ခေါ်တာတွေရပ်ပါ၊ ဘယ်လိုတွေ ရင်းရင်းနှီးနှီးခေါ်လာပါစေ ငါကတော့ မင်းကို မသိဘူး ”

သိုက်ယီးရန် : “…”

သိုက်ယီးရန် မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေသည်။ ဟန်ကျိုးလီ မနေ့ကလည်း ထိုသို့ ပြောခဲ့သည်။ ခု ဒီနေ့မှာလည်း ထပ်ပြီးတော့ ပြောပြန်၏။

ဒါကလည်း လုမန်ကို သူမ ပြောဆိုထားပြီးသည့်နောက်မှာ..။

“ နောက်တစ်ခါ အလုပ်ဆင်းရင် ကုမ္ပဏီမှာ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ”
ဟန်ကျိုးလီက စိတ်မရှည်သည့်ပုံနှင့်ဖြစ်၏။

သိုက်ယီးရန် မယုံကြည်နိုင်စွာဖြင့် ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားပြီးမှ
“ အစ် .. သူဌေး .. စောစောက ကျွန်မပြောလိုက်တာကို သူဌေး မကြားလိုက်လို့လားဟင်၊ သူက အထက်လူကြီးကို ဖြားယောင်းပြီးတော့ မျှတစွာ ယှဥ်ပြိုင်ဖို့ စည်းကမ်းကို ချိုးဖောက်တယ် ”

“ ဘယ်အထက်လူကြီးက သူဖြားယောင်းတာကိုခံလိုက်ရတာလဲ ပြောစမ်းပါဦး ”
ဟန်ကျိုးလီက မျက်ခုံးပင့်ပြီး မေးသည်။ 

ကျောဆန့်သွားတာကိုလည်း လုမန် မြင်၏။

သိုက်ယီးရန်ကို သူပါလို့ ပြောစေချင်တာတော့ မဟုတ်ဘူးမလား..

သိုက်ယီးရန်မျက်နှာလေးနီတွတ်သွားသည်။ ဟုတ်တာပေါ့ .. သူမ ဟန်ကျိုးလီလို့မပြောရဲသလို ဝူလီကျဲ ပါလို့လည်း မပြောရဲဘူး..

သံသယဖြစ်အောင် နှိုးဆော်ပေးလို့တော့ရသည်။  ပါးစပ်ကနေ ထုတ်ပြောဖို့ကျ လုံးဝ မကောင်း။

“ အဲ့ဒါ လုမန်ဘက်က ဖြစ်လိုတဲ့ ဆန္ဒတွေပါပဲ.. ဖြစ်မြောက်အောင်တော့ သူ မလုပ်နိုင်ခဲ့ဘူး ”

“ သက်သေရှိတယ်ဆိုရင် ယူလာခဲ့ပါ၊ ကုမ္ပဏီက ဒီလိုမျိုးလုပ်တဲ့သူတွေကို ခွင့်လွှတ်မပေးပါဘူး၊ သက်သေမရှိဘဲ ဒီတိုင်းထင်တာကိုပြောနေတာဆိုရင်တော့ ကုမ္ပဏီအနေနဲ့ ဒါကို သည်းခံပေးမှာမဟုတ်ဘူးနော် ”
ဟန်ကျိုးလီက သိုက်ယီးရန်ကို တည်ကြည်လေးနက်စွာဖြင့် စူးစိုက်ကြည့်သည်။

ကုမ္ပဏီကို စရောက်ကတည်းကဆိုလျှင် အခုက ဟန်ကျိုးလီနှင့်သူမ မျက်လုံးချင်းဆုံသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သိုက်ယီးရန်လိုချင်တာ ခုလိုအကြည့်မျိုးမဟုတ်ပေ။

“ မင်းမှာသက်သေရှိလား ”

“ ကျွန်မ.. ကျွန်မ.. ”
သိုက်ယီးရန် ကြောက်ရွံ့သဖြင့် စကားတွေပင်ထစ်သွားသည်။ လက်ဖဝါးတစ်ပြင်လုံး ချွေးတွေထွက်နေပြီဖြစ်ကာ ဟန်ကျိုးလီဆီက ဖိအားတွေကြောင့် နှလုံးခုန်သံတွေသည် သွေးရူးသွေးတန်း ထွက်ပေါ်နေခဲ့၏။

သူမမှာ မျက်မြင်သက်သေရှိသည်။ ထိုသည်မှာ ယဲ့ရွှမ်းရွှမ်းဖြစ်၏။

သို့သော် သိုက်ယီးရန် မမိုက်မဲပါချေ။ ယဲ့ရွှမ်းရွှမ်းသည် ဤနေရာတွင် ရှိမနေပေ။ ရှိနေလျှင်ပင် ဟန်ကျိုးလီရှေ့မှာ ပြောဆိုမည်ဆိုသည့်အခါ ဝန်ခံရန် သတ္တိရှိမည် မဟုတ်။

“ ကျွန်မ သက်သေရှာလာခဲ့ပါမယ် ”
နောက်ဆုံးတွင် သိုက်ယီးရန် ထိုစကားလေးပဲ ပြောလိုက်နိုင်သည်။

မန်နေဂျာဟောင် ခေါင်းခါလိုက်မိ၏။ PR ဌာနမှာ သိုက်ယီးရန်လိုလူမျိုး ရှိနေသည့်အတွက် ဝူလီကျဲတို့ ကံဆိုးလေပြီ။

နောင်တွင် PR ဌာန၌ အေးချမ်းသောနေ့ရက်ဟူ၍ မရှိတော့ပြီ ထင်သည်။

သိုက်ယီးရန် ဆက်မနေချင်တော့ပေ။ ဟန်ကျိုးလီတစ်ယောက်တည်းပဲ ဆိုလျှင်တော့ ဆက်ပြီး တွယ်ကပ်၍ နှောင့်ယှက်လို့ရနိုင်ကောင်းသည်။ လုမန်ကအချိန်ပိုအလုပ်လုပ်ဖို့ကျန်ခဲ့ရမှာဖြစ်၏။

သို့သော် မန်နေဂျာဟောင်လည်း ရှိနေသဖြင့် သိုက်ယီးရန် မျက်နှာရှစ်ခေါက်ချိုးဖြင့် ထွက်လာခဲ့ရသည်။

PR ဌာနကနေ ခြေလှမ်း အနည်းငယ်ခန့် လှမ်းလာပြီးချိန်တွင် မလှမ်းမကမ်းက သန့်စင်ခန်းအနီးတွင် ပုန်းနေသော ယဲ့ရွှမ်းရွှမ်းကို မြင်လိုက်ရလေ၏။ ယဲ့ရွှမ်းရွှမ်းသည် တံခါးကို လက်နှစ်ဖက်နဲ့ ကိုင်ထားရင်း ဒီဘက်ကို ခေါင်းပြူကြည့်နေသည်။

“ ယဲ့ရွှမ်းရွှမ်း! ”
သိုက်ယီးရန် ဒေါသထွက်သွားပြီး အံကြိတ်ထားလျက်နှင့် အော်ခေါ်လိုက်သည်။

ယဲ့ရွှမ်းရွှမ်းသည် အစောပိုင်းက ရုံးခန်းထဲတွင် ပြောခဲ့သည်များကို ကြားထားသောကြောင့် သိုက်ယီးရန် အော်ခေါ်တာကို ကြားလိုက်သည့်အခါ ဆွဲခေါ်သွားခံရမည်လားဟု ကြောက်လန့်သွားသည်။

ထိုအခါ မျက်စိမျက်နှာတွေ ချက်ချင်း ပျက်ပြီး ခေါင်းကို ချာခနဲလှည့်၍ ထွက်ပြေးတော့၏။ 

သိုက်ယီးရန်က နောက်ကနေ ပြေးလိုက်ကာ..
“ ဟေ့ မပြေးနဲ့ .. ငါနဲ့လိုက်ခဲ့ပြီး အစ်ကိုဟန့်ကိုအားလုံးရှင်းပြရမယ်! ”

ထိုသို့ပြောလိုက်မှ ယဲ့ရွှမ်းရွှမ်းက ပိုပြေးလေ၏။

နောက်ဆုံး သိုက်ယီးရန် မီအောင်မလိုက်နိုင်ဘဲ ယဲ့ရွှမ်းရွှမ်းကို မုန်းတီးကျန်ရစ်ခဲ့သည်။

***

ထိုစဥ် ဟန်ကျိုးလီက မန်နေဂျာဟောင်ကို ကြည့်လိုက်ကာ
“ ခင်ဗျားအနေနဲ့ လုပ်စရာ ဘာမှမရှိတော့ဘူး .. အခု အလုပ်ဆင်းလို့ရပြီ ”

“…”
မန်နေဂျာဟောင်က ဉာဏ်အလွန်ကောင်းသည်။ လုမန်မျက်နှာလေးကို မသိမသာကြည့်ရင်း
“ ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်အခုပဲသွားပါတော့မယ် ”

မန်နေဂျာဟောင် ထွက်သွားသည်နှင့် ရုံးခန်းက တိတ်ဆိတ်သွားသည်။

ဖွင့်လျက်ရှိသော ရုံးခန်းသည် ကျယ်ဝန်းပြီး နေရာလပ်များစွာရှိနေသော်လည်း လက်ရှိတွင် လုမန်နှင့် ဟန်ကျိုးလီသာ အထဲမှာ ရှိနေကြကာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့၏။


အခန်း [ ၁၄၂ ]

ဟန်ကျိုးလီက ပြုံးစနဲ့နဲ့နှင့် ငုံ့ကြည့်လာသည်။

သိုက်ယီးရန်ကို သူမပြောလိုက်တာတွေ သူ ဘယ်လောက်တောင် ကြားသွားသလဲ ..

ပြုံးစိစိအနေအထားနှင့် မျက်နှာအရတော့ တော်တော်လေးကြားသွားသည် ထင်ပါသည်။

“ သဘောကျတယ် ကြိုက်တယ် ဟုတ်လား ”
ဟန်ကျိုးလီ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ မျက်ဝန်းနက်တွေဆီမှ အပြုံးတွေ ဖြာထွက်နေသည်အထိ တော်တော်ကျေနပ်နေသည်မှာ သိသာ၏။

လုမန် နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်သွားသည်။ အဲ့ဒါက သိုက်ယီးရန်ဒေါသထွက်အောင် တမင်ပြောလိုက်တာ..

သူကြားသွားမယ်လို့ဘယ်ထင်ထားမလဲ..

“ မင်း ဒီလောက် သဘောကျနေမှန်း မသိခဲ့ဘူး၊ ဘာဖြစ်လို့ မပြောတာလဲ၊ မဆိုင်တဲ့လူကိုပြောပြီး ဆိုင်တဲ့ကိုယ့်ကိုမပြောတာ မကောင်းဘူးကွ ”
ဟန်ကျိုးလီက လုမန်ထိပ်လေးပေါ်ကို လက်ကလေးတင်ပြီး ယုယစွာ ပွတ်သပ်ပေးသည်။

“…”
လုမန် လည်နင်သွားသည်။ ဘာဖြစ်လို့ ပြောခဲ့ရတယ်ဆိုတာကို ရှင်းပြပြီး ငြင်းလည်း ငြင်းချင်သည်။ ဒါပေမယ့် အခု သူမမှာ သူ့အတွက် ခံစားချက်တွေရှိနေပြီဖြစ်ကာ သူမနှလုံးသားသည် တကယ် လှုပ်ရှားသွားခဲ့ပြီ ဖြစ်၏။

ဒါပေမယ့် မရှင်းပြရင်လည်း တစ်ခုခု လွဲတော့မယ်ပုံ..

ရှင်းပြဖို့ ပါးစပ်လေးပြင်လိုက်လျှင် ထိပ်ပေါ်မှလက်က ခေါင်းနောက်ဘက်ကို ရောက်သွားပြီး နောက်ဘက်ကနေ ဆုပ်ကာ သူမခေါင်းလေးကို သူ့အနားသို့ ဆွဲယူသည်။ ရုတ်တရက် လုမန်နှုတ်ခမ်းတွေကို သူ နမ်းသွား၏။

လုမန် ကြက်သေသေလျက်နှင့် ဟန်ကျိုးလီရင်ခွင်ထဲတွင် ရပ်နေရင်း ရုတ်တရက်တိုက်ခိုက်လာခြင်းကို ဘယ်လိုတုံ့ပြန်ရမည် မသိ။ 

ထိုစဥ် သူမကို ဟန်ကျိုးလီက ဆွဲပွေ့လိုက်သည့်အခါ သူမတစ်ကိုယ်လုံး သူ့လက်ပေါ်မှာ ထိုင်နေသလိုမျိုး ဖြစ်သွားသည်။

စက္ကန့်အနည်းငယ်အကြာတွင် ရုံးစားပွဲပေါ်မှာ သူ ချပေးလေ၏။

တစ်ဖန် နှုတ်ခမ်းတွေကို အုပ်မိုးသွားပြန်ကာ သူမရဲ့သွား၊ လျှာ၊ နှုတ်ခမ်းတို့မှာ သူမပိုင်ဆိုင်သည်များမဟုတ်တော့သလို ဟန်ကျိုးလီ၏ ထိန်းချုပ်မှုအောက်တွင် ပြုသမျှနုနေခဲ့ရ၏။

ထိုအချိန်အတွင်း ဟန်ကျိုးလီ အသက်ရှူသံတွေ ပြင်းထန်နေခဲ့သည်။

တစ်ချိန်တည်းမှာ သူ၏ ရှည်လျားပြီး တောင့်တင်းသန်မာသော လက်နှစ်ဖက်ကို စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် ဖိထောက်၍ သူမကို ညှပ်ပိတ်ထားသေးသည်။

ထိုအတိုင်း အချိန်အတော်ကြာသည့်အခါ လုမန် ထိုင်ဖို့ပင် အားမရှိတော့သလို ခံစားလာရ၏။ စားပွဲပေါ်မှာ လှဲချပစ်ဖို့အထိ ဖြစ်လာသောအခါ ဟန်ကျိုးလီက သူမကျောကနေ ထိန်းကိုင်ပြီး ရင်ခွင်ထဲဆွဲယူသည်။

ထိုအခါ သူမခြေထောက်တွေက သူ့ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်စီမှာ နေရာယူသွားကာ ထိုအနေအထားကြောင့် လုမန် ရှက်ပြီး ဘာလုပ်လို့လုပ်ရမယ်မှန်းမသိအောင် ဖြစ်သွား၏။

စစတွေ့ကြတုန်းကတော့ သူမကပဲ အဝတ်တွေချွတ်ပြီး သူ့ကို ဖက်နမ်းခဲ့တာဖြစ်သည်။

ထိုအပြုအမူတွေအားလုံးသည် အခြေအနေအရ လိုအပ်သလို လုပ်ယူထားရတာဖြစ်၏။

သို့သော် နှစ်ဘဝစလုံးမှာ သူမ အပျိုစစ်စစ်ဆိုတာက အမှန်တရားပဲဖြစ်ကာ ယောက်ျားမထားဖူးသလို ဒီလိုအနေအထားမျိုးဖြစ်အောင်လည်း မကြိုးစားခဲ့ဖူးပေ။

ထို့ကြောင့် အခု တကယ်ကြုံတွေ့လိုက်ရတဲ့အခါ တော်တော်ရှက်နေမိသည်။

ဟန်ကျိုးလီက အတန်ကြာ နမ်းရှိုက်ပြီးတာနှင့် အားသုံးထားတာကိုလျှော့ပြီး သူ့နှုတ်ခမ်းတွေနဲ့ သူမနှုတ်ခမ်းတွေကို ပွတ်တိုက်ကာ ပြုံးလျက်
“ မင်းကြိုက်တယ်ဆိုတာကို ကိုယ်လက်ခံတယ်၊ လူမသိသူမသိ တိတ်တိတ်ပုန်း ကြိုက်စရာ မလိုတော့ဘူးနော် ”

လုမန် : “…”

ကြိုက်တယ်လို့ ပြောခဲ့တာက သူ .. ခုကျတော့ ပြောသွားလိုက်တာ သူမကပဲ သူ့ကို တိတ်တိတ်ပုန်း ကြိုက်နေခဲ့ရတဲ့အတိုင်း ..

ဒီလူ တော်တော် အရှက်မရှိတာပဲ..

ဟန်ကျိုးလီ ဖုံးဖိလို့မရအောင် ပျော်ရွှင်နေသည်။  နောက်ဆုံးတော့ ဒီမြေခွေးလေး သူ့ညွှတ်ကွင်းမှာ မိသွားခဲ့ပြီ..

“ အခု မင်းရဲ့နှလုံးသားက အဖြေ ပေးပြီးနေပြီ၊ စနေနေ့ထိတောင် စောင့်စရာ မလိုဘူး ”
ဟန်ကျိုးလီက လုမန်ကို ထပ်ဖက်ပြန်သည်။ 

လုမန်မှာတော့ သူ့ကြောင့် အသားတွေကြေသလိုခံစားနေရပြီ ဖြစ်၏။ ဒီလောက်ထိဖက်ထားစရာလိုသလား..

မျက်နှာနီနီနှင့်ပဲ ခပ်ဖြည်းဖြည်း တွန်းလိုက်ရကာ ဟန်ကျိုးလီက ထိုအခါမှ အတင်းဖက်ထားတာကို နည်းနည်းလျှော့ပေးသည်။

ခေါင်းငုံ့ကြည့်ပြီး လုမန်မျက်နှာလေး သွေးထွက်သလို နီတွတ်နေတာကို မြင်တော့ သူ ပြုံး၏။

ထို့နောက် ကိုယ်ကို ရှေ့သို့ညွတ်ပြီး ခေါင်းငုံ့၍ သူမမျက်နှာအနှံ့ကို နမ်းသည်။ မျက်ခုံးကနေ နှာသီးဖျား၊ မျက်ခွံကနေ ပါးပြင်၊ နားရွက်အောက်ပိုင်းကနေ နားရွက်ထိပ်ဖျားလေးတွေအထိ မလွတ်တမ်း လိုက်နမ်း၏။

လုမန် အသက်ရှူလိုက်လျှင် သူ့ကိုယ်သင်းနံ့တွေပဲရနေကာ သူမခန္ဓာကိုယ်တွင် သူ့ကိုယ်သင်းနံ့တွေစွန်းထင်းသွားသလို ထုံလွှမ်းနေတော့၏။

အတန်ကြာတော့ လုမန် သက်ပြင်းချလိုက်သည်။ စိတ်ထဲမှာ အများကြီး ပေါ့ပါးသွား၏။

စောစောကထိ သူမ ငြင်းဆန်နေခဲ့တာဖြစ်သည်။ ဟန်ကျိုးလီကြောင့် ရင်ခုန်သွားတာမှန်ပေမယ့် သံယောဇဥ်အထုံးအဖွဲ့တစ်ခုမှာ ထပ်ပါရဖို့ကိုတော့ ကြောက်နေခဲ့မိ၏။ 

သို့သော် ဟန်ကျိုးလီရဲ့ကြိုးစားမှုတွေက ခုခံဖို့ ခက်သည်။ တကယ်ဆို သူဟာ နှစ်လိုဖွယ်ရုပ်ရည် အရည်အချင်းတို့နှင့် အပြောကလည်း ကောင်းသေး၏။ ဘယ်သူဖြစ်ဖြစ် သူ့လက်ထဲမှာ ကျရှုံးဖို့က များသည်။


အခန်း [ ၁၄၃ ]

သိုက်ယီးရန်ကို ရန်စချင်၍ ပြောခဲ့သည့်စကားတွေသည် သူမရင်ထဲမှာ တကယ် ခံစားနေရတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

ဒါတွေကို ဟန်ကျိုးလီ ကြားသွားခဲ့ခြင်းဟာလဲ ကံတရား၏ စီရင်မှုပဲ ဖြစ်မည်။

ကံကြမ္မာက သူမကို ရွေးချယ်နိုင်အောင် ကူညီပေးသွားသည့်နှယ်။

သည်လိုဆိုမှတော့ ကံကြမ္မာက လမ်းညွှန်ပြသပေးသည့် ဤလမ်းကိုပဲ သူမ လျှောက်လှမ်းလိုက်တော့မည်။

အတင်းအဓမ္မ လုပ်ယူထားသော ရွေးချယ်မှုတစ်ခုဖြစ်နေလျှင်ပင် သူမနှလုံးသားသည် ထိုအရာကိုမှ ပို၍လိုလားပုံရနေ၏။ ထို့ပြင် အများကြီးလည်း စိတ်အေးလက်အေးရှိသွားကာ သက်ပြင်းပင် ချနိုင်ပြီ ဖြစ်သည်။

ဟန်ကျိုးလီ နမ်းရှုပ်နေတာကိုလဲ ရှောင်ဖယ်ခြင်း မပြုမိတော့။

ပါးစပ်နှင့် မျက်နှာတွေ ထုံထိုင်းလာသည့်အခါမှ လုမန် သူ့ကို တွန်းပစ်လိုက်ကာ
“ ကျွန်မမှာ လုပ်စရာတွေရှိသေးတယ် ”

လုမန် ခပ်ခွာခွာ နေဖို့ မကြိုးစားတော့သဖြင့် ဟန်ကျိုးလီ မျက်ခုံးတွေပင့်ကာ ကျေနပ်သွားသည်။

လုမန်ကိုယ်လေးကို အောက်သို့ ချပေးလိုက်ကာ စားပွဲပေါ်က စာရွက်စာတမ်းဖိုင်တွဲတွေကို တစ်ချက် ကြည့်လိုက်ပြီး.. ။ 
“ ဘာဖြစ်လို့ ဒီလောက် များရတာလဲ၊ စောစောတည်းက ဖုန်းထဲမှာ မေးချင်နေတာ သူများတွေအားလုံးပြန်သွားပြီးတော့ မင်းတစ်ယောက်ပဲ ဘာဖြစ်လို့ ကျန်ခဲ့တာလဲ ”

“ ကျွန်မက ခုမှ စရောက်တဲ့သူဆိုတော့ သိအောင် လုပ်ရမယ့် အလုပ်တွေ အများကြီးရှိတယ်လေ ”

ယဲ့ရှောင်ရှင်း သူမကို တမင်ခက်ခဲပင်ပန်းအောင်လုပ်ပြီး သိုက်ယီးရန်ကို ဖားဖို့ ကြိုးစားနေတာကို သိသည်။

ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း တားဆီးမည် မရှိဘဲ ပွဲထိုင်ကြည့်ကြ၏။

အဘယ်ကြောင့်ဆိုသော် တစ်အချက် သူတို့ စပ်စုစိန်တွေ မဖြစ်ချင်ကြလို့၊ နှစ်အချက်က သူမကို မကြိုက်လို့ အနိုင်ကျင့်ခံနေရတာကို ကြည့်ပြီး ကျေနပ်အားရနေကြတာဖြစ်မည်။

“ မင်းမှာတော့ သိအောင် လုပ်ရမယ့် အလုပ်တွေအများကြီးရှိပြီး သိုက်ယီးရန်ကျတော့ မရှိဘူးပေါ့လေ ”
ဟန်ကျိုးလီ မေးလာသည်က ကြည်သာခြင်းတစ်စက်မှမရှိ။

သို့သော် လုမန် ဂရုမစိုက်ပါ။
“ သိပါတယ် ကျွန်မခက်ခဲအောင် သူတို့တမင်လုပ်နေတာလို့ ရှင် ထင်နေတာမလား၊ ဒါပေမယ့် ကျွန်မကတော့ အဲ့ဒီလိုမထင်ဘူး၊ ဌာနတစ်ခုမှာ ဝန်ထမ်းအသစ်တွေကို အလုပ်နဲ့ ရင်းနှီးအောင် သိအောင် ထိတွေ့ခိုင်းတယ်ဆိုတာ စိမ်းတဲ့အရာမဟုတ်သလို အလကားလည်း မဟုတ်ဘူး၊ ဒါတွေကို တစ်ရက်လောက် စိစစ်ခွဲထုတ်ပြီးသွားတဲ့အခါ ဒီအလုပ်ကို ကျွန်မတော်တော်နားလည်ပြီလို့ ပြောလို့ရပြီ၊ နောက်ပြီး အရင်က PR ဌာနက ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကေ့စ်တွေမှာလည်း ကောင်းတာတချို့ရှိနေတယ်၊ ဒါကြောင့် အဲ့ဒါတွေကို မှတ်သားပြီး စိတ်ကူးကောင်းလေးတွေလည်း ရလာတယ်၊ ဒီဖိုင်တွဲတွေကို မကြည့်မှသာ ဆုံးရှုံးနစ်နာရမှာပါ ”

လုမန်ပြောတာကို နားထောင်ရင်း ဟန်ကျိုးလီ ဂုဏ်ယူပြီးဂုဏ်ယူလာရကာ သူ့မိန်းကလေးဟာ ဒီလောက်ထူးချွန်သောသူဖြစ်၏။

သူမ ငယ်ရွယ်သေးသည်။ ကုမ္ပဏီတစ်ခုလုံးမှာ အငယ်ဆုံးဖြစ်သော်လည်း အတိုးတက်ချင်ဆုံး အရင့်ကျက်ဆုံးလေး ဖြစ်သည်။

ဘယ်လိုအခက်အခဲ အတားအဆီးများနှင့်ကြုံလာပါစေ ထိုအရာများထဲမှ မျှော်လင့်ချက်ကို ရအောင် ရှာဖွေပြီး ကိုယ့်အတွက် အကျိုးရှိအောင် ပြောင်းလဲယူတတ်လေသူ..။

သူ့မျက်ဝန်းများထဲတွင် နှစ်သက်ဂုဏ်ယူခြင်း များစွာ ရှိနေသဖြင့် လုမန် နည်းနည်းတောင် ရှက်လာသည်။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သိပ်ထူးချွန်ပြောင်မြောက်ပါသည်ဟု လုံးဝ မထင်ဖူးပေ။

အတိတ်ဘဝမှာ သူမကို ဤကဲ့သို့သော နှစ်သက်သဘောကျမှုများနှင့် ကြည့်ရှုသူ တစ်ယောက်မျှ မရှိခဲ့သလို သည်ဘဝမှာတောင် ဟန်ကျိုးလီက ပထမဆုံးလူ ဖြစ်သည်။

ဟန်ကျိုးလီအကြည့်က သူမကို အင်မတန် ထူးချွန်ထက်မြက်သောလူအဖြစ် သူ မြင်နေသည်ဟု ခံစားရစေသည်။

ထို့ကြောင့် လုမန် ထင်သည်က ဟန်ကျိုးလီ သူ့ရဲ့ပုဂ္ဂလိကခံစားချက်တွေကြောင့် ပြုစားခံနေရပြီ။

နောက်ကျတော့ ဟန်ကျိုးလီက ဖုန်းထုတ်ကာ စားစရာပါဆယ်လှမ်းမှာပြီး ကျန့်ထျန်းမင်ဆီကို ဆက်လိုက်၏။
“ ကျုပ်ရုံးခန်းထဲကိုသွားပြီး လက်တော့ပ်ကို PR ဌာနကို ယူလာခဲ့ပါ ”

ဖုန်းချပြီးတာနှင့် သူ့ကို လုမန်က အကြောင်သား ကြည့်နေသည်မို့ ..

“ ကိုယ့်ကောင်မလေးမှာ အလုပ်တွေပုံနေတော့လေ ကိုယ်ကူညီပေးပါရစေ ”
ဟန်ကျိုးလီက ညင်သာစွာ ပြုံးလျက် ရှင်းပြ၏။

သည်အလုပ်တွေပြီးအောင် သူမကို ကူညီပေးဖို့ ဟန်ကျိုးလီ အချိန်ပိုဆင်းကျန်ခဲ့သည်ဆိုတာကို လူတွေ သိသွားကြလျှင် နောက်ကို သူမကို အလုပ်တွေ အများကြီး မပေးရဲတော့လောက်အောင် လန့်ဖျပ်သွားကြလောက်သည်။

မရှေးမနှောင်းတွင် ကျန့်ထျန်းမင်သည် ဟန်ကျိုးလီ၏ လက်တော့ပ်ကို ယူလာခဲ့၏။

အကြည့်တို့သည် ဟန်ကျိုးလီနှင့် လုမန် အကြား ကူးလူးလျက်
“ သူဌေး ”

လက်တော့ပ်ကို သူပေးလိုက်ပြီးသည့်နောက်တွင် ဟန်ကျိုးလီက ခုံတစ်လုံးဆွဲပြီး လုမန်ဘေးမှာ ဝင်ထိုင်သည်။

တော်သေးသည်က ရုံးစားပွဲသည် အကျယ်ကြီးမို့ သူတို့နှစ်ယောက် အတူထိုင်ပြီး သုံးလို့ရလောက်နေ၏။

ကျန့်ထျန်းမင်အကြည့်တို့ လုမန်စားပွဲပေါ်က စာရွက်စာတမ်းဖိုင်တွဲတွေဆီရောက်သွားပြီး
“ ဒါတွေက... ”

ဒါပေမဲ့ လုမန်ရှင်းပြသည်အထိ စောင့်စရာ မလို။ ကျန့်ထျန်းမင် သူ့ဟာသူ သိလိုက်သည်။
“ ကျွန်တော် မနက်ဖြန် ဝူလီကျဲနဲ့ စကားပြောလိုက်ပါမယ် ”


အခန်း [ ၁၄၄ ]

“ မလိုပါဘူး ”
လုမန် ငြင်းဆိုလိုက်သည်။
“ ဒီကိစ္စကို ကျွန်မဘာသာ ရှင်းနိုင်ပါတယ် ”

ကျန့်ထျန်းမင် ဟန်ကျိုးလီဘက်ကို ကြည့်လိုက်သည်။ ဟန်ကျိုးလီ၏ သဘောကို ဆုံးဖြတ်ကိန်းအဖြစ် သုံးတာပိုကောင်းလေ၏။

“ လုမန်ပြောတာကိုနားထောင်လိုက်ပါ ”

သူ့ကောင်မလေးက ကိုယ်တိုင်ဖြေရှင်းချင်သည်ဆိုမှတော့ ကိုယ်တိုင်ပဲ ဖြေရှင်းခိုင်းလိုက်မည်။ သူလုပ်ဖို့လိုအပ်သည်က ဘေးကနေ ကြည့်ဖို့ .. 

ထိုအခါမှ ကျန့်ထျန်းမင်က လက်လျှော့လိုက်ကာ ဟန်ကျိုးလီနှင့် လုမန်တို့၏ နှစ်ကိုယ်တူအချိန်တွေကို မနှောင့်ယှက်မိစေရန် အမြန် ထွက်လာခဲ့လိုက်သည်။

***

ဟန်ကျိုးလီ၏ အကူအညီဖြင့် လုမန် အလုပ်လုပ်သည့် နှုန်းသည် အလင်း၏ အလျင်ကဲ့သို့ မြန်ဆန်သွားသည်။

အလုပ်တွေအားလုံးပြီးသွားသည့်အခါ ဟန်ကျိုးလီက လုမန်ကို ဆေးရုံသို့ ကားမောင်းပို့ပေး၏။

ဆေးရုံကားပါကင်မှာ ကားထိုးပြီးတော့ အချိန်ကို ကြည့်လိုက်သည့်အခါ ၉ နာရီ ၄၀ ဖြစ်နေပြီ။

သည်အချိန်ဆို ရှချင်းဝေ အိပ်နေဖို့က များ၏။ သူများတွေ ရုံးဆင်းချိန်တုန်းကတော့ ရှချင်းဝေဆီကို ဖုန်းဆက်ပြီး အချိန်ပိုဆင်းကာ အလုပ်လုပ်ရမယ့်အကြောင်းကို ပြောထားသည်။ ပြီးတော့ စိတ်မပူဖို့နှင့် စောင့်မနေဖို့ကိုလည်း မှာခဲ့သည်။

“ ဒါဆို ကျွန်မ သွားတော့မယ်နော် ”
ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပေမယ့် လုမန် မိန်းမောတွေဝေနေဆဲ ဖြစ်၏။

ဒီလိုနဲ့ပဲ ဟန်ကျိုးလီနဲ့သူမ တွေ့ပြီး ရုတ်တရက် သူ့ကောင်မလေး ဖြစ်သွားခဲ့တယ်ပေါ့..

အားလုံးက အိပ်မက်မက်နေတဲ့အတိုင်းပဲ..

လုမန် တွေးလိုက်မိသည်။
နောက်မှ သန့်စင်ခန်းထဲကို သွားပြီး ကိုယ့်ပါးကိုယ် နှစ်ချက်လောက်ချကြည့်ရမယ် ဒါ အိပ်မက်လား ဆိုပြီး ..

သူမရဲ့အရင်ဘဝမှာ ဟန်ကျိုးလီဟာ နတ်ဘုရားတစ်ပါးနှယ်ဖြစ်၏။ သူမနှင့် မတူကွဲပြားသော လောကတွင် ရှိနေသည့်ပမာ သူ့အကြောင်းသတင်းတွေကို အင်တာနက်သုံးပြီးတော့ပဲ ရှာဖွေနိုင်တာဖြစ်သည်။

သစ်လွင်သော အဝတ်အစားတွေနှင့် မီးပြောက်တွေအောက်မှာရပ်ပြီး တစ်ကမ္ဘာလုံးရဲ့လေးစားမှုတွေကို သူ ခံယူနေချိန်မှာ သူမက ထောင်ထဲတွင် နေ့တိုင်း ဖျော်ဖြေရေးချိန်ဟု သတ်မှတ်ပေးထားသော အချိန်တိုလေးအတွင်းမှာပဲ သူ့ကို မြင်တွေ့နိုင်ပေသည်။

ဒါပေမဲ့ အခုတော့ ဒီလူနှင့်သူမ အတူရှိနေခဲ့ပြီ..

ပြန်လည်ရှင်သန်လာပြီးနောက်ပိုင်း သူမဘဝဟာ အိပ်မက်တစ်ခု၏ အစိတ်အပိုင်းနှယ်ဖြစ်သည်။ သူမ မနိုးထချင်သော မနိုးထရဲသော အိပ်မက်..

တွေဝေငေးငိုင်ဆဲနှင့် ကားတံခါးကိုဖွင့်ပြီး အပြင်ထွက်ဖို့ ပြင်တော့ အနောက်ကို ရုတ်ခြည်း ပြန်ဆွဲခံလိုက်ရကာ..

“ ဘာတွေတွေးနေတာလဲ ဒီလို စိတ်တွေကိုယ်မှာမကပ်တော့အောင် ”
ဟန်ကျိုးလီက လုမန်မှိုင်တွေတွေလေးဖြစ်နေတာကို မမြင်ဖူးသလို ခေါင်းငုံ့ကြည့်သည်။

အရင်ကမြေခွေးလေးက ခုတော့ ယုန်ပေါက်လေးနှင့် ပိုတူနေသည်။

လုမန် ခေါင်းငုံ့ကာ သူမလက်ကို ဆွဲထားသည့် သူ့လက်ကို ကြည့်လိုက်မိ၏။

ပြီးတော့ သူ့လက်ခုံကို နှစ်ခါလောက် တို့ကြည့်လိုက်ကာ
“ အိပ်မက်များလားလို့ တွေးနေတာပါ ”

ကားထဲမှာ မီးမဖွင့်ထားပေ။ လမ်းမီးတိုင်ကနေ လာသည့် အလင်းရောင်မှိန်ဖျော့ဖျော့လေးနှင့် အနက်ရောင်ကားပြတင်းမှန်ကနေ တောက်ပနေသော လမင်းဆီမှ လရောင်လေးပဲရှိသည်။

ခပ်ငိုက်ငိုက်ကျနေသော သူမမျက်နှာလေးက လှပထင်ရှားနေကာ ဟန်ကျိုးလီ ကြည့်ပြီး အသည်းယားသွား၏။

ရုတ်တရက် သူ့ထိုင်ခုံခါးပတ်ကို ညှိလိုက်မိကာ လုမန်ကို လက်တံရှည်တွေနှင့် ဆွဲယူ၍ သူ့ပေါင်ပေါ်မှာ ထိုင်စေလိုက်သည်။

ထိုအခိုက် သူ့လက်တို့သည် ချိန်းကြိုးများသဖွယ် လုမန်ကို တင်းကျပ်စွာ ရစ်နှောင်ရင်း သူ၏ ရင်ခွင်နိဗ္ဗာန်မှာ ပွေ့ဖက်ထိန်းသိမ်းထားတော့လေသည်။

ညက မှောင်နေသလို ကားထဲမှာလည်း အလင်းရောင်မရှိ။ ဟန်ကျိုးလီရဲ့ကိုယ်သင်းနံ့က သူမကို လွှမ်းခြုံနေကာ အဝတ်အစားတွေပေါ်မှာ ခန္ဓာကိုယ်ပေါ်မှာ နေရာတကာမှာဖြစ်၏။

လုမန် မျက်နှာလေး နည်းနည်း မော့လိုက်တော့ ပန်းပုထုထားသလို ပိရိသေသပ်သော မေးရိုးကို မြင်ရသည်။

ထိုကနေ ရုတ်တရက်ကြီး စိတ်ဂနာမငြိမ်ဖြစ်ကာ လုမန် သူ့ကို နမ်းချင်လာ၏။

အရင်က ဟဲကျိန့်ပိုင်နှင့် တွဲနေတုန်းက ဒီလိုခံစားချက်မျိုး မဖြစ်ဖူးသလို ပွတ်သီးပွတ်သပ်နေချင်တာမျိုးလည်း မဖြစ်။

ဟန်ကျိုးလီနှင့်ကျမှ သူမလည်း ဘာကိုမှမမှုဘဲ နှာဘူးလုံးလုံး ဖြစ်ပြီ ထင်ပါသည်။

ကိုယ့်ဘာသာ တွေးနေတုန်း အရိပ်တစ်ရိပ် ခေါင်းပေါ်ကနေ ကျရောက်လာ၏။

နောက်တော့ နှုတ်ခမ်းတွေ အနမ်းခံလိုက်ရကာ..

“ အဲ့ဒီလိုမျိုးမကြည့်နဲ့ .. ကိုယ် မင်းကို တကယ် နှောင့်ယှက်မိလိမ့်မယ် ”
သူမနှုတ်ခမ်းတွေကို ဖွဖွငုံခဲထားရင်း ဟန်ကျိုးလီ ထိုသို့ ပြောခဲ့၏။

ခုနက သူ့ကို မော့ကြည့်သည့် သူမမျက်ဝန်းတွေ တောက်ပပြီး တည်ငြိမ်မှုပျောက်ဆုံးနေခဲ့ခြင်းက သူ့ဆီမှာ သူမကို နှောင့်ယှက်ချင်စိတ်တွေ ဖြစ်ပေါ်လာစေ၏။

ထင်သည့်အတိုင်း ဟန်ကျိုးလီ မခံစားနိုင်သဖြင့် သူမနှုတ်ခမ်းအိမ်လေးကို အရင်နှောင့်ယှက်ဖို့ ဆုံးဖြတ်ခဲ့သည်။

လုမန်နှုတ်ခမ်းတွေကို သူ ဝါးမျိုနေသည်လား မှတ်ရ၏။ ပူပူစပ်စပ်နှင့် ကြောက်ဖို့ကောင်း၏။ 

ရုတ်တရက် ဟန်ကျိုးလီက ကိုက်ပစ်သည်မို့ နှုတ်ခမ်းတွေ နာကျင်သွားသည်။


အခန်း [ ၁၄၅ ]

လုမန် တအံ့တသြ ကြည့်လိုက်မိ၏။ နမ်းတာက နမ်းပါ ဘာကိစ္စ ကိုက်ရတာလဲ!! 

သူက သူမနှုတ်ခမ်းတွေကို တစ်တိတိကိုက်ရင်း တိုးသဲ့စွာ ရယ်သည်။

အသံသည် သတ္တုနှင့် ကျောက်စိမ်းတို့ အချင်းချင်း ထိခတ်မိသည့်ပမာ ထွက်ပေါ်ခဲ့၏။ ဝင်သက်ထွက်သက်နှာလေက သူမနှုတ််ခမ်းတွေကနေ ခံတွင်းထဲသို့ တိုးဝင်လုနီး ညင်သာစွာ ဖြတ်တိုက်လျက်ရှိသည်။

“ နာလား ”
ဟန်ကျိုးလီမျက်ဝန်းတွေက လခြမ်းကွေးပမာ။

“ သိချင် ရှင် ခံစားကြည့်ပါလား ”
လုမန် သူ့ကိုလည်း ကိုက်ပစ်လိုက်၏။

သို့ပေမယ့် ဟန်ကျိုးလီကတော့ နာကျင်မှုကို နည်းနည်းမျှ မခံစားရပေ။ သူ နာသွားမှာစိုးလို့ လုမန်က ဖွဖွလေးကိုက်တာဖြစ်၏။

“ နာတယ်ဆိုရင် အဲ့ဒါ အိပ်မက်မဟုတ်ဘူး ”
ဟန်ကျိုးလီ သူပဲ အလျှော့ပေးလိုက်ကာ သူမနှုတ်ခမ်းတွေကို မြတ်မြတ်နိုးနိုး နမ်းလိုက်သည်။

သူ ထွေးပွေ့ထားခြင်းသည် တင်းကျပ်သော်ငြား လွန်စွာ ပူသည်။

သူ၏ ရင်ဘတ်နှင့် တံတောင်တွေသည် ကျောက်သားကဲ့သို့ မာကျော၏။

နမ်းသည့်အခါ ပြင်းထန်ပြီး အထိအတွေ့ကအစ လွန်စွာ လက်တွေ့ကျသလိုခံစားရ၏။ 

နှုတ်ခမ်းတွေကို ကိုက်တော့လည်း နာသွားတာက တကယ်ပဲ ဖြစ်သည်။

ဒါ အိပ်မက်မဟုတ်တာကို လုမန် သိပါသည်။ သို့သော် တစ်မျိုးကြီး ခံစားမိနေတုန်း ဖြစ်ကာ..

အရင်ဘဝက ကံဆိုးခဲ့လွန်းတော့ ကံနည်းနည်းတက်လာတဲ့အခါ လန့်နေမိတာထင်သည်။

လုမန် နှုတ်ခမ်းတွေ လျှာတွေ ပူထူထုံထိုင်းလာသည့်အခါမှ သူက လွှတ်ပေးလေသည်။

ပြီးတော့ ကားကို ဆေးရုံအဆောက်အဦရှေ့သို့ မောင်းသွားလိုက်ကာ သူ့အခြေအနေသူ ခေါင်းငုံ့ကြည့်ပြီး သက်ပြင်းချ၏။
“ ဒီအခြေအနေကြီးနဲ့ အန်တီ့ကိုတွေ့ဖို့ မတော်ဘူးထင်တယ်.. ”

လုမန် သူ့ကို လှည့်ကြည့်လိုက်သည်။

ဟင်..

သူ့ဘောင်းဘီတစ်နေရာမှာ တော်တော်ကို ဖုဖုဖောင်းဖောင်း စူထွက်နေသည်။ လုမန် မျက်လုံးတွေပြာကာ ချက်ချင်းအကြည့်လွှဲပစ်လိုက်မိ၏။ 

ကားထဲမှ အပူချိန်သည် ရုတ်တရက်ကြီး သိသိသာသာ မြင့်တက်လာခဲ့သလို..။

လုမန် မျက်နှာတွေပူနေပြီဖြစ်ကာ ကားတံခါးကို ထွက်ပြေးတော့မတတ် ဖွင့်လိုက်ရင်း.. 
“ အာ့ဆို ကျွန်မ အရင်သွားနှင့်ပြီ ဘိုင့်ဘိုင် ”

ကားပေါ်က ဆင်းပြီးသည်တွင်တောင် အနက်ရောင် ကားပြတင်းပေါက်ကနေ ကပ်ပါလာမည့်ဟန်ကျိုးလီအကြည့်တွေကို ခံစားမိသည်။

လုမန် နှလုံးခုန်သံတွေ ကဆုန်ပေါက်သလိုဖြစ်ပြီး ဆေးရုံထဲသို့ ပြေးဝင်လိုက်ချိန်မှာ ခြေလှမ်းတွေတောင် မှား၏။

ထိုအချိန်မှာ ဟန်ကျိုးလီက လုမန်ရဲ့ပုံရိပ်လေး သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ ချစ်စနိုး ပြုံးလိုက်သည်။

ထို့နောက် ခေါင်းငုံ့ပြီး သူ့ဟာသူကြည့်မိပြန်တော့ သက်ပြင်းတွေ ချမိလေသည်။ 

သူ ဘာဖြစ်လို့ လုမန်နဲ့ဆိုရင် မခံစားနိုင်တာလဲ..

***

လူနာခန်းကို လုမန် ပြန်ရောက်တော့ ရှချင်းဝေက ခုတင်ပေါ်မှာ လှဲနေပြီ ဖြစ်သည်။

တံခါးဖွင့်သံကိုကြားတာနှင့် လှည့်ကြည့်လာ၏။
“ မန်မန် ပြန်လာပြီလား ”

“ မေမေ မအိပ်သေးဘူးလား ”
လုမန်က အနားလျှောက်သွားလိုက်ကာ..
“ သမီးက မစောင့်ဖို့ ပြောထားတယ် မှတ်တာ ”

ရှချင်းဝေ ခပ်ဖြည်းဖြည်း ထထိုင်လိုက်သည်။
“ တစ်နေ့လုံး ဘာမှမလုပ်ရဘဲ လှဲပဲလှဲနေရတော့ ခုထိ အိပ်ချင်စိတ်မဖြစ်ဘူး၊ သမီးကလည်း မပြန်သေးတာနဲ့ သမီးအကြောင်း တွေးနေတာ ”

ခုချိန် လူနာခန်းထဲမှာ သူမတို့တွေပဲရှိတာကြောင့် လုမန် ဒီမှာပဲ အဝတ်လဲလိုက်သည်။

“ ခုမှ ဒုတိယမြောက်နေ့ပဲရှိသေးတယ် ဘာဖြစ်လို့ အလုပ်တွေသိပ်များတာလဲ၊ လုပ်ဖော်ကိုင်ဖက်တွေက အနိုင်ကျင့်နေတာလား ”

“ ဟင့်အင်း .. မစိုးရိမ်ပါနဲ့ သမီးက ဒီနယ်ပယ်မှာ မကျွမ်းကျင်လို့ပါ၊ PR ဌာနမှာ အလုပ်ရတာပဲ ကျေးဇူးတင်စရာ ကောင်းနေပါပြီ၊ အဲဒါကြောင့် အရင်ကဖြစ်ခဲ့ဖူးတဲ့ကေ့စ်တွေအားလုံးကို ကိုယ့်ဘာသာ သိအောင် လုပ်ပြီး လေ့လာနေတာပါ။ သူများအတွက် ဝန်ထုပ်တစ်ခုမဖြစ်ချင်ဘူးလေ ”

“ ဟုတ်သားပဲ ”
ရှချင်းဝေက သံသယမဖြစ်ပေ။
“ ရှောင်ဟန်လည်း ရှိနေတာပဲကို၊ သူက သမီးအနိုင်ကျင့်ခံရတာကို သေချာပေါက် ကြည့်နေမှာ မဟုတ်ဘူး ”

လုမန် ထူးဆန်းသည်ထင်၏။ ရှချင်းဝေက ဟန်ကျိုးလီနဲ့ နှစ်ခါလား တွေ့ရသေးတာ.. ဘာဖြစ်လို့ ဒီလောက်တောင် ယုံကြည်နေရတာလဲ ?

***

နောက်တစ်နေ့ လုမန် အလုပ်သွားခဲ့သည်။ ထုံးစံအတိုင်း ယဲ့ရှောင်ရှင်းက ဖိုင်တွေအထပ်လိုက် ထပ်ပေးလာပြန်၏။ 

ယဲ့ရှောင်ရှင်းနှင့် သိုက်ယီးရန်တို့သည် လုမန် တုလင်းကိစ္စအတွက် အဆိုပြုလွှာရေးဖို့ စဥ်းစားချိန်မရအောင် လုပ်နေသကဲ့သို့ မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသည့် အကြည့်တွေရှိနေသည်။

သို့သော် သူ့တို့အဖို့ သိက္ခာကျသော အလုပ်ဖြစ်နေနိုင်သည့် သည်ဖိုင်တွေအားလုံးသည် လုမန်အဖို့တော့ အရေးပါအရာရောက်သော လေ့လာစရာ အခွင့်အလမ်းတွေ ဖြစ်နေခဲ့၏။

ပြီးတော့ သူမက သူတို့လုပ်ငန်းခွင်နယ်ပယ်က မဟုတ်သဖြင့် ဗဟုသုတနှင့်ကျွမ်းကျင်မှုပိုင်းမှာ ဟာနေတာတွေရှိသည်။ ထို့ကြောင့် ဒီီဖိုင်တွေဟာ အချိန်တိုအတွင်း ဒီနယ်ပယ်အကြောင်းကို သိမြင်နိုင်ဖို့ရာအတွက် အကောင်းဆုံးဖြစ်၏။ 

ဒါပေမယ့် ယဲ့ရှောင်ရှင်းနှင့် သိုက်ယီးရန်တို့မှာ ကြာကြာ စိတ်ကြီးမဝင်လိုက်ရ၊ ကျန့်ထျန်းမင်က နောက်ထပ်ဖိုင်တွေနှင့် ရောက်ချလာသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now